Wednesday, February 12, 2014

ဂျက်ဖာဆင်ဗိမာန်၌ အိုဘားမားနှင့် အော်လွန်းဒ်တို့ သမိုင်းဝင်ချစ်ကြည်ရေး အသစ်ပြန်စ


ဖေဖော်ဝါရီ ၁၀ ရက်က အိုဘားမား၊ အော်လွန်းဒ် (၀ဲ) နှင့် ဂျက်ဖာဆင်ဖောင်ဒေးရှင်းဥက္ကဋ္ဌ လက်စလီဂရင်းဘိုမန် (ယာ) တို့ ဂျက်ဖာဆင်အိမ်တော်သို့ သွားရောက်ခဲ့စဉ် (Photo:AFP)


ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်သည် သူ၏အမေရိကန်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်အတူ အမေရိကန်ပြည်ထောင်စုကို ထူထောင်သူလည်းဖြစ် ပြင်သစ်လိုလားသူလည်းဖြစ်သောသော မတ်ဂျက်ဖာဆင်၏ နေအိမ်သို့ သွားရောက်ဂါရ၀ခဲ့သည်။

အော်လွန်းဒ်သည် သူ၏ချစ်မှုရေးရာ ကိစ္စများနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးရမှုများကို မသိကျိုးကျွံပြုရန် ကြိုးပမ်းသည့်အနေဖြင့် ပြင်သစ်၏သက်တမ်းအရင့်ဆုံး မဟာမိတ် အမေရိကန်နှင့် သမိုင်းဝင်ဆက်ဆံရေးကို မီးမောင်းထိုးပြရင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလျင်အမြန် ကြီးထွားလာရန် ရည်ရွယ်လျက် အမေရိကန်သို့ လာရောက်ခြင်းဖြစ်သည်။ အိုဘားမားသည် အင်ဒရူးလေတပ် အခြေစိုက်စခန်းသို့ ဆိုက်ရောက်လာသည့် ဘိုးရင်း ၇၅၇ အမျိုးအစား Air Force One လေယာဉ်လှေကား၌ အော်လွန်းဒ်နှင့် တွေ့ဆုံခဲ့သည်။ အော်လွန်းဒ်သည် မွန်တီဆယ်လိုရှိ ဂျက်ဖာဆင်ချစ်မြတ်နိုးခဲ့သည့် အိမ်တော်သို့သွားရောက်ရန် ဗာဂျီးနီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းခရီးစဉ်ကို အင်္ဂလိပ်စကားပြောကောင်းသော အော်လွန်းဒ်နှင့် အိုဘားမားတို့အတွက် သမိုင်းဝင်သင်္ကေတများ ပြည့်နှက်နေသည့် ၀န်းကျင်များကို နောက်ခံထားလျက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခင်မင်ရင်းနှီးမှု ရယူရန် အခွင့်အလမ်း တစ်ရပ်အဖြစ် စီစဉ်ခဲ့ခြင်းလည်းဖြစ်သည်။

အိုဘားမားက “ဂျက်ဖာဆင်ဟာ တစ်လျှောက်လုံး ပြင်သစ်လိုလားသူ ဖြစ်ခဲ့ပါတယ်။ သူရဲ့ဒီအိမ်ဟာ ပြင်သစ်တော်လှန်ရေးရဲ့ သြဇာသက်ရောက်မှုနဲ့ အမေရိကန်တော်လှန်ရေးကို ဦးဆောင်ကူညီခဲ့တဲ့ သဘောတူညီမှုကို ကိုယ်စားပြုပါတယ်” ဟု ပြောကြားခဲ့သည်။

အော်လွန်းဒ်ကလည်း သမိုင်းဝင်ထင်ဟပ်ချက်များကို ရှည်လျားစွာ ပြောကြားခဲ့ရာ ယင်းတွင် ဂျော့ဝါရှင်တန်၏ တော်လှန်ရေးတပ်မတော်တွင် ပါဝင်လျက် အမေရိကန် လွတ်လပ်ရေးအတွက် တိုက်ခိုက်ဝင်ခဲ့သော ပြင်သစ်သူကောင်းမျိုးနွယ် မားကွက်ဒီလာဖာယက်၏ အကြောင်းလည်း ပါဝင်သည်။ သူက “ဂျက်ဖာဆင်နဲ့ လာဖာယက်တို့ခေတ်တုန်းကလည်း ကျွန်တော်တို့ဟာ မဟာမိတ်တွေ ဖြစ်ခဲ့ကြသလို ဒီကနေ့မှာလည်း ကျွန်တော်တို့ဟာ မဟာမိတ်တွေပါပဲ” ဟု ပြောကြားခဲ့သည်။ သူတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဘဲဥပုံ စည်းဝေးခန်းမ၌ ဆီးရီးယားစစ်ပွဲ၊ အီရန်နျူကလီးယား အစီအစဉ်၊ ယူကရိန်းနိုင်ငံရေး အကျပ်အတည်းနှင့် အာဖရိက လုံခြုံရေးပြဿနာတို့အား အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...