Thursday, January 9, 2014

တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်များဖြင့် တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရန် လျာထား

Thursday, January 9, 2013
တိုးအောင်



အဆင့်မြင့် ပညာကဏ္ဍ၌ ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲမည့် စနစ်တစ်ခုသို့ ပြောင်းလဲဆောင်ရွက်နိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ (Genuine Autonomous University) တည်ထောင်နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်များဖြင့် တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရန် လျာထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

တက္ကသိုလ်များ ပညာသင်ကြားရေး၊ သင်ကြားမှု နည်းစနစ်များအား အကြံပြုနိုင်ရေး၊ တက္ကသိုလ် ပညာရေးဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ရေး၊ တက္ကသိုလ်များ၏ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားစေရေးဖြင့် ၀န်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်ပေါင်း ၁၄၄ ခုဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဗဟိုကောင်စီတွင် ပါမောက္ခချုပ် ၇၅ ရာခိုင်နှုန်း၊ ပညာရပ်ဆိုင်ရာ ပညာရှင်များက ကိုးရာခိုင်နှုန်း၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆက်စပ်လုပ်ငန်းများ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ခုနစ်ရာခိုင်နှုန်း၊ ပြည်တွင်း လူမှုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် လေးရာခိုင်နှုန်း၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်များ သုံးရာခိုင်နှုန်း၊ ကျောင်းသား ကိုယ်စားလှယ်တစ်ဦး၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ် တစ်ဦးဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး ဒုတိယမူကြမ်းတွင် ဖြစ်ပေါ်လာမည့် ပုဂ္ဂလိက တက္ကသိုလ်များနှင့် ပညာရေး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန အစရှိသည့် ၀န်ကြီးဌာန ၁၃ ခု လက်အောက်ရှိ တက္ကသိုလ်ပေါင်း ၁၄၄ ခုဖြင့် ကနဦးဖွဲ့စည်းပြီး ကာကွယ်ရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ၂၄ ခု တို့အား လက်ခံရန် အဆိုပြုထားကြောင်း သိရသည်။

“တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းပြီးတဲ့အခါ တက္ကသိုလ်တွေဟာ ၀န်ကြီးဌာန လက်အောက်ကနေ မရှိတဲ့အတွက် ဗဟိုချုပ်ကိုင်မှု မရှိတော့ဘူး၊ တက္ကသိုလ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တက္ကသိုလ်တွေရဲ့ ပညာရပ်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ တက္ကသိုလ် တစ်ခုချင်းစီမှာလည်း တက္ကသိုလ် ကောင်စီတွေ ထားရှိရမှာ ဖြစ်ပါတယ်” ဟု ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီမှ ဦးသန်းဦးက ဆိုသည်။

ထိုသို့ ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မည့် ယခင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ (Genuine Autonomous University) တည်ထောင်နိုင်ရန် အတွက် နိုင်ငံတော် အစိုးရအဖွဲ့ရုံးမှ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီမှ ဦးဆောင်ကာ တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...