Saturday, December 28, 2013

မန္တလေးမြို့ ချော်ဆိပ်တွင် ကျောက်တင် သင်္ဘောတစ်စင်း ဂက်စ်အိုးပေါက်ကွဲရာမှ နစ်မြုပ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး


Saturday, December 28, 2013




ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကျောက်တင်သင်္ဘောအား တွေ့ရစဉ်

ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီ ကျော်ခန့်က မန္တလေးမြို့ ချော်ဆိပ်တွင် ဆိုက်ကပ်ရပ်နားထားသော ကျောက်တင်သင်္ဘော တစ်စင်း၌ ဂက်စ်အိုးပေါက်ကွဲကာ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သင်္ဘောကျောက်ဆူးအား ဂဟေဆော်ရာမှ အနီးရှိ ဂက်စ်အိုးမှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံစများ လွင့်စဉ်မှုကြောင့် ဆိပ်ကမ်းပေါ်တွင် ရှိနေသည့် အမျိုးသမီး တစ်ဦးအား ထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အတူ ဂဟေဆော်နေသူ လေးဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သင်္ဘောမှာလည်း နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

''ကျောက်ဆူးချတာကို ဂဟေဆော်ရင်းဘေးမှာ ဂက်စ်အိုးရှိတော့ အပူကူးပြီး ပေါက်ကွဲမှုဖြစ်တာ။ သံစတွေလွင့်စဉ်ပြီး ထိမှန်လို့ ဆိပ်ကမ်းပေါ်မှာ ရှိနေတဲ့ အမျိုးသမီးတစ်ဦး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ အလုပ်သမား လေးဦးလည်း ဒဏ်ရာရတယ်။ သဘောင်္က ပေ ၃၀၀ လောက် အရှည်ရှိတယ်'' ဟု မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''၀ုန်းဆိုတဲ့ အသံက တော်တော်ပြင်းတယ်။ ကမ်းနားလမ်း အနီးပတ်ဝန်းကျင်မှာ နေတဲ့သူတွေ အကုန်လုံး ထိတ်လန့်ကုန်တာ။ တုန်ခါအားကလည်း အရမ်းပြင်းပြီး ဘုရားစင်မှာရှိတဲ့ ပန်းအိုးတွေတောင် အကုန်လဲကျ သွားခဲ့တာ'' ဟု လမ်း ၉၀ တွင် နေထိုင်သူ ကိုပုဏ္ဍားက ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သင်္ဘောရေယာဉ်မှူး ကိုသန်းနိုင်နှင့် ဂဟေဆော်လုပ်သား ကိုအာနိုးတို့အား ပုဒ်မ ၃၀၄/ ၃၃၈/၂၈၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...