Tuesday, January 7, 2014

မြစ်ဆုံစီမံကိန်းပြန်လုပ်ရန် သင့်၊ မသင့်မှာ တရုတ်ကုမ္ပဏီနှင့် ညှိနှိုင်း (Compromise) အပေးအယူလုပ်ရမည့် ကိစ္စမဟုတ်

Tuesday, January 7, 2014
သတင်းအယ်ဒီတာအဖွဲ့

ဧရာဝတီမြစ်ဆုံဒေသအား ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)


၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်က သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာဖြင့် ယာယီရပ်ဆိုင်းခဲ့သော မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရန် တရုတ်ကုမ္ပဏီ China Power Investment (CPI) ဘက်က ကြိုးပမ်းမှုများ ရှိလာသည်။ မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့ပြီး နှစ်နှစ်ကျော် ကာလအတွင်း တရုတ်တို့၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုမှာ ပြောင်းလဲသွားကာ အစိုးရတစ်ခုတည်းကို ဦးတည်စည်းရုံးနေခြင်းထက် အခြားနိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် ပြည်သူလူထုကိုပါ စည်းရုံးနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။ ထိုလုပ်ဆောင်မှု၏ အကျိုးဆက်အနေဖြင့် ယခုရက်ပိုင်းအတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်ကိစ္စနှင့် ပတ်သက်၍ ကျယ်ကျယ်လောင်လောင် ပြောကြားမှုများ ရှိလာခဲ့သည်။

တစ်ကျော့ပြန် စိန်ခေါ်မှု

မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် ယာယီရပ်ဆိုင်းခဲ့သည်။ ၂၀၁၁-၂၀၁၅ ခုနှစ် ငါးနှစ်တာ ကာလအတွင်း ထိုကိစ္စရပ်သည် ပြန်လည်နိုးထရမည့် အကြောင်းအရာ မဟုတ်သော်လည်း ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကျော့ပြန် ဖြစ်လာခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်းကျော် တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့သည်။ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးခဲ့သည်။

ထိုအားကစားပွဲအပြီး လေးရက်အကြာတွင် တရုတ်ကုမ္ပဏီ (ACHC) က ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဧရာဝတီ မြစ်ဆုံ-မြစ်ညာ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC) သည် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မည့် (CPI) ၌ အကြီးစားရှယ်ယာ ပိုင်ဆိုင်ထားသည်။ ACHC ကုမ္ပဏီ၏ မန်နေဂျာချုပ် လီကွမ်းဟာ တက်ရောက်ရှင်းလင်းခဲ့သည့် ထိုသတင်းစာရှင်းလင်းပွဲ၏ အနှစ်ချုပ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရန်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းချက်ကို ဝေ့၀ိုက်ဖြေကြားခဲ့သော်လည်း မြစ်ဆုံစီမံကိန်း ပြန်စရန်အတွက် ၂၀၀၅ ခုနှစ်တွင် တက်လာမည့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည်ဆိုသော အချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားသည်။

ACHC ကုမ္ပဏီ၏ ရှင်းလင်းမှုနှင့်အတူ မြစ်ဆုံစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် တစ်ကျော့ပြန် စိန်ခေါ်မှုဖြစ်လာသည်။ မြစ်ဆုံစီမံကိန်းကို မည်သည့်နည်းနှင့်မျှ ပြန်လည်စတင်ခွင့် ပြုမည်မဟုတ်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပြည်သူလူထုက တုံ့ပြန်ခဲ့သည်။ သမ္မတဦးသိန်းစိန်က မိမိ၏ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းကို လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာ ကုမ္ပဏီက ဥပဒေကြောင်းဖြင့် တုံ့ပြန်လာပါက နိုင်ငံတကာ ဥပဒေများဖြင့် ရင်ဆိုင်ရန်ရှိကြောင်း ၎င်း၏ပြောရေးဆိုခွင့် ရှိသူထံမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီ ACHC ၏ ညှိနှိုင်းလိုသည့် သဘောထားကို အခြေခံပြီး လွတ်လပ်သော အာရှအသံ (RFA)က ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်ရန် ရေပန်းစားနေသော ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းမေးမြန်းခဲ့သည်။

“မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် ၂၀၁၅ တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းမယ်လို့ တရုတ်ကုမ္ပဏီက ဒီရက်ပိုင်းပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရင် အဲဒီလိုဆောင်ရွက်မှာလား” ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် လက်ရှိအစိုးရတွင် တာဝန်ရှိကြောင်းနှင့် နောင်တက်လာမည့် အစိုးရကို တာဝန်ယူရန် ပြောကြားထားသည့်သဘော ဖြစ်နေကြောင်း ပြောကြားသည်။

“ညှိနှိုင်းရမည်” ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အခြေခံပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာမှတစ်ဆင့် မြစ်ဆုံစီမံကိန်း ပြန်လုပ်ရန် သင့်၊ မသင့်မှာ “ညှိနှိုင်းရန်” ကိစ္စ မဟုတ်ကြောင်း ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။

မကျက်တဲ့ အနာဟောင်း၏ ဒဏ်ရာအစ

မြစ်ဆုံစီမံကိန်း အစမှာ ၂၀၀၅ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ပြုလုပ်ခဲ့သည့် အာရှ-အာဖရိက ကွန်ဖရင့်၏ အာဆီယံ-အာဖရိက ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်နေသည်။ ထိုဆွေးနွေးပွဲတွင် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးသန်းရွှေ(အငြိမ်းစားဗိုလ်ချုပ်မှူးကြီး)နှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချရန် သဘောတူခဲ့သည်။

သဘောတူချက်အရ ၂၀၀၆ ခုနှစ် ဒီဇင်ဘာတွင် လေ့လာတိုင်းထွာမှုများ ပြုလုပ်ခဲ့သည်။ ထိုအချိန်ကပင် အစိုးရအဖွဲ့အကြား မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး သဘောထားကွဲမှုများ ရှိခဲ့သည်။ သို့သော် တရုတ်ဘက်မှ အမြန်ဆုံးစတင်နိုင်ရန် တိုက်တွန်းခဲ့သည်။

၂၀၀၉ ခုနှစ် ကိုးကန့်အရေး ဖြစ်ပေါ်ချိန်တွင် မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုရှိခဲ့ပြီး တရုတ်နိုင်ငံဘက်က သတိပေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးမောင်အေး (အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး)က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန် ၂၁ ရက်တွင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း သဘောတူစာချုပ်အား တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်နှင့် CPI ကုမ္ပဏီဥက္ကဋ္ဌ Lu Qizhou တို့ လက်မှတ်ရေးထိုးခဲ့သည်။ ဦးမောင်အေး၏ တရုတ်ခရီးစဉ်တွင် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး-၁ နှင့် ထိုစဉ်က အစိုးရတွင် ဒုတိယသမ္မတ တာဝန်ယူခဲ့သူ ဦးတင်အောင်မြင့်ဦး (အငြိမ်းစားဗိုလ်ချုပ်ကြီး)လည်း အဓိကတာဝန်ရှိသူ တစ်ဦးအနေဖြင့် လိုက်ပါသွားခဲ့သည်။

ထို့နောက် မြစ်ဆုံရေကာတာ စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းဖွင့်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့ပြီး မြစ်ဆုံစီမံကိန်းကို မကြာမီ စတင်မည်ဟု ယခင်လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်မင်း (ဗိုလ်မှူးကြီး) က တရားဝင်ကြေညာခဲ့သည်။

၂၀၀၉ ခုနှစ်က ချုပ်ဆိုခဲ့သော စာချုပ်အရ မြစ်ဆုံစီမံကိန်းကို မြန်မာနိုင်ငံဘက်မှ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ CPI တို့က အဓိက လုပ်ဆောင်ကြမည်ဖြစ်သည်။ ရှယ်ယာပိုင်ဆိုင်မှု အနေဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ အေးရှားဝေါလ်ကုမ္ပဏီက လက်ငင်းငွေရှယ်ယာ ငါးရာခိုင်နှုန်းနှင့် CPI က ရှယ်ယာရာခိုင်နှုန်း ၈၀ ဖြင့် အများဆုံး ပိုင်ဆိုင်ခဲ့သည်။ စီမံကိန်းကာလမှာ မူလက နှစ် ၃၀ ဖြစ်သော်လည်း နောက်ပိုင်းတွင်နှစ် ၅၀ ဖြစ်ခဲ့သည်။ ထို့အတူ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၃၆၀၀ ထွက်ရှိရန် မူလကမျှော်မှန်းခဲ့ပြီး နောက်ပိုင်းတွင် မဂ္ဂါဝပ် ၆၀၀၀ အထိထုတ်လုပ်ရန် တိုးမြှင့်ခဲ့သည်။

CPI ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရှိ အကြီးဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းငါးခုအနက် တစ်ခုအပါအ၀င် ဖြစ်သည်။

ကုမ္ပဏီကို တရုတ်ပြည်သူ့သမ္မတ၊ နိုင်ငံပိုင်လုပ်ငန်းများ ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေး ကော်မရှင် (SASAC) က ခန့်ခွဲခြင်းဖြစ်သည်။ CPI သည် တရုတ်နိုင်ငံ ပြည်နယ် ၂၇ ခုတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကာ တရုတ်နိုင်ငံ လျှစ်စစ်သုံးစွဲမှု ပမာဏ၏ ခန့်မှန်းခြေ ၁၀ ရာခိုင်နှုန်းအထိ တာဝန်ယူ ထောက်ပံ့ပေးလျက် ရှိသည်။

မြစ်ဆုံစီမံကိန်း လည်ပတ်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံမှ နှစ်ငါးဆယ်အတွက် အမေရိကန်ဒေါ်လာ ၅၄ ဘီလျံ ရရှိမည်ဖြစ်ပြီး နှစ်ငါးဆယ်စီမံကိန်း လည်ပတ်မှုအပြီးတွင် အမေရိကန်ဒေါ်လာ ၁၆၀ ဘီလျံရရှိနိုင်ကြောင်း CPI အစီရင်ခံစာ အချက်အလက်များက ဆိုသည်။ သို့သော် အမေရိကန်နိုင်ငံ အခြေစိုက် International Rivers ၏ ထုတ်ပြန်ချက်အရ မြစ်ဆုံစီမံကိန်းမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရယူမည်ဖြစ်ပြီး ထိုသို့ရယူမှုမှတစ်ဆင့် စီမံကိန်း၏ ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ရလဒ်ကို တရုတ်နိုင်ငံက ရရှိမည်ဖြစ်သည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းမှာ ကမ္ဘာပေါ်တွင် ၁၅ ခုမြောက် အကြီးမားဆုံး ရေကာတာစီမံကိန်းတစ်ခု ဖြစ်ခဲ့သည်။

စီးပွားရေးအရ “နိုင်ထက်စီးနင်းပြုမှု” အချက်အလက်များထက် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်ပြီး ကချင်ပြည်နယ် တစ်ခုလုံးသာမက နိုင်ငံပျက်သုဉ်းနိုင်သည်အထိ အန္တရာယ်ကြီးမားခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ချိန်ဆပါကလည်း ထိခိုက်ခံရမှု ရာခိုင်နှုန်း မြင့်မားခြင်းများက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် တွန်းအားပေးမှုများ ဖြစ်လာခဲ့သည်။

ဧရာဝတီကို ကာကွယ်ပါ၊ ပြည်ထောင်စုကို ကာကွယ်ပါ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်၌ မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံနှင့် သဘောတူခဲ့ပြီး ၂၀၀၉ခု နှစ်တွင် စတင်အသက်သွင်းခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၁ အစိုးရအဖွဲ့သစ် တက်လာချိန်တွင် မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်ရန် ကန့်ကွက်သံများ ကျယ်လောင်လာခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များသာမက နယ်ပယ်အသီးသီးမှ ထင်ရှားသူများ၊ ပညာရှင်များ၊ သာမန်ပြည်သူ လူထုများကပင် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။


မြစ်ဆုံစီမံကိန်း ဧရိယာတွင် ရစ်ခ်ျတာစကေး ၈ နှင့်အထက် ငလျင်ဖြစ်ပွားမည်ဆိုပါက ဆည်ကျိုးပေါက်ပြီး စက္ကန့်ပိုင်းတွင်း မြစ်ကြီးနားမြို့တ၀ိုက်နှင့် မြစ်ဆုံအောက်ဘက် ကချင်ပြည်နယ် မြေပြန့်တလျှောက် ရေလွှမ်းမိုးပြီး အသက်အိုးအိမ်များစွာ

ထိုတောင်းဆိုမှုများအနက် အထင်ရှားဆုံးနှစ်ခုမှာ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်သော ‘Save the Irrawaddy’ ဟောပြောပွဲနှင့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော ‘သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ’ ဟောပြောပွဲတို့ ဖြစ်ကြသည်။

ထိုဟောပြောပွဲနှစ်ရပ်နှင့်အတူ “မည်သည့်ကန့်ကွက်မှုများ ရှိနေသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ပြီး ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း” ပြောကြားခဲ့သည့် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၏ ပြောကြားချက်အပေါ် လက်မခံကြောင်း ပြည်သူလူထုက ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ကြသည်။

မြစ်ဆုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ရှုထောင့်မှ ကြည့်ပါက လုံးဝမလုပ်ဆောင်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်းနှင့် စီမံကိန်းကို လုံးဝရပ်ဆိုင်းရန် ‘သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ’ ဟောပြောပွဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက တောင်းဆိုခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင် ဦးအုန်းက လျှပ်စစ်ဓာတ်အား ထုတ်ယူရေးအတွက် မြစ်ဆုံတွင် ရေကာတာဆောက်ခြင်းကို လက်မခံကြောင်းနှင့် မြစ်ဆုံဒေသကို မထိပါးရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။ Eco dev မှ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ဖြင့် မြစ်ဆုံစီမံကိန်း၏ ဆိုးကျိုးများကို ထုတ်ဖော်ခဲ့ပြီး မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က မြစ်ဆုံစီမံကိန်းသည် ဧရာဝတီ၏ နေ၀င်ချိန်ဖြစ်သည့်အပြင် နိုင်ငံတော်လုံခြုံရေးကို ထိပါးနေပြီး သဘာဝဘေးအန္တရယ် ကြီးမားသဖြင့် ရပ်ဆိုင်းသင့်ကြောင်း ပြောကြားသည်။

အခြေခံအားဖြင့် မြစ်ဆုံစီမံကိန်း ဧရိယာသည် ငလျင်ကျောပေါ်တွင် ရှိနေသည်။ CPI ကုမ္ပဏီက ဆည်တည်ဆောက်ရာတွင် ငလျင်အင်အား ရစ်ခ်ျတာစကေး ၈ အထိ ခံနိုင်ရည်ရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော် စီမံကိန်းကာလအတွင်း စီမံခန့်ခွဲ့မှု အမှားများကို ထည့်တွက်ပါက မြစ်ဆုံဆည်သည် ငလျင်အင်အား ရစ်ခ်ျတာစကေး ၇ နှင့် ၈ အထက်ကို ခံနိုင်မည့် အခြေအနေ မရှိပေ။ ပြီးခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း ကချင်ပြည်နယ်နှင့် ဧရာဝတီမြစ်နှင့် နီးစပ်သော ဒေသများတွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၅ အထက် ငလျင်သုံးခု လှုပ်ခတ်ခဲ့သည်။ ၁၉၃၁ ခုနှစ် ကာမိုင်းငလျင်၊ ၁၉၄၆ ခုနှစ် တကောင်းငလျင်နှင့် ၁၉၉၁ ခုနှစ် ထီးချိုင့်ငလျင်တို့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ရစ်ခ်ျတာစကေား ၆ အထိ ရှိခဲ့သည်။

ကမ္ဘာနှင့်အ၀မ်း ဖြစ်ပေါ်နေသော ရာသီဥတုဆိုင်ရာ ပြောင်းလဲချက်များအရ မြစ်ဆုံစီမံကိန်း ဧရိယာတွင် ရစ်ခ်ျတာစကေး ၈ နှင့်အထက် ငလျင်ဖြစ်ပွားမည်ဆိုပါက ဆည်ကျိုးပေါက်ပြီး စက္ကန့်ပိုင်းတွင်း မြစ်ကြီးနားမြို့တ၀ိုက်နှင့် မြစ်ဆုံအောက်ဘက် ကချင်ပြည်နယ် မြေပြန့်တလျှောက် ရေလွှမ်းမိုးပြီး အသက်အိုးအိမ်များစွာ ဆုံးရှုံးရမည်ဖြစ်သည်။

နှစ်ပေါင်း ၅၀ အတွင်း မြစ်ဆုံစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၅၇ ဘီလျံ ရရှိမည်ဟု ပြောကြားသော်လည်း အစိုးရ၏ လျှပ်စစ်ဝန်ကြီးဌာနမှ ရေးသားသည့် စီးပွားရေးတွက်ချက်ကိုက်မှု စာတမ်း၌ မြန်မာနိုင်ငံအနေဖြင့် ၁၇ ဘီလျံသာ ရရှိမည်ဟု ဖော်ပြခဲ့သည်။ ထို့အတွက်ကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်သာ ရရှိမည်ဖြစ်ပြီး မြစ်ကြောင်းထိန်းသိမ်းရေး စရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ကုန်ကျမည် ဖြစ်သည်။


မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဧရိယာနယ်မြေအတွင်း သက်ဆိုင်သူမှအပ ၀င်ခွင့်မပြုဟု ကြေညာထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အ၀င်နေရာအား တွေ့ရစဉ်

သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှု အနေအထားမှာ ပို၍တန်ဖိုးကြီးမားနေပြီး မြစ်ဆုံစီမံကိန်းသည် ပြန်လည်သုံးသပ်ရမည့် စီမံကိန်းဖြစ်ကြောင်း BANCA ၏ အစီရင်ခံစာ၊ လုံးဝမလုပ်သင့်ကြောင်း တရုတ်သဘာဝပတ်ဝန်းကျင် ပညာရှင်အချို့၏ အစီရင်ခံစာများကို CPI ကုမ္ပဏီက လျစ်လျူရှုခဲ့သည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်တိမ်ကောပြီး မြစ်တစ်လျှောက်နေထိုင်သူ အားလုံး၏ လူနေမှုဘ၀များ၊ သဘာဝဂေဟစနစ်များ ပျက်စီးသွားမည့်အပြင် ပြည်ထောင်စုအတွက်လည်း အန္တရာယ်တစ်ခု ဖြစ်ခဲ့သည်။

“နိုင်ငံသားရရှိထားတဲ့ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးမဆို ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုအပေါ်မှာ ကျေးဇူးသစ္စာ စောင့်သိရိုသေတဲ့ လူတွေဟာ ကျွန်တော်တို့ရဲ့ လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြစ်ဆုံကိစ္စမှာ ကျွန်တော်ပြောချင်တာက အကယ်၍သာ ဒီမြစ်ဆုံကို ဇွတ်အတင်း ဆောက်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်သာ ကချင်လူမျိုးဖြစ်ခဲ့ရင် ဒါဟာတရားမျှတတဲ့ လုပ်ရပ်လို့ ဘယ်တော့မှ တွေးထင်မှာ မဟုတ်ပါဘူး။ ကျွန်တော်သာ ဗမာလူမျိုးဖြစ်ခဲ့ရင် ကိုယ့်ထက်အင်အားနည်းတဲ့ လူမျိုးတွေအပေါ်မှာ ကျွန်တော်ဟာ အမြဲတမ်း gulity concious ဖြစ်နေမှာပါ။ ကျွန်တော်ဟာ ရှမ်းလူမျိုး၊ ကရင်လူမျိုးဖြစ်ရင် ကချင်လူမျိုးတွေကို ဒီလိုလုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ သံသယတွေ ဖြေဖျောက်လို့ရမှာ မဟုတ်ပါဘူး” ဟု သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲ၌ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်

မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်တွင် လွှတ်တော်၏ အခန်းကဏ္ဍမှာ ယနေ့အချိန်လောက် အားကောင်းမှု မရှိသေးပေ။ သို့သော် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်းတို့အစိုးရလက်ထက်တွင် လုပ်ဆောင်မည်မဟုတ်ဘဲ ယာယီရပ်ဆိုင်းမည်ဟု လွှတ်တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့လိုက်သည်။

အမေရိကန်နှင့် အီးယူတို့က စီးပွားရေးပိတ်ဆို့မှု မရုပ်သိမ်းသေးဘဲ တရုတ်နိုင်ငံအပေါ် လုံးလုံးလျားလျား မှီခိုအားထားနေရချိန်တွင် သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် “စွန့်စားမှု” တစ်ခုဖြစ်ခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး အသိုင်းအ၀ိုင်းမှ သိရှိရသည်။

နယ်စပ်ရေးရာ ပြဿနာများ၊ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်များအပြင် အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူများကြောင့်လည်း သမ္မတဦးသိန်းစိန်အတွက် မြစ်ဆုံစီမံကိန်းကို “ယာယီရပ်ဆိုင်းခြင်း” မှတစ်ပါး အခြားမရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်မြင်တာကတော့ ဦးသိန်းစိန် အဲဒီကာလတုန်းက အဲဒီဆုံးဖြတ်ချက်ကို ချတဲ့အချိန်မှာ အစိုးရ၀န်ကြီးဌာနဘက်ကပါတဲ့ အနည်းဆုံး လေးယောက်လောက်နဲ့ စကားပြောကြည့်ဖူးတယ်။ သူတို့ပြောတာက လူ ၁၆ ယောက်လောက်ကို ခေါ်ပြီးတော့ ဦးသိန်းစိန်က ပြောတယ်။ သူဒီကိစ္စကို ရပ်ဆိုင်းတော့မယ်ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ လွှတ်တော်တွင်းမှာလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ အားလုံးက အံ့အားသင့်တာပေါ့” ဟု မြစ်ဆုံစီမံကိန်း မလုပ်သင့်ကြောင်းကို ၂၀၀၉ ခုနှစ် ကာလများအတွင်း ဝေဖန်ထောက်ပြမှုများ ပြောကြားခဲ့သူ ဦးမင်းဇင်က ပြောကြားသည်။

“ပြောချင်တာက အဲဒီကာလတုန်းက ဒုသမ္မတတာဝန် ယူထားတဲ့ ဦးတင်အောင်မြင့်ဦးဆိုတာ မြစ်ဆုံကိစ္စမှာ အဓိက ပါဝင်ပတ်သက်ခဲ့သူ ဆိုတာကို အားလုံးသိပါတယ်။ နောက်တစ်ခုကလည်း ဦးတင်အောင်မြင့်ဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူဆိုပြီး အားလုံးက သဘောထားကြပါတယ်။ ဆိုတော့ အဲဒီလို အချိန်မျိုးမှာ ဦးသိန်းစိန်က ၀န်ကြီးတော်တော်များများကို မတိုင်ပင်ဘဲလုပ်တယ်။ နီးစပ်တဲ့သူတစ်ချို့က ပြောတာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က တစ်စုံတစ်ရာ လက်ခံလို့ဆိုတာမျိုး ပြောကြတယ်။ ကျွန်တော့်အမြင်ကတော့ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ဦးသိန်းစိန် အာဏာယူပြီး လေးငါးခြောက်လဟာ ဘာမှအပြောင်းအလဲ မရှိဘူး။ ပထမဆုံး သိသာထင်ရှားတဲ့ အပြောင်းအလဲဟာ မြစ်ဆုံကိစ္စပဲ။ ဆိုတော့ ဒီကိစ္စဟာ အဲဒီအချိန်၊ အဲဒီကာလတုန်းကဆိုရင် ဒါဟာတော်တော်ကို စွန့်စားပြီးလုပ်ရတဲ့ အလှည့်အပြောင်းပဲ” ဟု ဦးမင်းဇင်က ဆက်လက်ပြောကြားသည်။

အလှည့်အပြောင်းဆိုသည်မှာ ပထ၀ီနိုင်ငံရေးအရ တွက်ချက်ပြီးလုပ်ခြင်းလည်း ဖြစ်နိုင်ပြီး ယာယီရပ်ဆိုင်းပြီး အပြီးအပြတ် မဖြေရှင်းခြင်းမှာ ယခုထက်ပိုသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည်ဟု ၎င်းကပြောပါသည်။

“အလှည့်အပြောင်းဆိုတာက ပထ၀ီနိုင်ငံရေး သဘောအရလည်း တွက်ချက်ပြီးလုပ်ရတဲ့ သဘောဖြစ်တယ်။ နောက်ပြီးတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရှုထောင့်အရလည်း ကတိက၀တ်တွေကို လက်မခံရင် ဘာဖြစ်နိုင်တယ်ဆိုတဲ့ ဂယက်တွေအောက်မှာ သိနေပြီး အဲဒီအခြေအနေအောက်မှာ စွန့်စားပြီးလုပ်ရတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စမှာ ဦးသိန်းစိန်က ဘယ်လိုအပြီးအပြတ် ဖြေရှင်းသလဲ။ ဖျာအောက်ထဲထည့်ပြီး သိမ်းထားလိုက်တာလား။ ဒီကိစ္စကို ဘယ်လိုနောက်ဆက်တွဲ ဖြေရှင်းသလဲဆိုတာတော့ ဒီ့ထက်ပိုပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်သင့်တယ်။ ပန်ကြည့်မယ်ဆိုရင်တော့ အဲ့လောက် အနေအထားမှာ အဲ့လောက် ဆုံးဖြတ်ချက်မျိုး ချတယ်ဆိုတာကတော့ တော်တော်စွန့်စားရတဲ့ဟာမျိုး။ ဒါပေမဲ့ နောက်ဆက်တွဲတွေ ဆက်မလုပ်တာ သီးသန့်ဖြစ်အောင် မလုပ်တာကတော့ တော်တော်စုံစမ်းစစ်ဆေးရမယ့် ကိစ္စမျိုး။ နောက်အစိုးရကို ပုံချတယ်လို့ ပြောတာမျိုးကတော့ နည်းနည်းအဆိုးမြင်တယ်လို့ ထင်တယ်” ဟု ဦးမင်းဇင်ကဆိုသည်။


အဲဒီကာလတုန်းက ဒုသမ္မတတာဝန် ယူထားတဲ့ ဦးတင်အောင်မြင့်ဦးဆိုတာ မြစ်ဆုံကိစ္စမှာ အဓိက ပါဝင်ပတ်သက်ခဲ့သူ ဆိုတာကို အားလုံးသိပါတယ်။ နောက်တစ်ခုကလည်း ဦးတင်အောင်မြင့်ဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူဆိုပြီး အားလုံးက သဘောထားကြပါတယ်။ ဆိုတော့ အဲဒီလို အချိန်မျိုးမှာ ဦးသိန်းစိန်က ၀န်ကြီးတော်တော်များများကို မတိုင်ပင်ဘဲလုပ်တယ်။ နီးစပ်တဲ့သူတစ်ချို့က ပြောတာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က တစ်စုံတစ်ရာ

နိုင်ငံတော်သမ္မတရုံးဘက်သို့ စုံစမ်းသိရှိရမှုအရ မြစ်ဆုံကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်မှာ “သမ္မတဦးသိန်းစိန်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်” ဖြစ်ပြီး ထိုအချိန်တွင် ယာယီရပ်ဆိုင်းရန် နည်းလမ်းကသာ အသင့်တော်ဆုံးနည်းလမ်း ဖြစ်ခဲ့ကြောင်း သိရသည်။

နောက်ဆက်တွဲ ကိစ္စရပ်အနေဖြင့် မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်သော်လည်း စီမံကိန်းဧရိယာမှ ထွက်ခွာခြင်းမပြုဘဲ ကျန်ရှိနေသော CPI ကုမ္ပဏီ ၀န်ထမ်းများ၊ စက်ယန္တရားများကို ထွက်ခွာစေခြင်းများ၊ တရုတ်ကုမ္ပဏီမှ ဥပဒေအရ ဆောင်ရွက်လာပါက နိုင်ငံတကာ ဥပဒေများဖြင့် တုံ့ပြန်ရန် အသင့်ပြင်ခြင်းများ၊ နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်စေရန် သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး အဆင့်မြင့်အရာရှိများထံမှ သိရှိရသည်။

တရုတ်နိုင်ငံ၏ တုံ့ပြန်မှု

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့ခြင်း တရုတ်ခေါင်းဆောင်များက ဒေါသထွက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တရုတ်မီဒီယာများကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါသည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကို ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု CPI ကုမ္ပဏီဘက်က ထုတ်ဖော်ပြောကြားခဲ့သော်လည်း ယနေ့အချိန်အထိ ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခြင်း မရှိပေ။ ထို့အပြင် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မြစ်ဆုံရပ်ဆိုင်းခဲ့ခြင်းအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ နစ်နာနေရကြောင်းနှင့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှပ်နှံထားပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီး နောက်တစ်နေ့တွင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သော ကုမ္ပဏီတို့၏ အကျိုးစီးပွားကို ထိန်းသိမ်းပေးရန် ပြောကြားခဲ့သည်။ ထို့အပြင် စီမံကိန်းကို ဆက်လုပ်သင့်ကြောင်းနှင့် ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အရ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်နည်းတူ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်လည်း ဒုတိယသမ္မတ တင်အောင်မြင့်ဦးက တရုတ်နိုင်ငံ နန်နင်းကုန်စည်ပြပွဲသို့ သွားရောက်ကာ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင်လည်း တရုတ်နိုင်ငံဘက်က မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် တွန်းအားပေး ပြောဆိုခြင်းများ ရှိခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်အရ ဖြစ်လာသည့် စီမံကိန်းများ အသက်ဝင်စေရန်နှင့် ကတိက၀တ်များကို ဖြည့်ဆည်းဆောင်ရွက်သင့်ကြောင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်းက ပြောကြားခဲ့သည်။

တရုတ်မီဒီယာများကမူ မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ‘စာချုပ်ဖျက်သည့် မြန်မာနိုင်ငံကို သင်ခန်းစာ ပေးရမည်ဖြစ်ကြောင်း’၊ ‘မြန်မာအစိုးရ၏ ကတိမတည်မှုသည် နိုင်ငံတကာကို ၀င်ဆံ့နိုင်သည့် အရည်အချင်း မရှိကြောင်း’၊ ‘ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှသာ တရုတ်-မြန်မာ ဆက်ဆံရေးတွင် မြန်မာတွေ ဆင်ခြင်မည်ဖြစ်ကြောင်း’ အစရှိသဖြင့် ခြိမ်းခြောက်မှုများပါသော အသုံးအနှုန်းဖြင့် တုံ့ပြန်ခဲ့သည်။

မြစ်ဆုံစီမံကိန်းကို အကျိုးဆက် အနေဖြင့်လည်း အာဖရိကတွင် လုပ်ကိုင်နေသော တရုတ်ရေကာတာ စီမံကိန်းများမှာလည်း မြန်မာနိုင်ငံ ဖြစ်စဉ်ကြောင့် ရပ်ဆိုင်းသွားခဲ့သည်။

နောက်မဆုတ်တဲ့ CPI

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပါက လုံးဝခွင့်မပြုနိုင်ကြောင်း မြန်မာပြည်သူလူထု၏ သဘောဆန္ဒမှာလည်း မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ လက်ခံမည် မဟုတ်သောကြောင့် ထိုကိစ္စရပ် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စသာဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရက ဥပဒေဖြင့် ဆောင်ရွက်လာပါက နိုင်ငံတကာ ဥပဒေများဖြင့် တုန့်ပြန်မည်ဟု ပြောဆိုထားချိန်၌ CPI ကုမ္ပဏီက ဥပဒေကြောင်းဖြင့် တုန့်ပြန်မှု မပြုသေးသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။ စီမံကိန်း ရပ်ဆိုင်းစဉ်က ဥပဒေနည်းလမ်းဖြင့် ရင်ဆိုင်ဖြေရှင်းမည်ဟု ပြောကြားသော်လည်း စီမံကိန်း ရပ်ဆိုင်းပြီး နှစ်နှစ်ကျော်ကြာသည်အထိ ထိုနည်းလမ်းအတိုင်း ကျင့်သုံးမှုမရှိဘဲ စီမံကိန်းကို ပြန်စရန် CPI ကုမ္ပဏီဘက်က ကြိုးပမ်းလာခဲ့သည်။

ထိုသို့ ကြိုးပမ်းရာတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ၀ါဒဖြန့်ဗီဒီယိုဖိုင်များ၊ စာရေးသားများဖြင့် ဒေသခံများနှင့် ပြည်သူလူထုကို စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လည်း ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ထိုနည်းတူစွာ နိုင်ငံရေး အင်အားစုများဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဆောင်သူများ၊ အခြားနိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များကို CPI ကျောထောက်နောက်ခံပြု တရုတ်အစိုးရ အစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး မြစ်ဆုံစီမံကိန်းကို ရှင်းပြခြင်းများ၊ စီမံကိန်း ပြန်လည်စတင်လိုခြင်းများကို ပြောကြားခြင်းများ ရှိခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသို့ လာရောက်သည့် မြန်မာကိုယ်စားလှယ်များကို လာဘ်ထိုးခြင်း၊ စည်းရုံးစွဲဆောင်ခြင်းများ ပြုလုပ်ခဲ့ခြင်းများ ရှိခဲ့ပြီး ၎င်းတို့အနေဖြင့် လက်ခံခြင်း မပြုခဲ့ကြောင်း၊ အချို့ဧည့်ခံမှုများတွင် အမျိုးသမီးငယ်များကို စေလွှတ်၍ ဧည့်ခံခြင်းများပင် ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် NLD ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထိုကဲ့သို့ တရုတ်နိုင်ငံသို့ နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ခေါ်ယူစည်းရုံးခဲ့သည့်နည်းတူ မီဒီယာများကို ဖိတ်ခေါ်ရှင်းလင်းခြင်း၊ မက်လုံးပေး စွဲဆောင်ခြင်းများလည်း ရှိခဲ့သည်။

တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကူညီထောက်ပံ့ခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်အပြီး လေးရက်အကြာ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်လည်း ထိုကဲ့သို့သော စည်းရုံးပြောဆိုမှုများကို တွေ့ရှိခဲ့ရသည်။

ထို့အပြင် နေပြည်တော်၌ CPI ရုံးခွဲ ဖွင့်လှစ်ရန် ပြင်ဆင်မှုများ ရှိနေခဲ့ပြီး ရပ်ဆိုင်းထားသော စီမံကိန်းကို ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ပြန်စနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

တရုတ်ရင်းနှီးမြုပ်နှံမှုနှင့် အနာဂတ်မြန်မာနိုင်ငံ

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုမှာ သိသာစွာ ကျဆင်းသွားခဲ့သည်။ သို့သော် အမေရိကန်နှင့် အီးယူနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုမှာ တက်ရိပ်ပြလာခဲ့သည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုသည် ၂၀၀၈-၂၀၁၂ ခုနှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၀၇ သန်းအထိ ကျဆင်းသွားသည်။ ထိုရလဒ်ကို အခြေခံပြီး ‘တရုတ်ရင်းနှီးမြုပ်နှံမှု ကျဆင်းလာခြင်းက မြန်မာနိုင်ငံအတွက် မကောင်းကြောင်း’ ရေးသားသည့် နိုင်ငံတကာဆောင်းပါးအချို့ ရှိခဲ့သည်။ ထိုဆောင်းပါးများတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ အနေဖြင့် ရပ်ဆိုင်းထားသော တရုတ်စီမံကိန်းများကို ပြန်စရန် တရုတ်တာဝန်ရှိသူများက တိုက်တွန်းခဲ့ကြသည်။

သို့ရာတွင် တရုတ်ရင်းနှီးမြုပ်နှံမှု ကျဆင်းလာခြင်းကို အားနည်းချက်အဖြစ် မြန်မာနိုင်ငံက မမြင်ကြောင်း သမိုင်းလေ့လာသူ ဦးအောင်ခင်က VOA သတင်းဌာန၌ သုံးသပ်ခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကားပြီး ထင်မြင်ချက်ပေးခဲ့သည့် ဦးအောင်ခင်၏ သုံးသပ်ချက်တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု ငါးဆတက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ရှိကြောင်း၊ နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသဖြင့် တရုတ်အရင်းအနှီး နည်းလာသော်လည်း နိုင်ငံခြား အရင်းအနှီး ကျဆင်းသွားခြင်းမရှိဘဲ တရုတ်ထင်သလို မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ညှိနှိုင်းအပေးအယူ လုပ်ရမည့်ကိစ္စ မဟုတ်

မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် တက်လာမည့် အစိုးရနှင့် ညှိနှိုင်းမည်ဟု ပြောဆိုလာချိန်တွင် မြစ်ဆုံစီမံကိန်းသည် ညှိနှိုင်းအပေးအယူ (Compromise) လုပ်ရမည့် ကိစ္စမဟုတ်ကြောင်း သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ အပါအ၀င် Weekly Eleven News ဂျာနယ်နှင့် တွေ့ဆုံခဲ့သူတိုင်းက ပြောကြားသည်။

မြစ်ဆုံစီမံကိန်းကို ပြန်လုပ်သင့်၊ မလုပ်သင့်ဆိုသည်မှာ ယတိပြတ်ဆုံးဖြတ်ချက် ပေးရမည်ဖြစ်ပြီး စီမံကိန်းစာချုပ်ပါ အချက်အလက်များမှာ ဥပဒေနည်းလမ်းအရ ဖြေရှင်းရမည့် နည်းလမ်းကိုသာ အသုံးပြုသင့်သည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။ မြစ်ဆုံစီမံကိန်းကို တရုတ်ကုမ္ပဏီက ပြန်လည်စတင်ရန်မှာ လုံးဝမဖြစ်နိုင်ကြောင်းနှင့် လက်ခံမည်မဟုတ်ကြောင်း ပြောကြားကြသည်။

“ညှိနှိုင်းရမယ့် အကြောင်းအရာ မဟုတ်ဘူး။ ပြတ်ပြတ်သားသား No ပဲ။ အခုက CPI က သူ့အမှားကို သူကာကွယ်ဖို့ လုပ်နေတဲ့ လုပ်ရပ်လို့ ထင်တယ်။ သူ့ဘက်မှာလည်း ပြည်သူမကြိုက်မှန်း ပေါ်သွားပြီ။ သူတို့လုပ်ခဲ့တဲ့ Project က အမှား။ စီးပွားရေး ဆုံးဖြတ်ချက် အမှားကြီး ဖြစ်နေတာကိုး၊ သူ့သိက္ခာ သူဆယ်ဖို့ လုပ်နေတဲ့ လုပ်ရပ်တွေလို့ မြင်တယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါက်တာကျော်သူက ပြောကြားသည်။

“မြစ်ဆုံနဲ့ပတ်သက်လို့ ညှိစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ သဘာဝပတ်ဝန်းကျင် တစ်ခုတည်းအတွက် မဟုတ်ဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စ၊ နောင်မျိုးဆက်သစ်တွေအားလုံး ဒီမြေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တစ်ယောက်ကိုတစ်ယောက် အမြင်ကြည်ကြည်လင်လင်နဲ့ ရေရှည်နေထိုင်နိုင်ဖို့ကိစ္စလို့ ကျွန်တော်ယူဆတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ကိုမြင့်ဇော်က ပြောပါသည်။


သဘာဝဓာတ်ငွေ့ပိုက်လိုင်းက သဘာဝဓာတ်ငွေ့တွေကို တည်ဆောက်ပြီးတော့ တကယ်လွှတ်မယ့် အချိန်မျိုးမှာ တိုက်ဆိုင်ပြီးတော့ ရခိုင်ကိစ္စ ဖြစ်တယ်ဆိုတာမျိုး။ အခုဆိုလည်း ကျွန်တော်တို့ အဲဒီသဘာဝဓာတ်ငွေ့ လမ်းကြောင်းတစ်လျှောက်မှာ ရထားလမ်းဖောက်ဖို့ လုပ်နေတယ်။ ဒီကိစ္စကို လူတွေအာရုံမရောက်အောင်

ထို့အပြင် ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းကလည်း ပညာရပ်ရှု့ထောင်က ကြည့်မည်ဆိုပါက လုံးဝမလုပ်သင့်သည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားပါသည်။

“ညှိနှိုင်းရမယ့်ဟာ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက မြစ်ဆုံဆိုတာထက် ဧရာဝတီကို ကြည့်ရမှာဗျ။ ကြည့်တာကိုက မှားနေတယ်။ ဧရာဝတီလို့ ကြည့်ရမှာ။ ဒေသဧရိယာလေးတစ်ခု မဟုတ်ဘူး” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ စာရေးဆရာ ကိုတာက ပြောပါသည်။


ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်နှင့် မြစ်ဆုံဒေသအား ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများက စီမံကိန်းပေါင်း ၅၃ ခုကျော် လာရောက်လုပ်ကိုင်ထားသည့်အနက် အဓိကစီမံကိန်း သုံးခုမှာ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနံပိုက်လိုင်းနှင့် လက်ပံတောင်းတောင် စီမံကိန်းတို့ ဖြစ်ကြသည်။

လက်ရှိအချိန်တွင် လက်ပံတောင်းတောင် စီမံကိန်းကို ညှိနှိုင်းအပေးအယူလုပ်ခြင်းဖြင့် ဖြေရှင်းလိုက်ခြင်းကြောင့် ကျန်စီမံကိန်းနှစ်ရပ်ကို တရုတ်နိုင်ငံဘက်က အပြင်းအထန် အာရုံစိုက်လာခြင်း ဖြစ်သည်။

ထိုပြင် မြစ်ဆုံစီမံကိန်းကို လက်ပံတောင်းကဲ့သို့ ဆုံးဖြတ်ချက်ချမည်ကို စိုးရိမ်နေသူများလည်း ရှိနေသည်။

“လက်ပံတောင်း ဆုံးဖြတ်ချက်မျိုး ဖြစ်မှာကြောက်တယ်။ လက်ပံတောင်း ဆုံးဖြတ်ချက်သည် မှန်တယ်လို့ မထင်ဘူး။ အဖြေကောင်းတွေ ထွက်နေတာ မဟုတ်ဘူး။ အားလုံးရှုံးတယ်။ ဒေါ်စုသူကိုယ်တိုင်လည်း ရှုံးတယ်။ စီမံကိန်းလည်း မအောင်မြင်ဘူး။ အဓိက ပြည်သူတွေလည်း နာတယ်။ အားလုံးကျေနပ်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ညှိနှိုင်းမယ်ဆိုတဲ့ စကားသည် ပြည်သူတွေ ပြည်သူကြောက်နေတဲ့စကား၊ ပြည်သူမကြိုက်တဲ့ စကားပဲ” ဟု ဒေါက်တာကျော်သူက ပြောကြားသည်။

ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို ညှိနှိုင်းအပေးအယူလုပ်ခြင်းဖြင့် ပြန်စနိုင်ရန် တရုတ်ဘက်က ကြိုးပမ်းလာသည့်နည်းတူ ကျောက်ဖြူရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ ခါးလည်ပိုင်းကို ဖြတ်တောက်ပြီး ရထားလမ်းဖောက်လုပ်မည့် အစီအစဉ်ကိုလည်း လုပ်ဆောင်ရန် ကြိုးပမ်းနေပါသည်။ ထိုစီမံကိန်းနှစ်ရပ်လုံးသည် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အပါအ၀င် အမျိုးသား အကျိုးစီးပွားကို တိုက်ရိုက်ထိပါးနေပြီး အမျိုးသားကာကွယ်ရေး ကျိုးပေါက်မှု အန္တရာယ်နှင့်လည်း ရင်ဆိုင်ရမည် ဖြစ်ပါသည်။

“မြစ်ဆုံကိစ္စလုပ်တယ် ဆိုတာက တကယ်ပဲ စိုက်လိုက်မတ်တပ် လုပ်တာလား။ တစ်ခါတစ်လေကျတော့လည်း အယောင်ပြ လုပ်တာတွေလည်း ဖြစ်တတ်တယ်။ ဥပမာ ဆိုပါတော့။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းက သဘာဝဓာတ်ငွေ့တွေကို တည်ဆောက်ပြီးတော့ တကယ်လွှတ်မယ့် အချိန်မျိုးမှာ တိုက်ဆိုင်ပြီးတော့ ရခိုင်ကိစ္စ ဖြစ်တယ်ဆိုတာမျိုး။ အခုဆိုလည်း ကျွန်တော်တို့ အဲဒီသဘာဝဓာတ်ငွေ့ လမ်းကြောင်းတစ်လျှောက်မှာ ရထားလမ်းဖောက်ဖို့ လုပ်နေတယ်။ ဒီကိစ္စကို လူတွေအာရုံမရောက်အောင် မြစ်ဆုံကိစ္စကို ပြန်ပြီးမီးမြှင့်ပေးတာမျိုးလား။ ဒါမျိုးတွေလည်းဗျာ။ ဒါတွေက ပြောရင်လည်း Speculation ဖြစ်တယ်။ ဒါပေမဲ့ မီဒီယာသမားတွေကော၊ သုတေသီတွေကော နှိုက်နှိုက်ချွတ်ချွတ် လိုက်ဖို့သင့်တယ်။ အမှန်တကယ်ကတော့ ဒီကိစ္စကို အာရုံစားခိုင်းထားပြီးတော့ ကျွန်တော်ထင်တယ်။ တစ်ခါတစ်လေကျရင် တစ်ဖက်မှာ အယောင်ပြပြီး တစ်ဖက်မှာ ရလဒ်ထွက်အောင် လုပ်သွားတာမျိုးလည်း ကြုံရတတ်တယ်” ဟု ဦးမင်းဇင်က ပြောကြားသည်။

တရုတ်နိုင်ငံက မဖြစ်မနေ လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် စီမံကိန်းသုံးရပ်အနက် မြစ်ဆုံစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ တန်ကြေးရှိပြီး လက်ပံတောင်းတောင် စီမံကိန်းမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၂ဒသမ၅ ဘီလျံ တန်ကြေးရှိမည်ဖြစ်ကြောင်း သိရှိရသည်။

စီမံကိန်းစာချုပ်ပါ အချက်အလက်များနှင့် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်စဲရန် အချက်မှာ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် အပေါ်တွင်သာ မူတည်မည် ဖြစ်ပါသည်။

လက်ပံတောင်းတောင်ကိစ္စနှင့် ဧရာဝတီမြစ်ဆုံ ကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားများ

မင်းမှာသစ္စာ၊ လူမှာကတိဆိုတဲ့ စကားတစ်ရပ်ရှိတယ်။ တချို့ကလည်း မင်းမှာကတိ၊ လူမှာသစ္စာလို့ ဆိုကြတယ်။ ကျွန်မအနေနဲ့ကတော့ မင်းမှာသစ္စာ၊ လူမှာကတိဆိုတဲ့ စကားကို ပိုကြိုက်တယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့မင်းဟာ စာချုပ်ကို သစ္စာနဲ့ထိမ်းသိန်းဖို့ လိုတယ်။ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဖျက်လိုက်ရင် တစ်ဘက်သတ် ချိုးဖောက်ရာကျတယ်။ ချိုးဖောက်ရင် နိုင်ငံတကာကလည်း ယုံကြည်မှာမဟုတ်ဘူး။
(လက်ပံတောင်း အစီရင်ခံစာ ထွက်ရှိပြီး ၂၀၁၃၊ မတ် ၁၃ ရက်က ကံတော-၀က်မှေးရွာသစ် ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့်စကား)

ကြေးနီစီမံကိန်းနဲ့ ပြဿနာတွေကို ပြေပြေလည်လည်နဲ့ ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းချင်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းမယ်။ ရေရှည်အကျိုးဆိုတာဟာ မနက်ဖြန် သဘက်ခါအတွက်လည်း မဟုတ်ဘူး။ ဒီကြေးနီစီမံကိန်း ပြီးတဲ့နောက် အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်။ အဲလိုလုပ်ရတဲ့နေရာမှာ အပေးအယူ လုပ်ရမယ်ဆိုတာ အခုကတည်းက ပြောထားပါရစေ။ နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုမှာပဲဖြစ်ဖြစ် ပြဿနာတွေကို ရင်ဆိုင်ရတာပဲ။ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အပေးအယူလုပ်တဲ့ နည်းသာလျှင် ယဉ်ကျေးတဲ့ပုဂ္ဂိုလ်များရဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။
(၂၀၁၂ ၊ နိုဝင်ဘာ ၃၀ ရက် မုံရွာ၊ အေးသာယာရပ်ကွက်၊ ဇက်ဆိပ်သောင်ပြင်၌ လူထုကို ပြောကြားသည့် မိန့်ခွန်းမှ)

အမုန်းခံသင့်ရင် ခံရမယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အန်တီအစကတည်းက ပြောထားတယ်။ ကိုယ်မှန်တယ်ထင်တာလုပ်ရင် အမုန်းခံရတယ်။ နိုင်ငံရေးဆိုတာ အချစ်ခံချင်လို့ လုပ်နေတာမဟုတ်ဘူး။ အချစ်ခံချင်လို့ လုပ်တယ်ဆိုတာ နိုင်ငံရေးမဟုတ်ဘူး။
(လက်ပံတောင်းတောင် အစီရင်ခံစာထွက်ရှိပြီး ၂၀၁၃ မတ် ၁၃ ရက်က မုံရွာမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့်စကား)

ညှိနှိုင်းရမှာပေါ့။ မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလဲ၊ ဘာလဲဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ၊ တာဝန်မယူတဲ့သဘော ဖြစ်တာပေါ့။ တကယ်ဆိုရင် အစိုးရဆိုတာ တာဝန်ယူရမှာပဲ။ နောက်ပြီးတော့ အခုမြစ်ဆုံစီမံကိန်းကို အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ။ ဒီမြစ်ဆုံစီမံကိန်းကို သဘောတူခဲ့တုန်းကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ။ အခုမှ မဆိုင်သလို လုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်းကို ငါးနှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့် အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ အဲ့ဒါတော့ အစ်မကမကြိုက်ဘူး၊ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့သတ္တိ ရှိရမယ်၊ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရှိရမယ်။
(ဇန်န၀ါရီ ၁ ရက် ထုတ်လွှင့်ခဲ့သော RFA ရေဒီယို အစီအစဉ်၌ ဖြေကြားချက်။ ‘မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် ၂၀၁၅ တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းမယ်လို့ တရုတ်ကုမ္ပဏီက ဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရင် အဲဒီလို ဆောင်ရွက်မှာလားဟု RFA က မေးမြန်းခဲ့ခြင်းဖြစ်သည်)

အန်တီဆိုရင် ဒီမြစ်ဆုံ contract ထဲမှာ ဘာပါလဲဆိုတာ ပထမကြည့်မယ်။ ကြည့်ပြီးမှ အဖြေပေးမယ်။ contract ထဲမှာ ဘာပါမှန်းလဲမသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှုဆိုတာ ဒါပဲ။ ဘာတွေကတိက၀တ်တွေ ခံထားလဲ။ နောက်ဆုံးကျတော့ ဒီကတိက၀တ်တွေ ခံရမှာက နိုင်ငံကပဲ ခံရမှာနော်။ ပြည်သူကပဲ ခံရမှာ။ အဲတော့ အဲဒါတွေလည်း မသိဘူး။ ဘာတွေသဘောတူထားမှန်းလဲ မသိဘူး။ ဘာပဲပြောပြော ဒီ contract တွေကို လက်မှတ်ထိုးတဲ့သူတွေက တာဝန်သိစိတ်တော့ ရှိရမယ်။ မသိချင်ယောင်နေလို့ မရဘူး။ မသိကျိုးကျွံ ပြုနေလို့မရဘူး။ အသေးစိတ်အချက်အလက်တွေကို မသိဘဲနဲ့ မှတ်ချက်မချချင်ဘူး။ ဒါပေမဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးတားတဲ့ သူတွေကတော့ တာဝန်ယူစိတ်ရှိရမယ်။ တာဝန်ယူရမယ်။
(မြစ်ဆုံစီမံကိန်းအား ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်ပြီး ဇန်န၀ါရီ ၂ ရက်က The Daily Eleven ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း)

နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများနှင့် တရုတ်အစိုးရတို့ကြား ဆက်ဆံမှုများ

ဧပြီ - ၂၀ ။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီအချို့ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်။
ဧပြီ - ၂၂ ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ။
မေ - ၈ ။ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အပါအ၀င် ပါတီဝင် ၁၂ ဦး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်။
မေ - ၁၉ ။ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရအကြံပေး အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု ကိစ္စများ ဆွေးနွေး။
မေ - ၂၀ ။ ယူနန်ပြည်နယ်အစိုးရ အကြံပေးအဖွဲ့နှင့် NLD ပါတီမှ ဦးတင်ဦး ခေါင်းဆောင်သော အဖွဲ့ဝင်သုံးဦးတို့ NLD ရုံးချုပ်၌ တွေ့ဆုံ။
ဇွန် - - ။ NLD လူငယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်။
ဇွန် - ၆ ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်လေးဦး တရုတ် CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၌ တွေ့ဆုံ။
ဒီဇင်ဘာ ၅။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့သွားရောက်။
ဒီဇင်ဘာ ၈။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဥာဏ်ဝင်း ခေါင်းဆောင်သော ပါတီဝင် ၁၀ ဦး တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ အလည်အပတ်ခရီးသွားရောက်။


မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သော အမြင်များ

ဦးမင်းဇင် (၂၀၀၉ ခုနှစ်အချိန်ကတည်း မြစ်ဆုံစီမံကိန်း မလုပ်သင့်ကြောင်း ဝေဖန်ခဲ့သူ)

အခုကျတော့ မြန်မာပြည်သူလူထုကို ချဉ်းကပ်ဖို့ကျတော့ မြန်မာပြည်သူလူထုကို တစ်စုံတစ်ရာ သြဇာညောင်းနိုင်မယ့် သူတွေကို ချဉ်းကပ်တာပေါ့။ နိုင်ငံရေးပါတီတွေကို ချဉ်းကပ်တယ်။ နိုင်ငံရေး ခေါင်းဆောင်တွေကို ချဉ်းကပ်တယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို ချဉ်းကပ်တယ်။ ပညာရှင်တွေကိုတောင် ချဉ်းကပ်တာတွေ ရှိပါတယ်။ မီဒီယာတွေကိုလည်း ချဉ်းကပ်တာတွေ ရှိပါတယ်။ အခုကျတော့ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းက ပိုပြီးတော့ သိမ်မွေ့လာတယ်။ မက်လုံးတွေလည်း ပါလာတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြင်ရမှာကတော့ တရုတ်ကဒီကိစ္စကို ပြန်အသက်သွင်းဖို့ ပရိယာယ်ကြွယ်ကြွယ်နဲ့ ကြိုးစားလာတဲ့အပေါ်မှာ ဖြစ်လာမယ့် အကျိုးဆက်အပေါ်မှာ မြင်ရင်တော့ ပိုပြီးအမြင်ရှင်းမယ် ထင်ပါတယ်။

ကျွန်တော့်အမြင်ကတော့လေ။ တစ်ချို့ကိစ္စတွေဟာ တစ်နိုင်ငံလုံးရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စတွေဟာ အခြေခံမူအရ ချဉ်းကပ်ကိုင်တွယ်ရမယ့် ကိစ္စတွေဖြစ်တယ်။ ဒါတွေကို စေ့စပ်ရမယ့်ကိစ္စ၊ ညှိနှိုင်းရမယ့်ကိစ္စ။ အဲလို သဘောထားမျိုး မထားသင့်တာတွေ ရှိတယ်။ ဒါကနိုင်ငံတိုင်းမှာလည်း ဒီလိုပါပဲ။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဘာသာစကား အခွင့်အရေးကို၊ တိုင်းရင်းသားတွေရဲ့ ကိုးကွယ်ရေးကို ဒီလိုကိစ္စမျိုးတွေကို တိုင်းရင်းသားတွေက non-negotiation ပဲ။ စေ့စပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ ရပ်ခံပြီးတော့ ဆုံးဖြတ်ရမယ့် ကိစ္စတွေဖြစ်တယ်။ ဒီလိုပဲ မြစ်ဆုံကိစ္စမျိုးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်ထင်တယ်။ ဒါဟာ တိုင်းပြည်ရဲ့မြေပုံကို ပြောင်းသွားစေနိုင်တဲ့ ကိစ္စမျိုးဖြစ်တယ်။ ဒီလိုကိစ္စမျိုးမှာ ကျွန်တော်တို့က ရပ်ခံရမယ့် သဘောထားမျိုး ရှိသင့်တယ်။ ဒါဟာ Non-Negotiate ကိစ္စဖြစ်တယ်လို့ မြင်တယ်။ ဆိုတော့ ဒါနဲ့ပတ်သက်လို့ နောင်အနာဂတ်မှာ ခေါင်းဆောင်လုပ်ချင်တဲ့ ပုဂ္ဂိုလ်များဟာလည်း အဲလိုသဘောထားမျိုး ထားသင့်တယ်။ ကျွန်တော်နားလည်ပါတယ်။ နိုင်ငံတကာ ကတိက၀တ်တွေ၊ စာချုပ်စာတမ်းတွေကို။ တစ်ချို့ဟာတွေမှာ ကျွန်တော်တို့ လိုက်လျောရမှာတွေ၊ ပေးဆပ်ရမှာတွေ၊ ဆုံးရှုံးရမှာတွေ ရှိပါတယ်။ တရုတ်နဲ့ပတ်သက်ပြီး ဖြစ်တဲ့ကိစ္စမှာလည်း ကျွန်တော်တို့က နှစ်ပေါင်းများစွာ တရုတ်ကို မှီခိုခဲ့ရတယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အရေးပေါင်းများစွာ မှီခိုခဲ့ရတဲ့ အခါကျတော့ သူ့ကာလမှာလည်း ဒီလိုမျိုးပေါ့နော်။ ဆုံးဖြတ်ရခက်တာတွေ ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော်ခုနက ပြောသလို ဒီကိစ္စကိုတော့ ရပ်ခံရမယ့် သဘောမျိုးဖြစ်တယ်။

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ)

နံပါတ်တစ် ပြောချင်တာက ဦးသိန်းစိန်အစိုးရက မြစ်ဆုံကိစ္စကို ရပ်ဆိုင်းတာ မဟုတ်ဘူး။ ဆိုင်းငံ့တာသာဖြစ်တယ်။ အဲတော့ ဆိုင်းငံ့တာနဲ့ ရပ်ဆိုင်းတာရဲ့ အတိုင်းအတာက အရမ်းကွာခြားတယ်။ ဆိုင်းငံ့တယ်ဆိုတဲ့ သဘောမှာ ဒီဥစ္စာကို အချိန်မရွေး ပြန်စနိုင်တယ်ဆိုတဲ့ အစလေးကို ဖော်ထားတယ်။ အဲဒီအခါကျတော့ လက်ရှိအစ်ကိုတို့ တိုင်းပြည်ရဲ့ အနေအထားမှာ မြစ်ဆုံစီမံကိန်းကို ပြည်သူလူထုကတော့ လုံးဝမထောက်ခံဘူး။ ဒါကတော့ သေချာတယ်။ အဲဒီအခါကျတော့ အစ်ကိုစိုးရိမ်တာတစ်ခုက ဒီမြစ်ဆုံစီမံကိန်းကို တကယ်စပြီးတော့ လုပ်ခဲ့တဲ့သူတွေ၊ နောက်ပြီးတော့ တကယ်တာဝန်ရှိခဲ့တဲ့ သူတွေဟာ တာဝန်ယူဖြေရှင်းခြင်း မရှိဘဲနဲ့ ဒီပြဿနာကြီးကို နောက်အစိုးရတွေကို လွှဲပြောင်းပေးတဲ့ ပုံစံမျိုးဖြစ်ပြီးတော့ တိုင်းပြည်ကော၊ ပြည်သူလူထုအတွက်ကော ပိုပြီးရှုပ်ထွေးတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အဲဒီ တစ်ချက်ကိုပဲ စိုးရိမ်တယ်။ နောက်တက်လာမယ့် အစိုးရက ဒီမြစ်ဆုံကိစ္စကို ပြန်လုပ်မယ်ဆိုရင် ဒီကိစ္စဟာ တော်တော်ကြီးကို တိုင်းပြည်မှာ တော်တော်ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ

မြစ်ဆုံဆိုတာက ကချင်လူမျိုးတွေရဲ့ အမျိုးသား အထိမ်းအမှတ်ဖြစ်တယ်။ အဲဒီလိုမျိုးပေါ့။ ပုပ္ပားတောင်ကြီးကို ခွဲခြမ်းစိတ်ဖြာပြီး ဖြိုချပစ်လိုက်ရင်ကော လက်ခံမလား။ CPI ကတော့ လုပ်ချင်တာပေါ့။ သူတို့က Contract ရထားတာကိုး။ ဒါပေမဲ့ ဒီ့ထက်ပိုကောင်းတဲ့နေရာ မရှိတော့ဘူးလား။ မြစ်ဆုံမှာလုပ်မှ လျှပ်စစ်ဓာတ်အား ရတော့မှာလား။ တခြားသဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်တဲ့ နေရာတွေကော မရှိတော့ဘူးလား။ မြစ်ဆုံကိုရမှ ဖြစ်မယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး။ ဒါဟာ အထူးသတိဝီရိယ ထားရမယ့် ကိစ္စမျိုးဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်ထောင်စုဖြစ်သွားရင် ကချင်အမျိုးသားတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမယ်။ တရုတ်ဘက်က ထပ်ကမ်းလှမ်းလာမယ်ဆိုရင်လည်း တခြားနည်းလမ်းတွေကို ထည့်စဉ်းစားသင့်တယ်

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်

ဧရာဝတီမြစ်ဆိုတာ တကယ်တော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အင်မတန်အရေးကြီးတဲ့ အမျိုးသားပြယုဂ် တစ်ခုဆိုလည်း မှန်တယ်။ ပြီးတော့ ဒီမြစ်ကိုအမှီပြုပြီးတော့ ရေကြောင်းသွားလာမှု၊ စီးပွားရေးလုပ်ငန်း၊ ပြီးတော့ မြစ်ဆုံရဲ့ပတ်ဝန်းကျင်မှာ ဆိပ်ကမ်းတွေမှာရှိကြတဲ့ ဒေသခံပြည်သူတွေ၊ ဒီမြစ်ကိုမှီပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ သူတွေလည်း အများကြီးပေါ့။

ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေး ကွန်ရက်)

မြစ်ဆုံဆိုတာ ကျွန်မတို့တင်ပိုင်တာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ နောင်လာနောက်သား အဆင့်ဆင့်မျိုးဆက်တွေက ပိုင်တာဖြစ်တယ်။ အဲဒါကို တစ်ခါတည်း အပြတ်ရောင်းစားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြန်လည်စဉ်းစားစရာလည်း မလိုဘူး စာချုပ်ကြည့်စရာ မလိုဘူး။ အပြီးသတ် ကန့်ကွက်ရမည့် ကိစ္စရှင့်။ ပြီးလို့ရှိရင် မြန်မာနိုင်ငံဟာ ကိုယ့်ရဲ့အချုပ်အခြာအာဏာ ကိုယ့်လက်ထဲမှာရှိတဲ့ တိုင်းပြည်ဆိုလို့ရှိရင် ဒါဟာ အပြတ်တားဆီးရမယ့် ကိစ္စဖြစ်တယ်။

ဦးမြင့်ဇော် (သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ)

သဘာဝပတ်ဝန်းကျင် အမြင်ထက်ကို ပိုပြီးတော့ ကျွန်တော်တို့ပြည်ထောင်စု ရှေ့ရေးအတွက် နိုင်ငံအနာဂတ်အတွက် အနာဂတ်မှာ တိုင်းရင်းသားညီအစ်ကိုအားလုံး တစ်ဦးနဲ့တစ်ဦး နာကျင်စရာတွေ မရှိဘဲနဲ့ ချစ်ချစ်ခင်ခင် ရှေ့ခရီးဆက်နိုင်ဖို့အတွက် မြစ်ဆုံသည် မထိကိုမထိရမယ့် ကိစ္စပေါ့နော်။ မြစ်ဆုံဆည်ဆိုတာ ရှေ့မဆက်ရမယ့် ကိစ္စဖြစ်ပါတယ်

မြစ်ချောင်းများဆိုင်ရာ ဘူမိရုပ်သွင်ပညာရှင် ပါမောက္ခ ဦးမောင်မောင်အေး

“သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားတယ်လို့ ကြေညာထားတယ်။ ကမ္ဘာသိကြေညာထားတယ်။ နောင်အစိုးရက ဘယ်သူတက်မလဲ မသိဘူးလေ။ သို့သော် ဘယ်သူပဲတက်လာတက်လာ ပြည်သူ့ရဲ့ဆန္ဒကိုတော့ လိုက်လျောရမှာပဲ။ ဒေသခံတွေရဲ့ ဆန္ဒကို လိုက်လျောရမှာပဲ။ ကချင်တိုင်းရင်းသားတွေဆန္ဒ၊ မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒတွေက အဓိကပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီးလုပ်တဲ့အစိုးရ မရှိဘူး။

ဦးဒေါင်းခါး (ကေအိုင်အို အလုပ်အဖွဲ့ခေါင်းဆောင်)

မြစ်ဆုံကျတော့ ကျွန်တော်တို့ အမြဲတမ်း ကန့်ကွက်သွားမှာပဲ။ ကေအိုင်အိုရဲ့ ဆုံးဖြတ်ချက်လည်း ကျပြီးသားပဲလေ။ ဒီကန့်ကွက်စာကို ဟူကျင့်တောင်ဆီလည်း ပို့ပြီးသား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကိုလည်း ပို့ပြီးသား၊ စီပီအိုင်ကိုလည်း ပို့ပြီးသား။ ဒါဟာ ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒါသဘောထားတွေ မဟုတ်ဘူး။ ကေအိုင်အိုက ဒါကိုကန့်ကွက်သွားမှာပဲ။

ဒေါ်ဒေ၀ီသန့်စင် (သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ)

ဧရာဝတီကို ဘယ်နှစ်ကြိမ်ပဲလာလာ ဘယ်နှစ်ကြိမ်ပဲ ဆွေးနွေးဆွေးနွေး မလုပ်တဲ့ဘက်ကပဲ အမြဲရပ်နေမှာလေ။ ဆွေးနွေးရင်လည်း သူတို့နဲ့က မလုပ်ဖို့ပဲ ဆွေးနွေးဖြစ်မှာပေါ့။ ဘယ်လမ်းကြောင်းကို သွားနေတာလည်း ဒေါ်လေးတို့က ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့သွားနေကြတာ။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူကိုပဲ ဦးစားပေးပြီး စဉ်းစားကြတာလေ။ ပြည်သူဖြစ်စေချင်တာ ပြည်သူ့ဆန္ဒကို ဖြည့်စွမ်းတာပေါ့။ လွှတ်တော်တို့ ဘာတို့လုပ်ထားတာလည်း ဒီသဘောပဲ ပြည်သူ့အသံကို နားထောင်ဖို့ပေါ့။ အဲဒီတော့ ဒီမြစ်ဆုံကြီးက ပထမမှာလည်း ပြည်သူက အလွှာပေါင်းစုံပေါ့။ အနုပညာကပဲဖြစ်ဖြစ် ပညာတတ် အသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ် အတတ်အသိ ပညာရှင်တွေ အားလုံးကပေါ့ ဒီမြန်မာပြည်နဲ့ ဧရာဝတီကို တန်ဖိုးထားတဲ့ သူတွေက ဘယ်သူမှ လက်မခံဘူးလေ။ အဲဒီကြောင့် သမ္မတတွေဖြစ်လာမယ့် သူတွေက ပိုပြီးတော့ တာဝန်ရှိတာပေါ့။ ပြည်သူကဆန္ဒဖော်ထုတ်ဖို့ပဲ ရမှာပေါ့။ ပြည်သူက ဒါတစ်ခုကိုဖြစ်ဖို့ဆိုတာက ကိုယ့်တိုင်းပြည်မှာ ဖြစ်လာမယ့် သမ္မတအနေနဲ့ ပြည်သူရဲ့အသံကို ဘယ်လိုနားထောင်မလဲ ဘယ်လိုလိုက်ရောမလဲ ဖြစ်သင့်သလဲ ပြည်သူတောင်းတဲ့ဟာက တရားလား၊ မတရားလားဆိုတာ သူတို့က ပိုပြီးတော့ ဆုံးဖြတ်သင့်တယ်။ သူတို့က ကမ္ဘာ့စံချိန်စံညွန်းနဲ့ပဲလုပ်လုပ် ဘယ်လိုပဲလုပ်လုပ် ဒေါ်လေးက ဧရာဝတီကို လွတ်လွတ်လပ်လပ်ပဲ စီးဆင်းစေချင်တာလေ။

ဆရာမဂျူး

ကျွန်မကတော့ မြစ်ဆုံနဲ့ပတ်သက်ရင်၊ ဧရာဝတီမြစ်နဲ့ ပတ်သက်ရင် မြစ်ဆုံရေကာတာကိုတော့ လုံးဝကို မဆောက်စေချင်ဘူး။ အဲဒါကျွန်မရဲ့ ဆုံးဖြတ်ချက်ပဲ။ အရင်ကလည်း ဒီသဘောထားပဲ။

ဦးအောင်သိန်းလင်း၏ ပြောစကား၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မှတ်ချက်

၂၀၁၂ ခုနှစ်အတွင်းက တရုတ်သတင်းစာ တစ်စောင်ဖြစ်သည့် Southern Weekend အပတ်စဉ်ထုတ် သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက “ဒီရေကာတာ စီမံကိန်းက မဖြစ်မနေ ပြန်စရမှာပဲ။ ကျွန်တော်တို့ နိုင်ငံအတွက် စဉ်းစားရမယ်လေ။ ကျွန်တော်တို့ လျှပ်စစ်စွမ်းအင်လိုတယ်” ဟု ဖြေကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်သည် မိမိ၏ ဖြေဆိုချက်နှင့် လွဲမှားနေသည်ဟု ဦးအောင်သိန်းလင်းက ပြန်လည်ရှင်းလင်းခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကမူ ဦးအောင်သိန်းလင်းကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ‘ထိုပြောကြားချက်များသည် ဦးအောင်သိန်းလင်း၏ အမှန်တကယ် ပြောကြားချက်များ ဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂိုလ်ရေး ပြောကြားချက်သာဖြစ်ပြီး ပါတီ၏သဘောထား မဟုတ်ကြောင်း’ ထုတ်ပြန်ကြေညာခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...