Wednesday, January 8, 2014

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ကုန်သွယ်မှုများ ပြုလုပ်ခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ခဲ့

Wednesday, January 8, 2014
မင်းသီဟဇော်

မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)


နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်ခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ်မှ ကုန်သွယ်မှု ပမာဏ အများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆၁၁ ဒသမ ၇၆၂ သန်း ရရှိခဲ့သည့်အနက် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၂၈၁၉ သန်းကျော် ကုန်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ယင်းကာလအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၂၂၃၆ ဒသမ ၃၉၇ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃၇၅ ဒသမ ၃၆၅ သန်းဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း အရေအတွက်မှာ အများဆုံးဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း အရေအတွက်မှာ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

နယ်စပ်စခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် တရုတ်နှင့် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပြီး ထိုင်းနှင့် ဒုတိယအများဆုံး ကုန်သွယ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ် နယ်စပ်များတွင် ကုန်သွယ်ရေး စခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း နယ်စပ်တွင် မယ်စဲ့ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်း၊ ပုံပါကျင်နယ်စပ် ကုန်သွယ်ရေးစခန်းတို့ ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...