Monday, December 30, 2013

မြန်မာ့ရုပ်ရှင်လောက၏ အစောဆုံး သရုပ်ဆောင်မင်းသမီး မရီနှင့် ခင်ခင်နု

Monday, December 30, 2013

Written by တင်နိုင်တိုး



“ မေတ္တာနှင့်သူရာ ” ဇာတ်ကားမှ ရုပ်ရှင်မင်းသမီး မရီ

မြန်မာနိုင်ငံတွင် ဦးထွန်းရှိန် ဈာပန သတင်းဇာတ်လမ်းတိုကို ပထမဆုံးမြန်မာ့ရုပ်ရှင်အဖြစ် အသိအမှတ်ပြုကြပြီး ပထမဆုံး ဇာတ်လမ်းရုပ်ရှင်မှာမူ မေတ္တာနှင့်သူရာ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ယင်းဇာတ်ကားမှာ ပီမိုးနင်း၏ ၀တ္ထုကို အခြေခံလျက်ရိုက်ကူးခဲ့ကြခြင်းဖြစ်သည်။

ပထမဆုံးရုပ်ရှင်မင်းသမီး
မေတ္တာနှင့်သူရာ ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်လမ်းရုပ်ရှင်ကို စတင်စမ်းသပ်ရိုက်ကူးခဲ့သည့် ဇာတ်ကားဟု ဆိုနိုင်ပါသည်။ ယင်းရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင် မင်းသားအဖြစ် အထက်တန်းကျောင်းသား မောင်ညီပု(နောင်ရုပ်ရှင်ဖခင်ကြီး)က စနေ၊ တနင်္ဂနွေကျောင်းအားလပ်ရက်များ၌ ပါဝင်ကူညီ ရိုက်ကူးပေးခဲ့ပြီး မင်းသမီးအဖြစ်မူ ကြည့်မြင်တိုင်ဈေးအတွင်းမှ ဆေးလိပ်သမ မရီ ခေါ် မအေးကြည်အား သရုပ်ဆောင်ခ ကျပ် ၃၀ ဖြင့် ငှားရမ်းခဲ့ရသည်။ လူကြမ်း နှင့်ဇာတ်ရံများဖြစ်ကြသော ပညာအလင်း သတင်းစာတိုက် မန်နေဂျာဦးပု(နောင်ဒါရိုက်တာဦးတုတ်ကြီး)၊ ဘောလုံးသမား မောင်မောင်ချစ်တို့မှာ သရုပ်ဆောင်ခမယူကြဘဲ အပျော်တမ်းပါဝင်ကူညီခဲ့ကြသူများဖြစ်သည်။

ရုပ်ရှင်လောကမှပျောက်ကွယ်သွားသူ
မရီသည် မေတ္တာနှင့်သူရာ ဇာတ်ကားတွင် ဖဲသမားကြီးဦးဘိုးရွှေ၏သမီး မခင်မေ အဖြစ်သရုပ်ဆောင်ထားပါသည်။ ဇာတ်ကားမှာ ကားပိုင်းငါးပိုင်း ပါဝင်ပြီး ပေ ၇၅၀၀ ရှိကြောင်း သိရှိရသည်။ ပထမဆုံး မြန်မာ ဇာတ်လမ်းရုပ်ရှင်ဇာတ်ကားဖြစ်သဖြင့် “ တုန်ခြင်းမှုန်ခြင်းသည်းခံပါ ” စာတန်းကြိုတင်ထိုးထားသည့်တိုင် ကြည့်ရှုအားပေးသူ ပရိသတ်များဖြင့် ကြိတ်ကြိတ်တိုးနေခဲ့ကြောင်း သိရှိရပါသည်။

ပထမဆုံးရုပ်ရှင်မင်းသမီး မရီမှာ အနုပညာသည်တစ်ဦး မဟုတ်ရုံမျှမက သာမန်အရပ်သူတစ်ဦးသာဖြစ်ရာ ရုပ်ရှင်ရိုက်ကူးရာ၌ အခက်အခဲများစွာနှင့် ကြုံတွေ့ကြရသည်။ ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း ခိုးရာလိုက်ပြေးသွားသဖြင့် လိုက်လံရှာဖွေကြရသည်မျိုးလည်း ရှိခဲ့သည်။ ၁၃ အောက် တိုဘာ ၁၉၂၀ တွင် ယင်းဇာတ်ကားကို ရွိုင်ရယ်စီနီမာရုပ်ရှင်ရုံ (ယခုဗိုလ်ချုပ်ဈေးနေရာ) ၌ ရုံတင် ပြသခဲ့သည်။ သရုပ်ဆောင် မင်းသမီးမရီမှာလည်း ယင်းဇာတ်ကား အပြီးနောက်ပိုင်းတွင် ရုပ်ရှင်လောကမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကား
ပထမဆုံး ဇာတ်ကားဖြစ်သော မေတ္တာင့်သူရာ ရုပ်ရှင်ဇာတ်ကား အောင်မြင်ခဲ့ပြီးနောက် မရှေးမနှောင်းကာလ၌ပင် လန်ဒန်အတ် ဦးအုန်းမောင်က ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့ပြန်ပါသည်။ ဇာတ်ကား၏ အမည်က “ကျေးတောသူမနု” ဖြစ်သည်။ ပထမဆုံး ရုပ်ရှင်ဇာတ်ကား၌ပင် ပရိသတ်များတစ်ခဲနက် အားပေးခဲ့ကြရာ ဒုတိယမြောက်ဇာတ်ကား မှာလည်း လူကြိုက်များခဲ့ပြန်ပါသည်။

ရုပ်ရှင်မင်းသမီးခင်ခင်နု
ကျေးတောသူ မနု ဇာတ်ကားတွင် ခင်ခင်နုက ပါဝင်သရုပ်ဆောင်ထားပါသည်။ ခင်ခင်နု၏ အမည်ရင်းက မငွေမြိုင်ဖြစ်သည်။ ကျေးတောသူမနု ဇာတ်ကားတွင် ခင်ခင်နုအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ မြန်မာ့ရုပ်ရှင်လောကတွင် ခင်ခင်နုဟု အမည်တွင်လာခဲ့ခြင်းဖြစ်သည်။ ခင်ခင်နုသည် ကျေးတောသူ မနု ဇာတ်ကားအပြီးတွင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဆက်လက်ရိုက်ကူးခဲ့ရာ မြန်မာ့ရုပ်ရှင်လောကတွင် ထင်ရှားသော သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။

စမ်းချောင်းရပ်ဇာတိ
မငွေမြိုင်ကို ၁၈၉၁ ခုနှစ်တွင် ရန်ကုန်မြို့၊ စမ်းချောင်းရပ် ရှင်စောပုလမ်းတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ မီးရထားကန်ထရိုက် အစ္စမာအင် ခေါ် ဦးမောင်ကလေးနှင့် ဒေါ်မိမိတို့ဖြစ်ကြပြီး မငွေမြိုင်က မွေးချင်းများ အနက် တတိယမြောက်ဖြစ်သည်။ ငယ်စဉ်ကပင် အဆိုအက ၀ါသနာပါသူဖြစ်၏။လင်းလွန်းကွက်သစ် အတွင်းကပွဲခုန်ပွဲများတွင် မငွေမြိုင်ပါဝင်ကပြလေ့ရှိခဲ့သည်။

ဇာတ်မင်းသမီး
အသက် ၁၃ နှစ်အရွယ်တွင် မငွေမြိုင် ဇာတ်မင်းသမီးကြီး မြခြေကျင်းငွေမြိုင်နှင့် အဆက်အသွယ်ရကာ မန္တလေးသို့ ပြောင်းရွှေ့နေထိုင်လျက် အကပညာကို စနစ်တကျသင်ယူဆည်းပူးခဲ့သည်။ ထို့နောက် မြခြေကျင်းငွေမြိုင်က ဇာတ်ထဲသွင်းပေးလိုက်သဖြင့် အထက်မြန်မာပြည် ဇာတ်သဘင်လောကတွင် အကကောင်းသော မင်းသမီးတစ်လက်အဖြစ် ထင်ရှားခဲ့သည်။

ရုပ်ရှင်လောကသို့
မငွေမြိုင်သည် ၁၉၂၀ ပြည့်နှစ်တွင် လန်ဒန်အတ် ဦးအုန်းမောင်၏ ဖိတ်ခေါ်မှုကြောင့် ရုပ်ရှင်လောကသို့ ရောက်ရှိလာခဲ့သည်။ ကျေးတောသူ မနုရုပ်ရှင်ဇာတ်ကား အတွက် မင်းသမီးလိုက်လံရှာဖွေနေသော ဦးအုန်းမောင်နှင့် မငွေမြိုင်တို့ ဆက်သွယ်မိခဲ့ကြသည်။ သို့ဖြင့် မငွေမြိုင် ရုပ်ရှင်မင်းသမီး ဖြစ်လာတော့သည်။စကားပြောလျှင် “ မြိုင်ကလေ၊မြိုင်ကလေ ” ဖြင့် အစချီပြောလ့ရှိသော မငွေမြိုင်သည် ကျေးတောသူ မနုဇာတ်ကားအပြီးတွင် ခင်ခင်နုဟူ၍သာ လူသိများလာခဲ့သည်။

ရတနာပုံရုပ်ရှင်ဇာတ်ကားတွင် လှည်းတန်းဦးလူကလေး ရေးစပ်သီကုံးခဲ့သည့် “ရွှေနဖူးမှာ စာတူးပါတဲ့ ခင်နုပါရှင့်” တေးစာသားများအား သီဆိုရာမှ ခင်ခင်နုအမည်က ပိုမိုထင်ရှားလာခဲ့သည်။





“ ကျေးတောသူ မနု ” ဇာတ်ကားမှ ရုပ်ရှင်မင်းသမီး ခင်ခင်နု

ထင်ရှားသောရုပ်ရှင်ဇာတ်ကားများ
ခင်ခင်နုသည် ရုပ်ရှင်ဇာတ်ကားများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။ စိန်ခြူးကြာညောင်၊ ရတနာပုံ၊ သားဗိုလ်ဝ၊ သမီးဗိုလ်ဝ၊ မြနန္ဒာ၊ တစ်ပြည်သူ၊ မေဓာဝီ၊ စိန်တလေးစသည့် ဇာတ်ကားများမှာ ထင်ရှားခဲ့သည်။ ခင်ခင်နု ပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကားများအနက် ဆုထူးပန်ဇာတ်ကားမှာမူ ထူးခြားလှသည်။ ဆုထူးပန်ဇာတ်ကားတွင် မောင်ညီပုနှင့်အတူ ဦးဆောင်ပါဝင်ခဲ့သည်။ ယင်းဆုထူးပန်ရုပ်ရှင်ဇာတ်ကားမှာ အင်္ဂလိပ်ဘာသာဖြင့် အသံသွင်းကာ အင်္ဂလန်င်ငံသို့ သွားရောက်ပြသခဲ့သော ဇာတ်ကား ဖြစ်ပါသည်။

အိမ်ထောင်ဘက်
ခင်ခင်နုသည် မင်းသားဘတင့်နှင့် ရုပ်ရှင်ဇာတ်ကားများစွာကိုရိုက်ကူးခဲ့ရာ နောက်ပိုင်း အများဆုံးတွဲဖက်ပါဝင်ခဲ့ရသည့် မင်းသားဘတင့်နှင့်ပင် အိမ်ထောင်ကျခဲ့သည်။ ဘတင့်နှင့် ခင်ခင်နုတို့သည် ကိုးနှစ်ကြာ ရုပ်ရှင်ဇာတ်ကားများ ပူးတွဲရိုက်ကူးခဲ့ကြသည်။ ဘတင့် ပထမဆုံးပါဝင်ခဲ့သည့် တစ်သက်လုံးဖုံးသမျှ ကုန်းတော့မှပေါ် ” ဇာတ်ကားမှာ ခင်ခင်နုနှင့် ဘတင့်တို့၏ အတွဲညီခဲ့သည့် ဇာတ်ကားဖြစ်သည် ဆိုပါသည်။

ရတနာပုံ
၁၉၂၃ ခုနှစ်တွင် ဒါရိုက်တာဦးတုတ်ကြီးရိုက်ကူးခဲ့သည့် ရတနာပုံရုပ်ရှင် ဇာတ်ကားမှာ ထိုခေတ်ကာလ၀င်ငွေ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့သည်။ ယင်းဇာတ်ကားတွင် ဦးညီပု၊ ခင်ခင်နုနှင့် ဘတင့် တို့အပြင် ခင်ခင်နု၏ ညီမရင်း မိမိခင် လည်းပါဝင်ရိုက်ကူးခဲ့သည်။ မိမိခင်မှာ အစ်မ ခင်ခင်နုနှင့် ရုပ်ချင်းအလွန်တူသူဖြစ်သဖြင့် မကြာခဏ မှားယွင်းလေ့ရှိခဲ့ကြသည် ဆိုပါသည်။ ရတနာပုံဇာတ်ကား အပြီးတွင် ဘတင့်နှင့် ခင်ခင်နုတို့ အလွန်နာမည်ကျော်ကြားခဲ့ကြသည်။

ပထမဆုံး ဇာတ်ကားဖြစ်သော မေတ္တာနှင့်သူရာရုပ်ရှင်ဇာတ်ကား အောင်မြင်ခဲ့ပြီးနောက် မရှေးမနှောင်းကာလ၌ပင် လန်ဒန်အတ်ဦးအုန်းမောင်က ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့ပြန်ပါသည်။ ဇာတ်ကား၏အမည် က “ကျေးတောသူမနု” ဖြစ်သည်။ ပထမဆုံးရုပ်ရှင်ဇာတ်ကား၌ပင် ပရိသတ်များ တစ်ခဲနက်အားပေးခဲ့ကြရာ ဒုတိယမြောက် ဇာတ်ကားမှာလည်း လူကြိုက်များခဲ့ . . .


အမေခန်းမှ
ဘတင့်နှင့် ခင်ခင်နုတို့ ၁၀နှစ်ကျော် ပေါင်းသင်းနေထိုင်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် စိတ်သဘောထားမတိုက်ဆိုင်သဖြင့် ကွာရှင်းပြတ်စဲခဲ့ကြ၏။ ဘတင့် နှင့် ခင်ခင်နုတို့တွင် သားသမီးမထွန်းကားခဲ့ပေ။ ခင်ခင်နုသည် အိမ်ထောင်ကွဲသွားပြီးနောက် ၁၉၃၅ ခုနှစ်တွင် ခင်ခင်တင့် ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ သို့ သော်သရုပ်ဆောင်အလုပ်၌သာ ကျွမ်းကျင်မှုရှိခဲ့သူ ခင်ခင်နုသည် ရုပ်ရှင်ကုမ္ပဏီလုပ်ငန်းတွင် အောင်မြင်မှုမရရှိခဲ့ပေ။ သို့ဖြင့် နောက်ဆုံး အသက်အရွယ်ရချိန်တွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ်သာ ပြန်လည်အသက်မွေးခဲ့ရသည်။ ဂျပန်ခေတ် ကန်တော်မိတ်ပြဇာတ်ရုံ၌ ဒို့မိခင်ပြဇာတ် ကပြစဉ် မိခင်နေရာမှ ပါဝင်ခဲ့သည်။ စစ်ပြီးခေတ်တွင် ခင်ခင့်ရုပ်ရှင်ကုမ္ပဏီမှ ဒို့သမီးရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့ရာ ခင်ခင်နု အမေခန်းမှ သရုပ်ဆောင်ခွင့် ရရှိခဲ့သည်။

ဘ၀နိဂုံး
ရုပ်ရှင်မင်းသမီးကြီး ခင်ခင်နုသည် ဒို့သမီးဇာတ်ကားတွင် နောက်ဆုံးသရုပ်ဆောင်ခွင့်ရရှိခဲ့ပြီးနောက် အစ်မ၊ တူမများ ထံမှီခိုနေထိုင်ခဲ့ရသည်။ ထို့နောက် အသက် (၅၈)နှစ်အရွယ် ၉ ဇွန် ၁၉၄၉တွင် ကွယ်လွန်ခဲ့သည်။ ခင်ခင်နု၏ နာရေးကြော်ငြာ ကို (၁၀-၆-၁၉၄၉) ရက်စွဲပါ ဟံသာဝတီ သတင်းစာတွင် “ မြိုင်-ခင်ခင်နု၊ ရုပ်ရှင်ရှေးအကျဆုံး မင်းသမီးကြီး” ခေါင်းစဉ်ဖြင့် “ မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးဝင် အသင်းသူ အမှတ်(၈၀၄) မင်းသမီး ကြီးခင်ခင်နုသည် (၉၆)ပါးသော ရောဂါဝေဒနာဖြင့် ကွယ်လွန်အနိစ္စရောက်ပြီဖြစ်ရာ ၁၀-၆-၄၉ရက်၊ သောကြာနေ့ ညနေ(၂)နာရီ အချိန်တွင် ၎င်း၏ နေအိမ် အမှတ် (၁၀၉) ကြည့်မြင်တိုင် သရက်တော(၄)လမ်းမှ ကြံ တောသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ပါသောကြောင့် အစည်းအရုံးဝင် အားလုံးလိုက်လံပို့ဆောင်ကြပါမည့် အကြောင်း(ပုံ)ချင်းစိန်၊ အထွေ ထွေအတွင်းရေးမှူး ” ဟူ၍ ဖော်ပြထားပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...