Monday, February 3, 2014

တရုတ်၊ ထိုင်း၊အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး တရုတ်နှင့်ကုန်သွယ်မှုမှ ၀င်ငွေအများဆုံးရရှိ


မင်းသီဟဇော်
နယ်စပ်ကုန်သွယ်မှု အများဆုံးပြုလုပ်ခဲ့သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)


မြန်မာနိုင်ငံ၏ အိမ်နီးချင်းလေးနိုင်ငံဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ရရှိခဲ့ပြီး တရုတ်နှင့်ကုန်သွယ်မှုမှ ၀င်ငွေအများဆုံး ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇန်န၀ါရီ ၂၄ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၀၁၁ ဒသမ ၉၄၈ သန်းရရှိခဲ့ကြောင်း သိရသည်။ ရရှိခဲ့သည့် နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်တွင် ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၂၄၄၆ ဒသမ ၄၄၄ သန်း၊ သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၅၆၅ ဒသမ ၅၀၄ သန်းပါဝင်ကြောင်း သိရသည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်စခန်းများမှ ကုန်သွယ်ခြင်းဖြစ်ပြီး အိန္ဒိယနှင့်ကုန်သွယ်ရာတွင် တမူး၊ ရိဒ်နယ်စပ်စခန်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ်တွေနှင့် မောင်တောနယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးမှ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အနက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ကုန်သွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှုပြုနိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် နှစ်လခန့်သာလိုတော့သည့်အချိန်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀၄၀၆ ဒသမ ၃၇၈ သန်းသာရှိနေပြီး လျာထားချက် ပြည့်မီရန် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် လိုနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...