Wednesday, February 12, 2014

အချစ်ဆိုတာ နားလည်မှုပါလို့ ဖွင့်ဟသွားတဲ့ ယုသန္တာတင်


ပျိုးခင်းမယ်လေး ၃ယောက်ထဲမှာ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားလျှောက် လှမ်းနေသူလေးကတော့ ယုသန္တာတင်ပါ။ သူမကို ကြော်ငြာတွေ တော်တော် များများနဲ့ ဘေလ်ဘုတ် တော်တော်များများမှာ တွေ့လာရပြီး အနုပညာ အရည်အသွေး ပြည့်ဝသူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး။ သူမနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကတော့ ‘အခုလတ်တလောမှာ မယားပါဆွေမျိုးများ ဆိုတဲ့ ဗီဒီယိုကားလေးကို ကိုနေတိုးနဲ့ရိုက်နေပါတယ်။ ဒီကားလေးက မိသားစု ဟာသကားလေးပါ။ ပြီးရင် ယုကြော်ငြာ၊ ဘေ ဘုတ်တွေ လက်ခံထားတာရှိပါတယ်။ အဲဒါတွေရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။

သူမကို ကမ်းလှမ်းလာကြတဲ့ ကာရိုက်တာတွေနဲ့ပတ်သတ်ပြီးတော့လဲ သူမက‘ယုဆီလာတဲ့ ဇာတ်လေးတွေမှာ တချို့ဇာတ်တွေက ကလေးဆန်တဲ့ အိမ်ထောင်သည် ဇာတ်ရုပ်တွေ၊ တချို့က ပေါ့ပေါ့ပါးပါး ဇာတ်လေးတွေ၊ တချို့က ပျိုးခင်းထဲက လူတွေနဲ့တွဲပြီး သရုပ်ဆောင်ရတဲ့ ညီအစ်မဇာတ် ရုပ်လေးတွေလဲ ပါတယ်။ ဇာတ်ကတော့အစုံပါပဲ။ ယုအနေနဲ့ကတော့ လာတဲ့ ဇာတ်တွေကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်တယ်။ ရှေ့မှာထွက်ခဲ့တဲ့ ကားဆိုရင် မကြာသေးဘူးထွက်ထားတာ။ အစွန်းရောက်ချစ်သူများ ဆိုတဲ့ ကားလေးကို ယုအရမ်း သဘောကျတယ်။ ယုသရုပ်ဆောင်ထားတာလဲ အားရတယ်။ အဲလိုဇာတ်ပုံစံလေးတွေဆိုလဲ မတူကွဲပြားတာလေးတွေပေါ့။ ယုထပ်ပြီး သရုပ်ဆောင်ချင်ပါသေးတယ်။ ယု သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာတွေလဲ အများကြီးရှိသေးတော့ ကွဲတဲ့ ကာရိုက်တာလေးတွေလဲ သရုပ်ဆောင်ချင် ပါသေးတယ်။ ယုတို့နဲ့ တွဲသရုပ်ဆောင်တဲ့ အစ်ကိုတွေကလဲ ယုတို့ကို အတတ်နိုင်ဆုံးသင်ပေးတယ်။ သူတို့သင်ပေးတဲ့ အတိုင်းရော၊ တစ်ခါတစ်လေ မင်းသမီးအပြိုင်ဇာတ်တွေ သရုပ်ဆောင်ရတဲ့ အခါတွေမှာ ကိုယ့်ရဲ့စီနီယာတွေရဲ့ သရုပ်ဆောင်ပုံ ၀တ်ပုံစားပုံက အစသေသေချာချာ လေးလေ့လာဖြစ်တယ်။ သူတို့ကလဲ အများကြီးသင်ပေးပါတယ်’တဲ့။

လာမဲ့ချစ်သူများနေ့ကို သူမ ဘယ်လို ဖြတ်သန်းဖြစ်မယ်ဆိုတာကိုတော့ ‘ချစ်သူများနေ့ကတော့ ယု ထွေထွေထူးထူးမရှိပါဘူး။ အလုပ်နဲ့ပဲဖြတ် သန်းဖြစ်မှာပါ။ ကားရိုက်ရှိမယ်ထင်တယ်။ ချစ်သူများနေ့မှာ လက်ဆောင်ပေး ဖို့ ဘာမှတော့ မစီစဉ်ထားဘူး။ သူများက ပေးမပေးတော့ မပြောတတ်ဘူး။ အရင်နှစ်တွေကလဲ တစ်ယောက်တည်းပဲ အလုပ်နဲ့ဖြတ်သန်းဖြစ်သလို ဒီနှစ်လဲ တစ်ယောက်တည်းပဲ ဖြစ်ဖို့များပါတယ်။ အချစ်ဆိုတာကို ယုနားလည်ထားတာကတော့ နားလည်မှုလို့ထင်တာပါပဲ။ ကိုယ်ကိုတိုင်လဲ သိပ်မပြောတတ်ဘူး။ ခုချိန်မှာတော့ ယုအနုပညာအလုပ်တွေပဲ ဆက်ပြီး ကြိုးစားသွားဦးမှာပါ။ အချစ်ရေးကိုတော့ မစဥ်းစားဖြစ်သေးပါဘူး’လို့ သူမက ပြောပြသွားခဲ့ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...