Monday, December 30, 2013

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်းများ ဆက်တိုက်ဖမ်းမိ

Monday, December 30, 2013



ရန်ကုန်လေဆိပ်တွင် ဖမ်းမိခဲ့သည့် တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်းများအားတွေ့ရစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားမ၀င်သယ်ဆောင်လာသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဆက်တိုက်ဖမ်းမိလျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းမိရာ၌ ဒီဇင်ဘာ ၂၄ ရက်တွင် Air Asia ဘန် ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်း တန်ဖိုး စုစုပေါင်းကျပ် ၁၂ သိန်းခန့်ရှိသည့် ပစ္စည်းများ၊ ဂျပန်လေကြောင်း တိုကျို-ရန်ကုန် ခရီးစဉ်တွင် လိုက်ပါလာသည့်ခရီးသည် တစ်ဦးထံမှ တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၈၃ သိန်းခန့်ရှိသည့် ပစ္စည်းများနှင့် ဒီဇင်ဘာ ၂၅ ရက် တွင် Jet Star စင်ကာပူ-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်ထံမှ ကျပ်သိန်း ၃၀ ခန့်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများအား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနအနေ ဖြင့် ဒီဇင်ဘာ ၂၄၊ ၂၅ ရက် နှစ်ရက်အတွင်း တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုး ကျပ် ၁၂၅ သိန်းဖိုး ဖမ်းမိခဲ့ပြီး အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ဒုတိယပတ်အတွင်းကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းတို့တွင် အကောက်ခွန်မဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၂၅၄ သိန်းကျော် တန်ဖိုးရှိ တရားမ၀င်ဆေးဝါး၊ အလှကုန် နှင့် CCTV ကင်မရာနှင့် နာရီများကို ဖမ်းမိခဲ့ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများကို စစ်ဆေးရန်အတွက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် စတင်စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေဆိပ်နှင့် ဆိပ်ကမ်းများအပြင် နယ်စပ်တစ်လျှောက်ရှိ တရားမ၀င်တင်သွင်းလာသည့် ကုန်စည်များကိုလည်း ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...