Wednesday, January 8, 2014

နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ လိုက်ပါလာသည့်လှေကို သြစတြေးလျက အင်ဒိုနီးရှားသို့ပြန်ပို့

Wednesday, January 8, 2014


Photo:Wolter Peeters


နိုင်ငံရေးခိုလှုံခွင့် တောင်းခံမည့်သူများ လိုက်ပါလာသည့် လှေတစ်စင်းကို သြစတြေးလျရေတပ်က အင်ဒိုနီးရှား အာဏာပိုင်များထံ ဦးစွာအကြောင်းကြားခြင်း မပြုဘဲ အင်ဒိုနီးရှားသို့ ပြန်ပို့ခဲ့သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သြစတြေးလျသို့ ခိုလှုံခွင့်တောင်းခံရန် လှေဖြင့်ခိုးဝင်သူများကို သြစတြေးလျပိုင်နက် ခရစ္စမတ်ကျွန်းတွင် နေရာချထားရန် သြစတြေးလျ အစိုးရက ယခင်နှစ်အတွင်း သဘောတူခဲ့ပြီးဖြစ်သည်။

သြစတြေးလျ အစိုးရသစ်က အင်ဒိုနီးရှား အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် ခြင်းမရှိဘဲ လှေတစ်စင်းကို ပြန်လွှတ်ခဲ့ခြင်းမှာ ပထမဆုံး ဖြစ်ရပ်ဖြစ်သည်။ ယင်းက အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုဘမ်ဘန်၏ဖုန်းကို သြစတြေးလျက ကြားဖြတ်ခိုးနားထောင်မှုကြောင့် တင်းမာမှုများ ဖြစ်ပွားနေသည့် အင်ဒိုနီးရှားနှင့် သြစတြေးလျအကြား တင်းမာမှုအသစ်များ တိုးပွားစေနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ခဲ့သည်။

ဆိုမာလီယာနှင့် ဆူဒန်မှ အများဆုံးပါဝင်သည့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၄၅ ဦး လိုက်ပါလာသည့် အဆိုပါလှေသည် သြစတြေးလျ ရေပိုင်နက်သို့ ဇန်န၀ါရီ ၄ ရက်တွင် ရောက်ရှိခဲ့သည်။ ယင်းလှေကို သြစတြေးလျရေတပ် သင်္ဘောတစ်စင်းက ကြားဖြတ်တားဆီးခဲ့ပြီး အင်ဒိုနီးရှားသို့ ပြန်ပို့ခဲ့သည်။ ယင်းလှေသည် အင်ဒိုနီးရှားရေပိုင်နက် ရိုတီကျွန်းသို့ ဇန်န၀ါရီ ၆ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့သည်ဟု ရုတ်အန်ဒါအိုခရိုင်ရဲချုပ် ဟီဒါယက်က ပြောကြားခဲ့သည်။ ယင်းသို့ ပြန်ပို့ခြင်းကို သြစတြေးလျ အာဏာပိုင်များက အင်ဒိုနီးရှား အာဏာပိုင်များထံ အကြောင်းမကြားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ ဒီဇင်ဘာလလယ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းလှေသည် ဆီပြတ်လပ်ပြီး သောင်တင်နေခဲ့သည်ဟူသော ကနဦး ဖော်ပြချက်များကိုလည်း ဟီဒါယက်က ငြင်းပယ်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာက ဂျာဗားကျွန်း တောင်ဘက်ပင်လယ်ပြင်တွင် သြစတြေးလျ သင်္ဘောတစ်စင်းက ပြန်လည်ကယ်ဆယ်ခဲ့သည့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ ၆၀ ခန့်ကို လက်ခံရန် အင်ဒိုနီးရှားက ငြင်းဆန်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...