Saturday, December 28, 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် မကြာမီချုပ်ဆိုမည်

Saturday, 28 December 2013



နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သော အီးယူနှင့် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ရန် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား မကြာမီ ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

''အီးယူကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တွေလုပ်ဖို့ စ၀င်နေပါပြီ။ EU နဲ့ ကျွန်တော်တို့နဲ့ Investment protection Agreement လက်မှတ်ထိုးဖို့ ရှိပါတယ်။ မူအားဖြင့် သဘောတူပြီး သွားပါပြီ။ မကြာမီမှာ ဆွေးနွေးမှုတွေ စတော့မှာပါ။ ဒီ Agreement လက်မှတ်ထိုးပြီးသွားရင် အီးယူဘက်ကစပြီး ၀င်လာဖို့ ရှိပါတယ်။ အခုဆိုရင် ပြင်သစ်တို့၊ လူဇင်ဘတ်တို့၊ ဘာတို့ ပြန်ဝင်လာပြီ။ ဆွစ်ဇာလန်က ၀င်လာပါပြီ'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအကြောင်း အရာများနှင့် ပတ်သက်၍ ပြီးခဲ့သည့်၂၀၁၃ ခုနှစ် မေ ၁၅ ရက်က ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် နယ်သာလန် အခြေစိုက် TNI နှင့် ပေါင်းကူးတို့မှ စီစဉ်ကျင်းပခဲ့သော ''နိုင်ငံတကာနဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များနှင့် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်ခြေများ'' ဆိုသည့် သတင်းစာ ရှင်းလင်းပွဲတွင်မူ စာချုပ်များအား မလိုအပ်လျှင် လက်မှတ်မထိုးသင့်ကြောင်း၊ နိုင်ငံများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်လိုသောကြောင့် ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုစာချုပ် ချုပ်ဆိုတတ်ကြောင်း၊ သို့သော် စာချုပ်ချုပ်ဆိုပြီးပါက အစိုးရအနေနဲ့ ပေါ်လစီတစ်ခုခုကို အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲမည် ဆိုပါက ကုမ္ပဏီများက နိုင်ငံတကာ ခုံရုံးတင်၍ တရားဆွဲဆို နိုင်ကြောင်း၊ ထိုကုမ္ပဏီများကလည်း နိုင်ငံတကာ ရှေ့နေများနှင့် ချိတ်ဆက်ထားလေ့ ရှိကြောင်း၊ ထို့အတွက် စာချုပ်ပါ အချက်အလက်များကို သေသေချာချာ သတိထားပြီးမှသာ ထိုးသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

''မှန်ပါတယ်။ ကျွန်တော်တို့က Investment protection Agreement တွေချုပ် ဆိုတဲ့အခါ Guide line တွေရှိပါတယ်။ အဲဒီက Guide line တွေ လွတ်မသွားဖို့ အရေးကြီးပါတယ်။ ဒါက နံပါတ်တစ်ပေါ့။ နံပါတ်နှစ်ကကျတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အလမ်းတွေ၊ ကိုယ့်ရဲ့အခြား ဥပဒေတွေနဲ့ ညှိရပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က စဉ်းစားရပါတယ်။ International Agreement ကိုလည်း လိုက်နာရင်း တစ်ခါတည်း စဉ်းစားရတာက ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေကိုလည်း ပြန်ကြည့်ရတာပါ။ ကြည့်တဲ့အခါမှာ ဥပမာဆိုပါတော့ လက်မှတ်ထိုးတာ ချက်ချင်းတော့ မထိုးပါဘူး။ ဂျပန်နဲ့ ကျွန်တော်တို့ လက်မှတ်ထိုးတယ် ဆိုပါတော့ တစ်နှစ်ခွဲလောက် ဆွေးနွေးပြီးမှ လက်မှတ်ထိုးတာပါ။ သူနဲ့ကိုယ်နဲ့ အလျှော့အတင်း လုပ်တာတွေရှိတယ်။ ခြုံပြောရရင်တော့ ကျွန်တော်တို့ လက်မှတ် ထိုးတိုင်း ထိုးတိုင်း အနာဂတ်မှာ အလားတူ ဖြစ်ရပ်မျိုးတွေ မဖြစ်အောင် ကိုယ့်ရဲ့ ပကတိ အခြေအနေနဲ့ ချိန်ဆပြီးမှ ထိုးရမှာပါ။ နောက်ဖြစ်ပေါ် လာနိုင်တဲ့ အလားအလာ၊ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေ တဲ့ပြန်ချိန်ညှိပြီးတော့မှ လုပ်တာပါ။ အစည်းအဝေးတွေ အများကြီး လုပ်ရပါတယ်။ ဖြစ်နိုင်ခြေ နည်းပါတယ်။ အရမ်းကာရော ထိုးတာမဟုတ်ဘဲ အခြေအနေ အရပ်ရပ်ကို ချိန်ဆပြီးမှ ထိုးတာပါ။ နောက်တစ်ပိုင်းကလည်း MIC ကလည်း ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်မပြုခင်မှာ အဲဒါမျိုးတွေကို ထည့်စဉ်းစားပါတယ်။ စံချိန်စံညွန်းနဲ့ ညီရဲ့လား၊ ကိုက်ရဲ့လား စဉ်းစားပါတယ်။ တစ်ဖက်ကလည်း Investment protection စာချုပ်တွေက ဆိုးတာရှိသလို ကောင်းတာလည်း ရှိပါတယ်။ ဥပမာ ဒီလို Bilateral Investment protection Agreement ရှိခြင်းအားဖြင့် ဟိုဘက်နိုင်ငံက လူတွေက ဒီဘက်ကို စိတ်ချလက်ချ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုရတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့လည်း အထောက်အကူ ဖြစ်တယ်လို့လည်း မြင်ပါတယ်'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

အီးယူနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဆိုရန် အတွက်ကိုမူ ၂၀၁၂ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အီးယူခရီးစဉ်အတွင်း ကတိက၀တ် ပြုခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...