Saturday, December 28, 2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ အချိန်မရွေး ပျက်ပြားနိုင်၍ သက်ဆိုင်သည့် အဖွဲ့အားလုံးက အလျှော့ပေး ညှိနှိုင်းရန် လိုအပ်ကြောင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ပြောကြား

Saturday, 28 December 2013



မြစ်ကြီးနားမြို့တွင် နိုဝင်ဘာလက ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အတွက်မှာ သက်ဆိုင်သည့် အဖွဲ့အားလုံးက အလျှော့ပေး ညှိနှိုင်းရန် လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်ဟု Channel News Asia (CNA) သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ အချိန်မရွေး ပျက်ပြားသွားနိုင်သည့် အတွက်ကြောင့် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များအနေဖြင့် အောင်မြင်မှု ရရှိစေရန် အစွမ်းကုန်ကြိုးစား ကြရမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး တစ်ဦးလည်းဖြစ်သူ ဦးအောင်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်လိုက်ရင် နိဂုံးမှာ ပျက်စီးသွားရတာ မျိုးတွေရှိပါတယ်။ မြန်မာလည်း ဒီလိုမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလိုမျိုး မဖြစ်အောင် အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက ပူးပေါင်းလုပ်ကိုင်မှ ရမှာပါ။ အဲဒီအတွက် ယုံကြည်မှုကို အရင်တည်ဆောက် ရပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့ကို ပိုမိုပူးပေါင်း ဆောင်ရွက်စေပြီး ငြိမ်းချမ်းရေးကို ရနိုင်ပါလိမ့်မယ်'' ဟု CNA နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဦးအောင်မင်းက ပြောကြားသည်။

''ကမ္ဘာပေါ်က ဘယ်နိုင်ငံမဆို ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချက်ချင်း လက်မှတ်ရေးထိုး နိုင်ခဲ့တယ်လို့ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကမ္ဘာပေါ်မှာ အခက်ဆုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအုပ်စု ၁၆ ခုထိ ရှိနေပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် တစ်ဖွဲ့နှစ်ဖွဲ့လောက်ပဲ ရှိတာပါ။ ဒ့ါကြောင့် ကျွန်တော်တို့ အနေနဲ့က အဲဒီလက်နက်ကိုင် တိုင်းရင်းသား ၁၆ ခုလုံးနဲ့ ဆွေးနွေးရတဲ့အတွက် အချိန်ယူရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လျင်မြန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်တွေက ထိပ်ပိုင်းအဆင့်တွေမှာ သဘောတူညီပြီး ပေမဲ့လည်း အောက်ပိုင်းက ခေါင်းမာနေတဲ့သူတွေ ရှိနေပါတယ်။ အဲဒီအတွက် အခုလို တိုက်ပွဲလေးတွေ ဖြစ်ပွားနေရတာပါ'' ဟု ဦးအောင်မင်းက CNA ကို ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုကို လျော့ချနိုင်ခဲ့သော်လည်း ယခုအချိန်ထိ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိလာခြင်း မရှိသေးပေ။ အစိုးရက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် သဘောတူ လက်မှတ်ရေးထိုး ချင်သော်လည်း ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းခဲ့ရပြီး ယခုအခါ နောက်တစ်ကြိမ်အဖြစ် ထပ်မံရွှေ့ဆိုင်း ခဲ့ရပြန်ပြီဖြစ်သည်။ သို့သော်လည်း အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးများ မကြာမီအချိန်တွင် ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးအောင်မင်းက ပြောကြားသည်။

''ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အောင်မြင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ နည်းဗျူဟာအသစ်နဲ့ လုပ်ကိုင်နေပါတယ်။ အရင်ကနဲ့ မတူအောင် အခုကျွန်တော်တို့ အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို အခွင့်အရေးတွေ ပေးနေပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကိုလည်း ကျွန်တော်တို့ သိထားပြီးတော့ လိုက်လျောမှုတွေ လုပ်ပေးဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ မအောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး'' ဟု CNA အင်တာဗျူး၌ ပြောကြားသည်။

''အစိုးရအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ သဘောတူညီချက် မရနိုင်ဘူးလို့ ဝေဖန်ချင်တဲ့ သူတွေအတွက် အရမ်းစောနေပါသေးတယ်။ ကျွန်တော်ကတော့ အလုပ်နဲ့ သက်သေပြသွားမှာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

CNA အင်တာဗျူး၌ ဦးအောင်မင်းက ထိုသို့ပြောကြား ခဲ့သော်လည်း မြန်မာအစိုးရက ဖော်ဆောင်နေသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပွဲမှာ လွယ်လင့်တကူ ဖြစ်လာမည့် အခြေအနေတွင် ရှိမနေပါ။ ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက KIO ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘော တူညီချက် ၁၁ ချက်ကို ရယူနိုင်ခဲ့သည်။ သို့သော် ထိုညီလာခံအပြီး ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနား ဆွေးနွေးပွဲတွင် ဘုံသဘောတူညီချက် ၁၁ ချက်တွင် ပါဝင်သော အကြောင်းအရာ အားလုံးကို အစိုးရက လက်ခံသဘောတူညီခြင်း မရှိခဲ့သည့်နည်းတူ အစိုးရဘက်မှ အသစ်တင်သွင်းလာသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ရာနှုန်းပြည့် သဘောမတူ ခဲ့ကြပေ။

ထို့အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကရင်ပြည်နယ် KNU နယ်မြေတွင် ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့ကြပြီး ထိုအစီအစဉ်ကို ဒီဇင်ဘာလအတွင်း ပြုလုပ်ရန် ရည်မှန်းခဲ့ကြသည်။ ထိုသို့ ရည်မှန်းခဲ့သော်လည်း နေရာထိုင်ခင်း မလုံလောက်မှုနှင့် ကြိုတင်ပြင်ဆင်ချိန် နည်းပါးခြင်း အကြောင်းပြချက်များဖြင့် ဇန်န၀ါရီတွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ဇန်န၀ါရီ၌ ပြုလုပ်ရန် စီစဉ်ထားမှုမှာလည်း မရေရာသော အခြေအနေတွင် ရှိနေပြီး ဖေဖော်ဝါရီသို့ ထပ်မံရွှေ့ဆိုင်းရန် ရှိနေသည်။ အစိုးရဘက်ကမူ ပြည်ထောင်စုနေ့ မတိုင်မီအချိန်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေသည်။

လက်ရှိအခြေအနေများအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တောင်ပိုင်းအုပ်စုနှင့် မြောက်ပိုင်းအုပ်စုဟူ၍ ကွဲလွဲမှုများ ရှိနေကြောင်း The Daily Eleven က စုံစမ်းသိရှိရသည်။ တောင်ပိုင်းအုပ်စုတွင် KNU နှင့် RCSS အဖွဲ့တို့က အဓိက ဦးဆောင်နေပြီး အစိုးရ၏ သဘောထားနှင့် နီးစပ်သူများဟူ၍ သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် တောင်ပိုင်းအုပ်စုသည် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WGEC) တွင် အဓိက ပါဝင်နေသည်။ မြောက်ပိုင်းအုပ်စုတွင်မူ KIO က အဓိက ဦးဆောင်ထားပြီး အစိုးရ၏ သဘောထားနှင့် မနီးစပ်သူများဟူ၍ သတ်မှတ်ထားသည်။ KIO အပါအ၀င် မြောက်ပိုင်းအုပ်စုတွင် ပါဝင်နေသော TNLA တို့မှာ အစိုးရနှင့် ယနေ့အချိန်အထိ တိုက်ပွဲဆက်ဖြစ်နေသည့် လက်နက်ကိုင် အဖွဲ့များဖြစ်သည်။ မြောက်ပိုင်းအုပ်စုသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် နီးစပ်မှုရှိပြီး UNFC ခေါင်းဆောင်မှာ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်သည်။ KIO ဌာနချုပ် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် UNFC ကို ဖိတ်ကြားခဲ့သော်လည်း WGEC ကို ဖိတ်ကြားခြင်း မရှိသည့်နည်းတူ ကရင်ပြည်နယ် KNU နယ်မြေတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များ ဒုတိယညီလာခံသို့ UNFC အဖွဲ့အား ဖိတ်ကြားမည် မဟုတ်ဟု KNU က ပြောကြားသည်။ ထိုအချက်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း စုံစမ်းသိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် UNFC၊ WGEC အစရှိသဖြင့် ကွဲပြားမှုများ ရှိနေမည် မဟုတ်ဘဲ လိုင်ဇာဘုံသဘော တူညီချက် ၁၁ ချက်အတိုင်း လုပ်ဆောင်မည်ဟု ပြောဆိုထားသော်လည်း ကရင်ပြည်နယ်တွင် ပြုလုပ်မည့် ညီလာခံအတွက်ကိုမူ စိုးရိမ်မှုများရှိသည်။ ထိုဆွေးနွေးပွဲတွင် အစိုးရနှင့် နီးစပ်မှုရှိနေသော KNU နှင့် RCSS အဖွဲ့တို့က မည်မျှအထိ လွှမ်းမိုးမည် ဆိုသည်ကို သံသယ ရှိနေကြပြီး အစိုးရနှင့် သဘောထား ကွဲမှုများအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြားတွင်လည်း အဖွဲ့တွင်း သဘောထား ကွဲမှုများနှင့် ရင်ဆိုင်ရကြောင်း သိရသည်။

CNA ၏ ဖော်ပြချက်တွင် အစိုးရက ပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံ အနေဖြင့် သီရိလင်္ကာနှင့် မြောက်အိုင်ယာလန်တို့တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများကို နမူနာယူ လေ့လာနေသည်ဟု ဆိုသည်။ ထိုဥပမာများ အတိုင်းပင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေးသည် မလွယ်ကူကြောင်း ပြောဆိုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အာဆီယံ ခေါင်းဆောင်များ စုစည်းမိချိန်၌ မြန်မာနိုင်ငံ၏ အောင်မြင်သော ငြိမ်းချမ်းရေး သဘောတူညီချက် သတင်းစကားကို တင်ပြနိုင်ပါ လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...