Wednesday, January 8, 2014

စတော့အိတ်ချိန်းအပေါ် ယုံကြည်မှုရှိလာစေရန် အစိုးရက အခြေခံ အဆောက်အအုံများကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ဆက်စပ်ဥပဒေများ ခိုင်မာစေရန် လုပ်ဆောင်ရမည်ဟုသိရ


Wednesday, January 8, 2014

နွဲ့ယဉ်အေး

ထိုင်းနိုင်ငံရှိ စတော့အိတ်ချိန်း အဆောက်အအုံ အတွင်းပိုင်းတစ်နေရာအား တွေ့ရစဉ်


၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန်စတော့အိတ်ချိန်းအပေါ် ပြည်သူအများ ယုံကြည်မှုရှိလာစေရန် အစိုးရအနေဖြင့် လိုအပ်နေသည့် အခြေခံ အဆောက်အအုံများကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်ဥပဒေများ ခိုင်မာအသက်ဝင်မှု ရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း Japan Exchange Group, Inc. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စတော့အိတ်ချိန်းအပေါ် ယုံကြည်မှု တည်ဆောက်ဖို့ဆိုရင် ပထမဆုံး အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ စတော့အိတ်ချိန်း နည်းဥပဒေတွေ၊ စည်းမျဉ်းတွေ Securities and Exchange Commission(SEC) နဲ့ စတော့အိတ်ချိန်း ကုမ္ပဏီတွေ တည်ထောင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ စတော့အိတ်ချိန်း ဥပဒေနဲ့ ဆက်စပ်ဥပဒေတွေ အသက်ဝင် ခိုင်မာမှုရှိစေဖို့ အခြေခံတည်ဆောက်ပုံကို ထူထောင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါ အချက်များမှာ မြန်မာအစိုးရ အနေနှင့် ကောင်းမွန်ပြည့်စုံသော ငွေကြေးဈေးကွက် ထူထောင်ရန် အရေးအကြီးဆုံးအချက် ဖြစ်သည်ဟုဆိုသည်။

SEC နှင့် စတော့အိတ်ချိန်းမှ ၀န်ထမ်းများအတွက် လေ့ကျင့်သင်ကြားပေးမှု များစွာလိုအပ်ပြီး အသက်ဝင်ခိုင်မာမှုကို ဖော်ဆောင်နိုင်ရန် အမှန်တကယ် စီးပွားရေး စီးဆင်းမှုများကိုလည်း ထူထောင်ပေးရန် လိုအပ်သည်ဟု သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်ရန် ပထမအရစ်အဖြစ် ငွေကျပ် ၃၂ ဘီလျံ မ, တည် ရင်းနှီးမှုပြုလုပ်ရန် လျာထားပြီး မြန်မာနှင့် ဖက်စပ်လုပ်ကိုင်ရန် ဂျပန်ဘက်မှ Daiwa ကုမ္ပဏီ တစ်ခုတည်းမဟုတ်ဘဲ အခြားဂျပန်ကုမ္ပဏီများ ပါဝင်မည်ဖြစ်သည်။

ထိုသို့ ဖက်စပ်လုပ်ကိုင်ရာတွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်ပြီး ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေနှင့် ကျပ် ၁၆ ဒသမ ၃၁ ဘီလျံ ထည့်ဝင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း အဆောက်အအုံအဖြစ် ကမ်းနားလမ်းရှိ မြ၀တီဘဏ် ရုံးချုပ်အဆောက်အအုံ၌ စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အများပိုင်အဖြစ် ဖွဲ့စည်းထားသည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိသော်လည်း စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် အရည်အချင်း ပြည့်မီသည့် အများပိုင်ကုမ္ပဏီ ငါးခုခန့်သာ ရှိနေသေးကြောင်း စတော့အိတ်ချိန်း ပေါ်ပေါက်ရေး ကူညီလုပ်ဆောင် နေသူများထံမှ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...