Wednesday, February 12, 2014

မြစ်ဝကျွန်းပေါ်ဒေသတွင် နယ်လှည့်ဆေးကုသရေး ရေယာဉ်အဖြစ် အသုံးပြုမည့် Swimming Doctors 2 ရေယာဉ်သစ် ရေချပွဲပြုလုပ်


Swimming Doctors 2 ရေယာဉ်သစ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)


မြစ်ဝကျွန်းပေါ်ဒေသတွင် နယ်လှည့်ဆေးကုသရေး ရေယာဉ်အဖြစ် အသုံးပြုမည့် Swimming Doctors 2 ရေယာဉ်ရေချပွဲကို ဖေဖော်ဝါရီ ၁၁ ရက်က မြန်မာ့သင်္ဘောကျင်းလုပ်ငန်း လျှောလမ်းသုံးလွန်းကျင်း၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Swimming Doctors 2 ရေယာဉ်ရေချပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံသမ္မတ မစ္စတာဂျိုဝါချင်ဂေါက်ခ်၏ဇနီး မစ္စစ်ဒါနီလာရှိတ်နှင့်အဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရေယာဉ်အား ဂျာမနီနိုင်ငံ Stif tung life ဖောင်ဒေးရှင်းက လှူဒါန်းခြင်းဖြစ်ပြီး Uniteam Marine (Yangon) Ltd မှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ လုပ်ငန်းအပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ Stif tung life ဖောင်ဒေးရှင်းသည် နာဂစ်မုန်တိုင်းဖြစ်ပြီး နောက်ပိုင်းမှစ၍ မြစ်ဝကျွန်းပေါ် ဒေသများတွင် ဆေးရုံသင်္ဘောဖြင့် ဆေးကုသရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် စာသင်ကျောင်းဆောက်လုပ် လှူဒါန်းခြင်းနှင့် ဆိုလာမီးအိမ် လှူဒါန်းခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းမှ လှူဒါန်းသော နယ်လှည့်ဆေးကုသရေး ရေယာဉ်မှာ ယခုအစင်းသည် ဒုတိယမြောက်ဖြစ်ပြီး Swimming Doctors 1 ရေယာဉ်ဖြင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ဆေးကုသရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“Stif tung life ဖောင်ဒေးရှင်းက ဆေးရုံသင်္ဘောနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဘိုကလေး၊ ဖျာပုံနဲ့ ဒေးဒရဲဒေသတွေမှာ ဆေးကုသပေးတဲ့ ဝန်ဆောင်မှုကို ပေးအပ်သွားမှာပါ။ နောက်တစ်လခွဲလောက် အကြာမှာ သင်္ဘောပြင်ဆင်မှုတွေ ပြီးစီးလို့ ဆေးကုသတဲ့လုပ်ငန်းကို စတင်နိုင်တော့မှာပါ” ဟု Uniteam Marine (Yangon) Ltd မှ MD ဖြစ်သူ Capt သန်းဦးက ပြောကြားသည်။

Swimming Doctors 2 ရေယာဉ်သည် အလျားပေ ၁ဝဝ၊ ဗြက် ၂၅ ပေ၊ ဇောက် ၇ ဒသမ ၅ ပေ၊ ရေစူးလေးပေ၊ အမြန်နှုန်းကိုးမိုင်ရှိပြီး ၁၇၉ ကီလိုဝပ်ရှိ ပင်မအင်ဂျင်နှစ်လုံးနှင့် ၃ဝ ကီလိုဝပ်ရှိ မီးစက်တပ်ဆင်ထားကြောင်း သိရသည်။

ရေယာဉ်တွင် ဆေးကုသခန်းသုံးခန်း၊ အရေးပေါ်ခွဲစိတ်ခန်းတစ်ခန်း၊ ဓာတ်ခွဲခန်းတစ်ခန်း၊ သွားဘက်ဆိုင်ရာ ကုသခန်းတစ်ခန်းနှင့် ဆေးသိုလှောင်ခန်းတစ်ခန်း ပါရှိကြောင်း သိရသည်။ ရေယာဉ်၏တန်ဖိုးမှာ ကျပ်သန်း ၃၅ဝ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...