Saturday, December 28, 2013

ကမ္ဘာလှည့် ခရီးသည်များ တင်ဆောင်လာသော M.S VOYAGER နှင့် M.S AZAMARA အပျော်စီး သင်္ဘောများ သီလ၀ါ ဆိပ်ကမ်းနှင့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းများသို့ ရောက်ရှိ


Saturday, December 28, 2013



ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် MS.VOYAGER သင်္ဘောကို တွေ့ရစဉ်

ကမ္ဘာလှည့် ခရီးသည်များ တင်ဆောင်လာသော MS.VOYAGER အပျော်စီး သင်္ဘောနှင့် MS.AZARAMA JOURNEY အပျော်စီး သင်္ဘောများသည် ဒီဇင်ဘာ ၂၇ ရက်၌ သန်လျင်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါနှင့် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းများသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

သန်လျင်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါ၌ ခရီးသည် ၆၅၆ ဦးနှင့် သင်္ဘောအမှုထမ်း ၃၉၃ ဦး ပါဝင်သော MS.AZARAMA JOURNEY အပျော်စီး သင်္ဘောသည် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၌ ခရီးသည် ၃၆၅ ဦးနှင့် သင်္ဘောအမှုထမ်း ၂၂၄ ဦးပါဝင်သည့် MS.VOYAGER အပျော်စီး သင်္ဘောသည် လည်းကောင်း ဆိုက်ကပ်ခဲ့ခြင်း ဖြစ်သည်။

''အခု MS.VOYAGER သင်္ဘောနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေက အင်္ဂလန်နိုင်ငံက ကမ္ဘာလှည့် ခရီးသည်တွေ များပါတယ်။ သူတို့တွေက ထောက်ကြန့် စစ်သချိုင်း၊ ဟံသာဝတီ စစ်သင်္ချိုင်းတွေကို သွားရောက်ပြီး စစ်အတွင်းက ကျဆုံးခဲ့တဲ့ အင်္ဂလိပ်လူမျိုးတွေကို သွားပြီး ဂါရ၀ပြုကြပါမယ်။ ရန်ကုန်မြို့အတွင်း လည်ပတ်မှုအနေနဲ့ ကမ်းနားလမ်းပေါ်က ရှေးဟောင်း အဆောက်အအုံတွေနဲ့ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ ဗိုလ်ချုပ်ဈေးနဲ့ ခြောက်ထပ်ကြီး ဘုရားတွေကို သွားရောက်လည်ပတ်ဖို့ ရှိပါတယ်'' ဟု အဆိုပါ ခရီးစဉ်အား တာဝန်ယူ စီစဉ်သည့် Myanmar Voyages မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယနေ့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည့် MS.VOYAGER အပျော်စီး သင်္ဘောသည် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

သန်လျင်မြို့ မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါသို့ ဆိုက်ကပ်ခဲ့သည့် MS.AZARAMA JOURNEY သင်္ဘောသည် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

ယင်းပြင် ၂၀၁၃ ခုနှစ်သည် ၁၀ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘောဖြင့် ကမ္ဘာလှည့်ခရီးသည် အများဆုံး လာရောက်သည့် နှစ်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရက်ရှည်လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များမှာ ပုဂံ၊ မန္တလေးနှင့် ပြင်ဦးလွင် စသည့်မြို့များသို့ အလည်ပတ် သွားရောက်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ခရီးသည်တင် အပျော်စီး သင်္ဘောများဖြင့် လာရောက်သည့် ခရီးသည်များမှာ ဥရောပနှင့် အမေရိက၊ ပြင်သစ်စသည့် နိုင်ငံများမှ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခရီးသည်တင် အပျော်စီးသင်္ဘောများ အများဆုံး ဆိုက်ကပ်သည့် ဆိပ်ကမ်းမှာ သီလ၀ါ ဆိပ်ကမ်းဖြစ်ပြီး၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် နန်းသီတာ ဆိပ်ကမ်းတို့သို့လည်း အပျော်စီးသင်္ဘောများ ဆိုက်ကပ်ကြကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...