Tuesday, January 7, 2014

တရုတ်နိုင်ငံက ဈေးပိုပေးကာ ၀ယ်လိုအား များသဖြင့် မူဆယ်နယ်စပ်မှ တစ်ရက်ပျမ်းမျှ ဆန်အိတ် ၇၀၀၀၀ ခန့် အရောင်းအ၀ယ်ရှိ

Tuesday, January 7, 2014
နီလာ

မူဆယ် ၁၀၅ မိုင် နယ်စပ်စခန်း၌ တရုတ်သို့တင်ပို့မည့် ဆန်များသယ်ဆောင်လာသည့် ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)


ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ယခင်ကထက် ဈေးပိုပေးကာ ၀ယ်လိုအားလည်း များလာသဖြင့် မူဆယ်နယ်စပ်မှ တစ်နေ့လျှင် ပျမ်းမျှအိတ်ရေ ၇၀၀၀၀၊ တန်ချိန်အားဖြင့် ၃၅၀၀ ခန့် အရောင်းအ၀ယ် ရှိနေကြောင်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။

“ဒီရက်ပိုင်းမှာ တရုတ်ဘက်ကအ၀ယ် ပိုများလာတယ်။ တရုတ်နှစ်သစ်ကူးကလည်း နီးလာပြီဆိုတော့ သူတို့ဘက်က ၀ယ်လိုအား တက်လာတာပါ။ အရင်ကလည်း အ၀ယ်တော့ရှိတယ်။ ဒါပေမဲ့ ဈေးနှိမ်ဝယ်တယ်။ အခုကတော့ ဈေးလည်းပိုပေးတယ်။ အ၀ယ်လည်း ပိုများလာတယ်” ဟု ဆန်ကုန်စည်ဒိုင် (မူဆယ်) မှ ကိုချမ်းသာဦးက ဆိုသည်။

အလားတူ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ပျမ်းမျှ ဆန် အိတ်ရေ ၇၀၀၀၀ ခန့် အ၀င်ရှိနေကြောင်း၊ မူဆယ် ၁၀၅ မိုင်သို့ ဆန်မျိုးစုံ ကုန်အ၀င် ရှိသော်လည်း ရတနာတိုး၊ ကရင်မ၊ ငစိန်၊ သုခ စသည်တို့မှာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

“ဈေးပိုပေးလာတယ် ဆိုတာက ရတနာတိုး ၅ မှတ်ဆန်ကို အရင်ရက်က ၁၃၀ ကျော် ၁၄၀ ယွမ်လောက်ပဲ ရှိတာကို ဒီရက်ပိုင်း မှာ ၁၄၂၊ ၁၄၃ ယွမ်လောက် ဖြစ်လာတယ်။ သုခဆိုရင် အရင်ရက်က ၁၂၈၊၁၂၉ ယွမ် ကနေ ဒီတစ်ပတ်ထဲမှာ ၁၃၂၊ ၁၃၃ ယွမ်ဖြစ် လာတယ်။ ဈေးနှုန်းအနေအထားအရလည်း တက်လာတယ်။ အ၀ယ်လည်း ပိုများလာတယ်” ဟု မူဆယ်နယ်စပ်မှ ဆန်ကုန်သည် တစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်က မူဆယ်ဆန် စပါးကုန်စည်ဒိုင်တွင် ဧည့်မထ ၅ မှတ် ဆန် (သုခ) တစ်အိတ်လျှင် ၁၂၄ ယွမ်၊ ၁၂၅ ယွမ်၊ ဧည့် မထ ၂၅ မှတ်ဆန် (သုခ) တစ်အိတ်လျှင် ၁၁၆၊ ၁၁၇ ယွမ်ရှိခဲ့ကြောင်း၊ ၂၅ မှတ်ဆန် (ငစိန်) တစ်အိတ်လျှင် ၁၁၇၊ ၁၁၉ ယွမ်ရှိခဲ့ ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်မူဆယ် ဆန်စပါးကုန်စည်ဒိုင်၌ ကုန်သည်များအရောင်း အ၀ယ်ပြုလုပ်လာရာတွင် အောက်တိုဘာ ၁၀ ရက်မှစတင်ပြီး နှစ်ဦးနှစ်ဖက် အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသော စနစ်ကို ကျင့်သုံးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စာချုပ်စနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်ရာ၌ ကုန်စည်ဒိုင်အတွင်း ရောင်းဝယ်ကြသော ကုန်စည်ဒိုင် အသင်းသားများ နှင့် ၀ယ်သူတို့မှ အရောင်းအ၀ယ်စာချုပ်၊ နမူနာဆန်ထုပ်တို့ကို ရောင်းသူ လက်ခံ၊ ၀ယ် သူလက်ခံ၊ ကုန်စည်ဒိုင်လက်ခံ စုစုပေါင်း သုံးစုံပြုလုပ်ပြီး ကုန်စည်ဒိုင်ရုံးအဖွဲ့ ရှေ့မှောက်တွင် စာချုပ်ချုပ်ဆို လက်ဗွေနှိပ်၊ လက် မှတ်ထိုး၍ အရောင်းအ၀ယ်ပြုလုပ်လျက်ရှိ ကြောင်း၊ စာချုပ်ရောင်းဈေး၊ ၀ယ်ဈေးနမူနာ ဈေးများအား ကုန်စည်ဒိုင်ရုံးအဖွဲ့မှ လျှို့ဝှက် သိမ်းဆည်းပေးထားကြောင်း သိရသည်။ -

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...