Wednesday, February 12, 2014

တရားမျှတပြီး အပြုသဘောဆောင်သော နျူကလီးယားဆွေးနွေးပွဲကို အလိုရှိကြောင်း အီရန်သမ္မတ ရိုဟာနီပြောကြား


တီဟီရန်မြို့၏ လွတ်လပ်ရေးရင်ပြင်တွင် ဖေဖော်ဝါရီ ၁၁ ရက်က မိန့်ခွန်းပြောကြားနေသော ရိုဟာနီ (၀ဲ) (Photo:AFP)


နျူကလီးယား ဆွေးနွေးပွဲများတွင် အီရန်၏ မျှတပြီး အပြုသဘောဆောင်သော သဘောထားအတိုင်း ဆောင်ရွက်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဖေဖော်ဝါရီ ၁၁ ရက်တွင် တောင်းဆိုခဲ့သည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အီရန်အပေါ် စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား မဖြစ်သင့်ကြောင်းလည်း ရိုဟာနီက ပြောကြားခဲ့သည်။

အီရန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ငါးနိုင်ငံဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှားနှင့် တရုတ်၊ ဂျာမနီတို့ပါဝင်သည့် P5+1 အင်အားကြီးခြောက်နိုင်ငံနှင့် ဗီယင်နာတွင် လာမည့်သီတင်းပတ်အတွင်း ဆွေးနွေးပွဲ ပြန်လည်စတင်မည်ဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းဘောင်ထဲကနေ တရားမျှတပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ဖြစ်စေဖို့ အီရန်က ကတိပေးပါတယ်။ လာမယ့်ဆွေးနွေးပွဲမှာ တခြားဆွေးနွေးဖက် နိုင်ငံတွေကိုလည်း အလားတူဆန္ဒထားဖို့ မျှော်လင့်ပါတယ်” ဟု ရိုဟာနီက အစ္စလာမ္မစ်တော်လှန်ရေး (၃၅)နှစ်မြောက် အထိမ်းအမှတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ကျွန်တော်ရှင်းရှင်းပဲ ပြောမယ်ဗျာ။ အီရန်ကို စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အချို့က ထင်ယောင်ထင်မှား ဖြစ်နေမယ်ဆိုရင် အဲ့ဒီလူတွေ မျက်မှန်သစ်လဲတပ်ဖို့ လိုနေပါပြီ။ ကမ္ဘာပေါ်မှာ အီရန်ကို စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှု မရှိပါဘူး” ဟု ရိုဟာနီက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ နျူကလီးယားလက်နက် ရရှိရေးကို တားဆီးရန် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ခြေကို မပယ်ချထားပေ။ အီရန်ကလည်း နျူကလီးယား အစီအစဉ်များသည် ငြိမ်းချမ်းသောရည်ရွယ်ချက် သက်သက်အတွက်သာဖြစ်ကြောင်း ခုခံပြောကြားထားသည်။

အီရန်က နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို လျှော့ချပေးရန် အလဲအလှယ်အနေဖြင့် ခြောက်လအတွင်း ၎င်း၏နျူကလီးယား လှုပ်ရှားမှုအချို့ကို ရပ်ဆိုင်းထားရန် ပြီးခဲ့သည့်နိုဝင်ဘာက အကြိုသဘောတူညီမှု ရရှိခဲ့သည်။ အီရန်၏နျူကလီးယား အစီအစဉ်များနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ စိုးရိမ်မှုများကို ဖြေဖျောက်ပေးမည့် အပြီးသတ်သဘောတူညီချက် ရရှိပါက အနောက်အင်အားကြီးနိုင်ငံများသည် အီရန်၏ ရေနံနှင့်ဘဏ်လုပ်ငန်းကို ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးမည်ဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...