Tuesday, January 7, 2014

အခြေခံပညာကဏ္ဍ၌ အခြေခံပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး မူကြမ်းအား ပြည်သူ့သဘောထား ကောက်ခံကာ ထပ်မံပြင်ဆင် ရေးဆွဲမည်

Tuesday, January 7, 2014


အခြေခံပညာ ကျောင်းတစ်ကျောင်း၌ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်။(ဓာတ်ပုံ-တိုးအောင်)


အခြေခံပညာကဏ္ဍ၌ အခြေခံပညာ ဥပဒေပြဋ္ဌာန်းနိုင်မည့် အခြေခံပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး မူကြမ်းအား ပြည်သူ့သဘောထား ကောက်ခံကာ ထပ်မံပြင်ဆင် ရေးဆွဲသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အခြေခံပညာရေး မြှင့်တင်မှုမူကြမ်းအား ပညာရေးဝန်ကြီးဌာန၊ ပညာရေးနှင့် ဆပ်စပ်သော ၀န်ကြီးဌာနများမှ ပညာရှင်များ၊ အတွေ့အကြုံရင့် ပညာရှင်များ၊ အကြံပေး ပညာရှင်များ၊ ပညာရေး နယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက် နေကြသူများဖြင့် ရေးဆွဲထားပြီး အခြေခံပညာ မူဝါဒများအား အများပြည်သူ၏ သဘောထားအား ကောက်ခံကာ ထောက်ခံ အကြံပြုချက်များပေါ် မူတည်၍ ဆက်လက်ရေးဆွဲ သွားမည်ဖြစ်သည်။

“လက်တွေ့ကျတဲ့ အကောင်အထည်ဖော်မှု ဥပဒေတွေကို ပြင်ဆင်ရမယ်။ ဒီလိုဥပဒေတွေ ပေါ်ထွက်လာဖို့ အတွက် မူဝါဒတွေ ရေးဆွဲရမယ်။ မူဝါဒတွေ ရေးဆွဲနိုင်ဖို့ အခုလိုမျိုး အများရဲ့ သဘောထားကို ကောက်ခံတာ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်ခဲ့သည့် လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

အခြေခံပညာရေး မြှင့်တင်မှုမူဝါဒမူကြမ်းအား မူကြိုပညာရေးမှ စတင်ကာ အကောင်အထည်ဖော် ရေးဆွဲပြီး ပညာရေး အဆင့်အတန်း မြင့်မားသည့် အာဆီယံ နိုင်ငံများနှင့် တန်းတူပညာရေး နှိုင်းယှဉ်ကာ ပြုစုရေးဆွဲမည်ဖြစ်ပြီး ယင်းမူကြမ်းအား ၂၀၁၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အများပြည်သူများ၏ ထောက်ခံအကြံပြုချက်များ အပေါ်မူတည်၍ အခြေခံ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအား Stateholder များနှင့် လုပ်ငန်းအဖွဲ့များမှ ဆွေးနွေးညှိနှိုင်း ရေးဆွဲသွားမည် ဖြစ်သည်။

မြန်မာ့ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ရန် ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပ၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အကြံပေး အဖွဲ့အစည်းများ ဖွဲ့စည်း၍ မူဝါဒ၊ အမျိုးသား ပညာရေးဥပဒေနှင့် အဆင့်မြင့်ပညာရေး မူဝါဒကြမ်း၊ အခြေခံပညာရေး မူဝါဒကြမ်း၊ မူကြိုပညာရေး မူဝါဒကြမ်း၊ ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ခဲ့သော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း၊ ဘုန်းတော်ကြီးသင် ပညာရေး၊ ကျောင်းပြင်ပ ပညာရေးနှင့် လူတိုင်းအကျုံးဝင်သည့် ပညာရေးနှင့် ပညာရေးနှင့် ဆက်စပ်ဥပဒေကြမ်း (မူကြမ်းများ)အား ပြုစုရေးဆွဲနေသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...