Tuesday, January 7, 2014

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ အလွယ်တကူ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်များအကြား သုံးစွဲမှုကျယ်ပြန့်နေ

Tuesday, January 7, 2014
ဝင်းမြင့်ကျော်၊ မျိုးမင်းထက်၊ ဥာဏ်ဝင်းရှိန်

ရန်ကုန်မြို့အတွင်း အလွယ်တကူ ၀ယ်ယူရရှိနေသည့် စိတ်ကြွရူးသွပ်ဆေးပြားကို သုံးစွဲနေမှုကို တွေ့ရစဉ်


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုလက်ရှိကာလအထိ မူးယစ်ဆေးဝါးများကို အလွယ်တကူ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်လူလတ်ပိုင်းများအကြား ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိနေကြောင်း ခိုင်မာသည့် သတင်းအရင်းမြစ်များမှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် ၂၀၁၁ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သုံးနှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါးအမှု ပေါင်း ၉၂၉ မှုကို ဖမ်းဆီးအရေးယူ နိုင်ခဲ့သော်လည်း ရောင်းဝယ်သုံးစွဲသူ ဦးရေမှာ သိသာစွာ လျော့ကျလာခြင်း မရှိသေးပေ။

ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများကို လွယ်ကူစွာ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်၊ လူလတ်ပိုင်း၊ အနုပညာရှင်များအပြင် ကျောင်းသား ကျောင်းသူများလည်း သုံးစွဲလျက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ဇန်န၀ါရီ ၄ ရက် ညနေပိုင်းတွင် ပြောကြားသည်။

“ရဲတပ်ဖွဲ့အနေနဲ့ စီမံချက်တွေ ချမှတ်ပြီးတော့ မြို့နယ်အလိုက် အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်တယ်။ သတင်းရရှိဖို့အတွက် တာဝန်သိ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ရရှိတဲ့သတင်းကို အတည်ပြု စုံစမ်းပြီးတော့ ဖမ်းဆီးအရေးယူတယ်။ ကျူးလွန်တဲ့ သူတွေကိုလည်း ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်နိုင်အောင် ဆောင်ရွက်တယ်။ မူးယစ်ဆေးဝါးတွေကို နယ်စပ်လမ်းကြောင်းကနေ ရန်ကုန်တိုင်းထဲကို ၀င်ရောက်လာနေတဲ့ အတွက် အဲ့ဒီလမ်းကြောင်း တွေကိုလည်း ချိတ်ဆက်ဖော်ထုတ်နေတယ်။ ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ၀ယ်ယူရရှိ နေတဲ့အတွက် လူငယ်လူရွယ်တွေ၊ အနုပညာရှင်တွေအပြင် ကျောင်းသား ကျောင်းသူတွေလည်း သုံးစွဲနေကြတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိကြီးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အလွယ်တကူ ၀ယ်ယူရရှိနေသည့် မူးယစ်ဆေးဝါးများမှာ ဆေးခြောက်နှင့် WY စိတ်ကြွရူးသွပ် ဆေးပြားများ ဖြစ်ကြပြီး အ၀က်သားခန့်ရှိ ဆေးခြောက် တစ်ထုပ်လျှင် ကျပ် ၁၅၀၀၀ ခန့်ထိပေါက်ပြီး စိတ်ကြွဆေးပြား (ယိုးဒယား) တစ်ပြားလျှင် လက်လီဈေးကျပ် ၅၀၀၀ မှ ၆၀၀၀ ခန့်အထိ ပေးဝယ်ရကြောင်း သုံးစွဲသူ လူငယ်များထံမှ စုံစမ်းသိရသည်။

“WY ဆေးပြားကတော့ နှစ်မျိုးရှိတယ်။ ရိုးရိုးအသီးနဲ့ ယိုးဒယားအသီးဆိုပြီး။ ယိုးဒယားသီးကတော့ ထူလည်းထူတယ်။ မီးအရှို့လဲခံလို့ ကြိုက်တယ်။ သူကကြာကြာလဲခံတယ်။ တစ်ပြားကို ၅၅၀၀ ပေါက်တယ်။ တစ်ခါဝယ်ရင် ၁၀ ပြား အနည်းဆုံး ၀ယ်ဖြစ်တယ်။ တစ်ပတ်ကို အပြား ၂၀ လောက်တော့ ရှူဖြစ်တယ်” ဟု သုံးစွဲမှုသက်တမ်း နှစ်နှစ်ဝန်းကျင်ခန့်ရှိသည့် လူငယ်တစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီခန့်တွင် အမှတ်(၄၁)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းနေ မထက်ထက်မေမောင်(၂၁)နှစ်၏ တိုက်ခန်းထဲ၌ ၎င်းအားတွေ့ရှိခဲ့ရပြီး ကိုင်ဆောင်ထားသော စက္ကူဘူးအတွင်းမှ ကျပ်သိန်း ၇၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ပြားအား သိမ်းဆည်းရမိခဲ့သည်။

“နည်းအမျိုးမျိုးနဲ့ ပြည်တွင်းကို သွင်းနေကြတယ်။ လူငယ်တွေ သုံးစွဲတာကလည်း သူ့အကြောင်းနဲ့သူ ရှိမှာပဲ။ ပျော်လို့သုံးစွဲတာ ရှိသလို စိတ်ညစ်လို့ သုံးစွဲတာလည်း ဖြစ်နိုင်တယ်။ သုံးစွဲမှုတွေကတော့ များလာတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဖမ်းဆီးမှုတွေ လုပ်ပါတယ်။ အဓိကကတော့ စီးပွားရေးသမားတွေက မူးယစ်ဆေးဝါးကနေ ပိုက်ဆံမြိုးမြိုးမြက်မြက် ရနေတဲ့အတွက် နည်းမျိုးစုံနဲ့ကို သွင်းနေတယ်။ အဲဒီလမ်းကြောင်းတွေကို သေသေချာချာ စုံစမ်းပြီး ဖမ်းမယ်ဆိုရင်တော့ မူးယစ်ဆေးဝါး အ၀င်၊ အထွက် လျော့ကျနိုင်တယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)မှ အတွင်းရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...