Monday, February 3, 2014

မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင်ဘုရားသို့ ပြည်တွင်းမှ လာရောက်ဖူးမြော်သူ နည်းပါးပြီး ပြည်ပအ၀င် တစ်လလျှင် ဦးရေ ၆၀ ခန့်သာရှိ


သဲသီရိကျော် နှင်းဝေေ၀နွယ်
မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင်ဘုရားကို ဖူးမြင်ရစဉ်


မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင်ဘုရားသို့ ပြည်တွင်းမှ လာရောက်ဖူးမြော်သူ နည်းပါးနေသေးပြီး၊ ပြည်ပမှ လာရောက်ဖူးမြော်သူ တစ်လလျှင် အယောက် ၆၀ ခန့်ရှိကြောင်း သိရသည်။

“ဘုရားကြီးကို တည်ထားတာကလည်း သိပ်မကြာသေးဘူး။ တည်ထားတဲ့နေရာကလည်း မြို့လယ်ကောင်လို နေရာမျိုးမဟုတ်တော့ လူသိနည်းတယ်။ ဒါပေမဲ့လည်း ဒီဘုရားက အဓိဋ္ဌာန်ပြုဆုတောင်းရင် အောင်မြင်တယ်လို့ သိထားတဲ့သူတွေကတော့ အမြဲတမ်းလိုလို လာဖူးကြတယ်။ ပြည်ပအ၀င်တွေလည်း ရှိပါတယ်။ ဘုရားကြီးက မင်္ဂလာဒုံလေဆိပ်နဲ့နီးတော့ ပြည်ပဧည့်သည်တွေက လေယာဉ်ပေါ်ကနေ ဘုရားကြီးကို လှမ်းမြင်ရတော့ နောက်ရက်တွေမှာ လာရောက်ဖူးမြော်ကြတာမျိုးလည်း ရှိတယ်။ ဟိုတစ်လောကပဲ စင်ကာပူက အမျိုးသမီးတယောက်က ဒီဘုရားက အဓိဋ္ဌာန်နဲ့ဆုတောင်းရင် ပြည့်တယ်ဆိုလို့ အဓိဋ္ဌာန်ဝင်ပြီး အောင်မြင်သွားလို့ ဘုရားကြီးအတွက် ငွေလာလှူသွားပါတယ်” ဟု ကျိန်သစ္စာရှင်ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါဘုရားသို့ ပြည်ပနိုင်ငံများဖြစ်သည့် ပြင်သစ်၊ ကိုရီးယား၊ သြစတြေးလျ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ အများဆုံး လာရောက်ဖူးမြော်ကြပြီး၊ ပြည်ပဧည့်သည်များ အတွက်လည်း ပြည်တွင်းဘုရားဖူးများနည်းတူ အခမဲ့ လာရောက်လေ့လာခွင့်ပေးထားကြောင်း သိရသည်။

ယင်းမဟာကျိန်သစ္စာရှင် ဘုရားကြီးကို မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်း (ဋ)ရပ်ကွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ဘဒ္ဒန္တကုလရက္ခိတက ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် တည်ထားခဲ့ခြင်းဖြစ်ပြီး၊ အဓိဋ္ဌာန်ပြု ဆုတောင်းပြည့်သည့် ဘုရားတစ်ဆူ ဖြစ်သောကြောင့် ပုံမှန်လာရောက် ဖူးမြော်သူများလည်း ရှိသည်ဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...