Wednesday, February 12, 2014

တရုတ်နှင့်ထိုင်ဝမ်တို့ ၆၅ နှစ်အတွင်း ပထမဆုံးအကြိမ် သမိုင်းဝင်ဆွေးနွေးပွဲ စတင်ဆွေးနွေးမည်



ဖေဖော်ဝါရီ ၁၁ ရက်တွင် နန်ကျင်းရှိ Purple Mountain ဧည့်ဂေဟာ၌ ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်မကြီး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေစဉ် ()


လွန်ခဲ့သည့် ၆၅ နှစ်က ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံမှ ထိုင်ဝမ်ခွဲထွက်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဖက်အစိုးရအဆင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ခဲ့ပြီး ခါးသီးသော ရန်ဘက်ဟောင်းအကြား သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုင်ဝမ်၏ တရုတ်ပြည်မကြီးဆိုင်ရာ မူဝါဒကောင်စီဝန်ကြီး ၀မ်ယုချီ၏ လေးရက်ကြာခရီးစဉ် ပထမရက်၌ တရုတ်ပြည်မကြီးဆိုင်ရာ တာဝန်ရှိသူ ကျန်းကျီကျန်နှင့် တွေ့ဆုံရန် နန်ကျင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တရုတ်အရှေ့ပိုင်းရှိ နန်ကျင်းမြို့သည် ၂၀ ရာစု၏ ပထမထက်ဝက် ကာလအတွင်း ၀မ်ယုချီတို့၏ ကူမင်တန်ပါတီ သို့မဟုတ် အမျိုးသားရေးဝါဒီပါတီက အုပ်ချုပ်စဉ် နိုင်ငံ၏မြို့တော် ဖြစ်ခဲ့သည်။ ကူမင်တန်ပါတီသည် ၁၉၄၉ ခုနှစ်တွင် လူသန်းနှင့်ချီ သေဆုံးခဲ့သည့် တရုတ်ပြည်တွင်းစစ်၌ မော်စီတုံး၏ ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့ပြီး အမျိုးသားရေးဝါဒီခေါင်းဆောင် ချန်ကေရှိတ်အား ထောက်ခံသူနှစ်သန်းခန့် ထိုင်ဝမ်ဘက်သို့ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ယင်းအချိန်မှစပြီး ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းတို့သည် သီးခြားစီ ရပ်တည်ခဲ့ကြပြီး စစ်မှန်သော တရုတ်အစိုးရဖြစ်ကြောင်း နှစ်ဖက်စလုံးက ကြေညာခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်ရောက်မှသာ ကြားခံအဖွဲ့အစည်းများမှတစ်ဆင့် နှစ်ဖက်ဆက်သွယ်မှု ပြန်လည်စတင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပသည့် ယခုတွေ့ဆုံမှုသည် ဆက်ဆံရေးတိုးတက်စေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းမှု၏ အသီးအပွင့်ဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် ထိုင်ဝမ်ကို ပြည်မကြီးနှင့်ပူးပေါင်းရန် စောင့်ဆိုင်းနေသော သူပုန်နယ်မြေအဖြစ် ရှုမြင်ထားဆဲဖြစ်ပြီး လိုအပ်ပါက အင်အားအသုံးပြုမည်ဟု ခြိမ်းခြောက်ထားသည်။ ထိုင်ဝမ်သည် ဆယ်စုနှစ်နှင့်ချီ သံတမန်ရေးရာ အထီးကျန်မှု ပိုဖြစ်လာခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂ၌ တရုတ်ကိုယ်စားပြုနေရာကို လက်လွှတ်ခဲ့ရသည်။ သို့သော် ထိုင်ဝမ်ကို အမေရိကန်က စစ်ရေးအကူအညီပေးပြီးနောက် စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။

ယခုဆွေးနွေးမှုတွင် ထိုင်ဝမ်သည် စီးပွားရေး အကျိုးအမြတ် သေချာရေး သို့မဟုတ် လုံခြုံရေးအာမခံချက် ရရှိရေး စသည့်လက်တွေ့ကျသော ရလဒ်များရရှိရန် အဓိကအာရုံစိုက်ဖွယ်ရှိပြီး တရုတ်ကမူ ထိုင်ဝမ်ကျွန်းနှင့် ပြန်လည်ပေါင်းစည်းရေး ရေရှည်စီမံကိန်းကို အဓိကထားဖွယ်ရှိသည်။

၂၀၀၈ ခုနှစ်တွင် မာယင်ကျိုး ထိုင်ဝမ်သမ္မတ ဖြစ်လာပြီးနောက် တရုတ်နှင့်ထိုင်ဝမ်ဆက်ဆံရေး တိုးတက်မှုရရှိခဲ့သည်။ ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးပါသည်ဟု သတ်မှတ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူညီချက်ကိုလည်း ၂၀၁၀ ပြည့်နှစ်ဇွန်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...