Wednesday, January 8, 2014

အမေရိကန်က အီရတ်ကို ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များ တိုးမြှင့်ကူညီမည်


Wednesday, January 8, 2014


၂၀၀၈ ခုနှစ် ဧပြီ ၂၃ ရက်တွင် အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ MH-60R Seahawk ရဟတ်ယာဉ်က Hellfire ဒုံးကျည်ပစ်လွှတ်နေစဉ် (Photo:AFP)


အယ်လ်ကေးဒါးတို့နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွများကို တိုက်ခိုက်နေသော အီရတ်အစိုးရ တပ်ဖွဲ့များအား အမေရိကန်က ဒုံးကျည်များနှင့် မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်များ အရှိန်မြှင့် ကူညီပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်တပ်ဖွဲ့များ အီရတ်မှရုပ်သိမ်းရန် သမ္မတ ဘာရက်အိုဘားမားက ဆုံးဖြတ်ခဲ့မှုကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားရကြောင်း ဝေဖန်မှုများကို အမေရိကန်အစိုးရက ငြင်းဆိုခဲ့သည်။ အီရတ်အနောက်ဘက် အန်ဘာပြည်နယ်ရှိ ဖာလူဂျာမြို့အား စစ်သွေးကြွများက သိမ်းပိုက်ထားမှုကို အီရတ်အစိုးရက ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။

အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က အီရတ်ဝန်ကြီးချုပ် နူရီအယ်လ်မာလီကီနှင့် ဖုန်းဆက်ပြောဆိုရာတွင် အကြမ်းဖက်သမားတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေသော အီရတ်နိုင်ငံသားများအတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်၏ ကြေညာချက်တွင် “အစွန်းရောက်တွေကို ဖယ်ရှားရာမှာ အီရတ်ဆွန်နီခေါင်းဆောင်တွေ၊ ပြည်သူလူထုတွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း မာလီကီက အတည်ပြု ပြောကြားထားပါတယ်” ဟု ဖော်ပြထားသည်။

ပင်တဂွန် စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် အမေရိကန် အစိုးရသည် အီရတ်သို့ Hellfire ဒုံးကျည် အစင်း ၁၀၀ ကို လာမည့်လ အနည်းငယ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ScanEagle မောင်းသူမဲ့လေယာဉ် ၁၀ စင်းကိုလည်း ပေးပို့သွားမည်ဟု ဗိုလ်မှူးကြီး စတီဗင်ဝါရင်က ပြောကြားခဲ့သည်။

သံချပ်ကာယာဉ်များကို တိုက်ခိုက်ရန် ပြုလုပ်ထားသည့် Hellfire ဒုံးကျည်များကို ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များတွင် တပ်ဆင်ပစ်ခတ်နိုင်ကြောင်း သိရသည်။ ScanEagle မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များသည် သုံးမီတာအရှည်ရှိ တန်ဖိုးနည်း လေယာဉ်များဖြစ်ပြီး ၂၄ နာရီ ဆက်တိုက်ပျံသန်းနိုင်သည်။

အီရတ်နှင့် ရေးထိုးထားသည့် ကန်ထရိုက်စာချုပ်များအရ စစ်လက်နက် ပစ္စည်းများကို ယခုကဲ့သို့ ပေးပို့ခြင်းဖြစ်ပြီး ဒီဇင်ဘာ လလယ်ပိုင်းကလည်း Hellfire ဒုံးကျည် ၇၅ စင်း ပေးပို့ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အယ်လ်ကေးဒါးတို့နှင့် ဆက်နွှယ်နေသည့် အီရတ်အစ္စလာမ္မစ် နိုင်ငံတော်နှင့် လီဗန့်အဖွဲ့ (ISIL) က ဖာလူဂျာမြို့ကို သိမ်းပိုက်ခဲ့သည်။ အဆိုပါမြို့မှာ အီရတ်စစ်ပွဲ ကာလအတွင်း အမေရိကန်တပ်ဖွဲ့များနှင့် သူပုန်များအကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အမေရိကန်သည် အီရတ်သို့ လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်သော်လည်း တပ်ဖွဲ့ဝင်များကို စေလွှတ်ပေးမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားထားသည်။ ဘဂ္ဂဒက်မြို့ရှိ အမေရိကန် သံရုံးတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ခန့်ချထားကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...