Saturday, December 28, 2013

ယနေ့ ပြုလုပ်မည့် NLD ပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်

Saturday, December 28, 2013



ရန်ကုန်မြို့၌ မေလက ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်

ဒီဇင်ဘာ ၂၈ ရက်(ယနေ့) ပြုလုပ်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြီးခဲ့သည့် မေလက ပြုလုပ်ခဲ့သည့် ပထမအကြိမ် အစည်းအဝေးတွင် အဖွင့်အမှာစကားနှင့် နိဂုံးချုပ် အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုဒုတိယအကြိမ် အစည်းအဝေးတွင်မူ တက်ရောက်ဖြစ်မည် မဟုတ်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ပြီး ဖြစ်ခြင်းနှင့် ဇန်န၀ါရီအတွင်း ခရီးစဉ်များသွားရန် ရှိနေခြင်းကြောင့် ဗဟိုကော်မတီ အစည်းအဝေးကို မတက်ရန် ၎င်းကိုယ်တိုင် အကြံပေးထားခြင်း ဖြစ်သည်ဟု NLD ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

''ချင်းကို သွားဖြစ်မှာက ဇန်န၀ါရီ ၆ ရက်မှာပါ။ အဲဒီကိုသွားရမှာက လေးရက်တောင်ဆိုတော့ အဲဒီကပို အရေးကြီးတယ်လေ။ စီစီကတော့ ဘာပဲဖြစ်ဖြစ် စီအီးစီမှာလည်း မူချပေးပြီးပြီ ဆိုတော့ အဲဒါကြောင့်မို့ မသွားတာပါ။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ပါ။ ချင်းပြည်နယ် သွားပြီးရင် လွှတ်တော် တက်ရမှာလည်း ရှိသေးတာကိုး။ ခွဲပြီးကာစမှာတော့ ဘာပဲဖြစ်ဖြစ်နားဖို့ ကောင်းတဲ့ အတွက်ကြောင့် ဒီလကုန်အထိ အားလုံးကို နားခိုင်းလိုက်တာပါ'' ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။

အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် Bunion ဟု ခေါ်သော ခြေမအတွင်းဘက်သို့ ယိုင်သည့် ဝေဒနာဖြင့် လမ်းလျှောက်လျှင် နာကျင်သောကြောင့် ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ အာရှတော်ဝင် ဆေးရုံ၌ ခြေမနှစ်ဖက်စလုံးကို ခွဲစိတ်ကုသခဲ့ရပြီး ယခုလကုန်အထိ ခရီးစဉ်အားလုံးကို ဖျက်သိမ်းကြောင်း ဒီဇင်ဘာ ၂၁ ရက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုအလုပ် အမှုဆောင်များလည်း ပါဝင်မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းမည့် အစီရင်ခံစာအပေါ် အတည်ပြုချက် ရယူခြင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း အသီးသီးမှ ဒေသတစ်ခုချင်းစီအလိုက် အစီရင်ခံစာ တင်သွင်းခြင်း များကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

''ပြည်ထောင်စု တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ဟာရယ်၊ ကိုယ့်ပြည်နယ် တစ်ခုလုံးက အကြောင်းအရာရယ်၊ အဲဒါတွေကို တင်ရမှာပါ။ နိုင်ငံရေး တစ်ခုတည်းတော့ မဟုတ်ဘူး။ ကိုယ့်ပြည်နယ်နဲ့ တိုင်းဒေသမှာ NLD အနေနဲ့ လှုပ်ရှားမှုတွေပေါ့။ ကျွန်မတို့ကတော့ ကလောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်မှုတွေ ပါတယ်။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ လိုက်ပြီးရှင်းလင်း တင်ပြထားတာ တွေပါမယ်။ နောက်တစ်ခုက ရှမ်းပြည်တစ်ဝန်းလုံးမှာ ဘိန်းစိုက်ပျိုးမှုက အရင်နှစ်တွေကထက် ပိုမိုမြင့်တက်တယ်။ သုံးစွဲမှု အနေအထားလည်း ပိုမိုမြင့်တက်တယ်။ အဲဒါတွေက စိုးရိမ်စရာကောင်းတဲ့ အကြောင်းလည်း ပါပါတယ်'' ဟု ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ တောင်ကြီးမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံး ညီလာခံကို မတ် ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါ ညီလာခံမှ ဗဟိုကော်မတီဝင် ၁၂၀ ဦးကို ရွေးချယ်ခဲ့ကာ ခြောက်လတစ်ကြိမ် ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...