Wednesday, January 8, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ပူးပေါင်းကော်မတီ အနေဖြင့် အဖွဲ့ငါးဖွဲ့ခွဲ၍ အခန်းအလိုက် လေ့လာသုံးသပ်မည်


Wednesday, January 8, 2014


ဇန်န၀ါရီ ၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)


ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ဇန်န၀ါရီ ၇ ရက်တွင် အစည်းအဝေး ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား အဖွဲ့ငါးဖွဲ့ခွဲ၍ အခန်းအလိုက် လေ့လာသုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၇၀ ကျော် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရန်အတွက် ပေးပို့လာသည့် အကြံပြုချက်များကို ဆွေးနွေးအကြံပြုနိုင်ရန်အတွက် အဖွဲ့ငါးဖွဲ့ဖြင့် လေ့လာသုံးသပ်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒီနေ့အစည်းအဝေးမှာတော့ ဖွဲ့စည်းပုံရဲ့ အခန်းအလိုက် တာဝန်ခွဲဝေ သတ်မှတ်တာပါ။ တစ်ဖွဲ့ကို တပ်မတော်သား ငါးယောက်စီပါမယ်။ ကျန်တဲ့ နိုင်ငံရေး ပါတီတွေကတော့ အချိုးကျပါဝင်မှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ခုချင်းစီအလိုက် သတ်မှတ်ပေးထားတဲ့ အခန်းအလိုက် ပြင်ဆင်ဖို့ အကြံပြုထားတဲ့ အချက်တွေကို လေ့လာကြမှာ ဖြစ်ပါတယ်။ လေ့လာပြီးစီးရင်တော့ အဖွဲ့တစ်ခုချင်းစီက လေ့လာတွေ့ရှိချက်တွေကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေး၊ တရားစီရင်ရေး အခန်းများကို လေ့လာသုံးသပ်ရမည့် အဖွဲ့ခေါင်းဆောင် သူရဦးအောင်ကိုက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အနေဖြင့် လေ့လာတွေ့ရှိချက်များအား လာမည့်ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည့် န၀မအကြိမ် လွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အဖွဲ့ ၁ တွင် အဖွဲ့ခေါင်းဆောင် သူရဦးအေးမြင့် အပါအ၀င် ၂၂ ဦးဖြစ်ပြီး အခန်း ၁၊ အခန်း ၂၊ အခန်း ၃၊ အခန်း ၁၂၊ အဖွဲ့ ၂ တွင် အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော် အပါအ၀င် ၂၁ ဦးက အခန်း ၈၊ ဇယား ၁၊ ၂၊ ၃၊ ၄၊ ၅၊ အဖွဲ့ ၃ တွင် အဖွဲ့ခေါင်းဆောင် ဦးသိန်းဆွေအပါအ၀င် ၂၁ ဦး ပါဝင်ပြီး အခန်း ၇၊ အခန်း ၁၁၊ အခန်း ၁၅၊ အဖွဲ့ ၄ တွင် သူရဦးအောင်ကို အပါအ၀င် ၂၁ ဦးဖြစ်ပြီး အခန်း ၄၊ အခန်း ၅၊ အခန်း ၆၊ အဖွဲ့ ၅ တွင် အဖွဲ့ခေါင်းဆောင် ဦးစိုးနိုင်အပါအ၀င် ၂၁ ဦးဖြစ်ပြီး အခန်း ၉၊ အခန်း ၁၀၊ အခန်း ၁၃၊ အခန်း ၁၄ စသည်ဖြင့်လျာထားပြီး လေ့လာသုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် အကြံပြုစာပေါင်း ၃၀၀၀၀ ခန့် ရောက်ရှိလာကြောင်း၊ အကြံပြုချက်များမှာ သိန်းဂဏန်းရှိကြောင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...