Wednesday, January 8, 2014

အရပ်ဘက် လူ့အဖွဲ့အစည်းရွေးချယ်မှု အစည်းအဝေး ဇန်န၀ါရီ ၁၄ ရက်တွင် ထပ်မံပြုလုပ်မည်


Wednesday, January 8, 2014

ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး

ဇန်န၀ါရီ ၇ ရက်က ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ MPC တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖွဲ့စည်းရေး ဆွေးနွေးပွဲအား တွေ့ရစဉ်


အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး ဖိုရမ်နှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများအတွက် အရပ်ဘက် လူ့အဖွဲ့အစည်း ရွေးချယ်မှု အစည်းအဝေးအား ဇန်န၀ါရီ ၁၄ ရက်တွင် ထပ်မံကျင်းပမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖွဲ့စည်းရေး ဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် ဇန်န၀ါရီ ၇ ရက်က ရန်ကုန်မြို့ MPC တွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်း ၅၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို Focal တစ်ခု ကျွန်တော်တို့ပေးရမယ်။ ပေးရမယ့်အခါမှာ အဖွဲ့အားလုံး CSO တွေ ပါစေချင်တယ်။ NGO တွေ ပါစေချင်တယ်။ ဒါတွေကို ကိုယ်စားပြုမယ့် အဖွဲ့တစ်ခုကို ကျွန်တော်တို့ ရွေးချယ်ပြီးတော့ လာမယ့်လာအိုနိုင်ငံမှာလုပ်မယ့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးပွဲမှာ ကျွန်တော်တို့နိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်နိုင်ဖို့ ဖွဲ့စည်းသွားမှာဖြစ်တယ်။ လာမယ့် ၁၄ ရက်မှာက ဒီအဖွဲ့အတွက် နာမည်ကို ဘယ်လိုထားမလဲ။ ဘယ်လိုစီမံကိန်းတွေ ချမလဲဆိုတာကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်တယ်” ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

ထို့ပြင် အဆိုပါ မိတ်ဖက်အဖွဲ့အစည်းများ ဖွဲ့စည်းပြီးပါက အာဆီယံ ဖိုရမ်များတွင် ကိုယ်စားပြု တက်ရောက်ဆွေးနွေးမည့် ဗဟိုအရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခုကို ရွေးချယ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ဆွေးနွေးရမည်ဖြစ်ပြီး အဆိုပါ NGO နှင့် CSO Focal point များအနေဖြင့် ဆွေးနွေးပွဲများသို့ ကိုယ်ပိုင်စရိတ်ဖြင့် ကျခံ၍ တက်ရောက်ရမည် ဖြစ်သော်လည်း အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ပြည်ပရန်ပုံငွေ ရရှိရန် ကူညီဆောင်ရွက်ပေးမည့်အပြင် သက်ဆိုင်ရာ အစိုးရကလည်း ကူညီပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ပြည်သူ့ဖိုရမ်တွင် တက်ရောက်ဆွေးနွေးခဲ့သည့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို စုစည်းကာ ဆွေးနွေးသွားခြင်းဖြစ်ပြီး ယနေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ၎င်းအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေး လိုအပ်ချက်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...