Monday, February 3, 2014

အောင်မင်္ဂလာအဝေးပြေးဝင်း၌ အဝေးပြေးဆိုက်ရောက်ကွင်းကဲ့သို့ ပင်မထွက်ခွာဂိတ် ဆောက်လုပ်ရန် မြေဧက ခြောက်ဧကခန့် လျာထားပြီး လုပ်ကိုင်လိုသူများအား တိုင်းဒေသကြီးအဆင့်ဆင့်မှ စိစစ်ရွေးချယ်သွားမည်



အောင်မင်္ဂလာအဝေးပြေးကားဝင်း ဆိုက်ရောက်ဆောင်ကို တွေ့ရစဉ်


အောင်မင်္ဂလာအဝေးပြေးဝင်း၌ အဝေးပြေးဆိုက်ရောက်ကွင်းကဲ့သို့ ပင်မထွက်ခွာဂိတ် ဆောက်လုပ်ရန် မြေဧကခြောက်ဧကခန့် လျာထားပြီး လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာန အဆင့်ဆင့်မှ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ဌာနခွဲမှူးဦးဇော်မင်း၏ ပြောကြားချက်အရ သိရသည်။

“ပင်မထွက်ခွာဂိတ်ဆောက်ဖို့ အခုလက်ရှိမှာ ကုမ္ပဏီနှစ်ခုကနေ သူတို့လုပ်မယ့် စီမံကိန်း အစီအစဉ်တွေ တင်ပြထားတာရှိတယ်။ ဒီအဝေးပြေးဝင်းထဲမှာ မြန်မာပြည်အနှံ့ ပြေးဆွဲနေတဲ့ ကားလိုင်းပေါင်း ၂ဝဝ ကျော်လောက်ရှိတော့ အဲဒီကားတွေအားလုံးကို တစ်ချိန်တစ်ပြိုင်ထဲမှာ ထွက်နိုင်ဖို့ဆိုတာ သေချာလေ့လာ သုံးသပ်မှုတွေလုပ်ထားဖို့ လိုပါတယ်။ နိုင်ငံတကာနည်းတူ အဆင့်မြင့်တဲ့ရပ်နားကွင်း၊ ထွက်ခွာဂိတ်၊ လက်မှတ်ရုံတွေကို စနစ်တကျ ဆောက်လုပ်ရမှာဖြစ်လို့ ရင်းနှီးမြုပ်နှံမှု ကြီးပါတယ်။ လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေရဲ့ Proposal တွေ၊ Presentation တွေကိုကြည့်ပြီး တိုင်းဒေသကြီး အဆင့်ဆင့်ကနေမှ စိစစ်ပြီး ရွေးချယ်သွားမှာပါ” ဟု ဦးဇော်မင်းကဆိုသည်။

ထိုပင်မထွက်ခွာဂိတ် တည်ဆောက်ရန်မြေနေရာအား အဝေးပြေးဝင်းရှိ ဒနင်းရိုးချောင်းနှင့် ဒနင်းရိုးချောင်း ပတ်လမ်းကြား မြေနေရာအား လျာထားပြီး အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်ရန် ကွင်းအတွင်းရှိ ကားဂိတ်များနှင့် ညှိနှိုင်းဆောက်လုပ် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပင်မထွက်ခွာဂိတ် တည်ဆောက်ပြီးစီးပါက မြန်မာပြည်အနှံ့ ထွက်ခွာမည့် ကားလက်မှတ်များကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်ခြင်း၊ ကားခဈေးနှုန်းထားများ မှန်ကန်ခြင်းနှင့် ခရီးသည်များအတွက် လုံခြုံမှုပိုမိုရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ လက်ရှိတွင် အသုံးပြုနေသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ အဝေးပြေးဆိုက်ရောက်ကားကွင်း (High-Way Bus Arrival) ကို Myint and Paing Co.Ltd နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ BOT စနစ်ဖြင့် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီမှ စတင်ဆောက်လုပ်ခဲ့ပြီး ဩဂုတ်လမှစတင်၍ စမ်းသပ်အသုံးပြုခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...