Wednesday, February 26, 2014

အမေရိကန်စစ်တပ်ကို ဒုတိယကမ္ဘာစစ် မတိုင်မီက အနေအထားမျိုးအထိ အင်အားလျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ် စီစဉ်


ဖေဖော်ဝါရီ ၂၄ ရက်က ၀ါရှင်တန် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး(၀ဲ)နှင့် ဒုစစ်ဦးစီးချုပ် မာတင်ဒမ်ဆေးတို့အား တွေ့ရစဉ် (Photo:AFP)


ပင်တဂွန် စစ်ဌာနချုပ်က အမေရိကန် စစ်အင်အား၏ ရှစ်ပုံတစ်ပုံအထိကို လျှော့ချရန် စီစဉ်လျက်ရှိရာ အနိမ့်ဆုံးအဖြစ် ဒုတိယကမ္ဘာစစ် မတိုင်မီက အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် မြေပြင်စစ်ဆင်ရေးများကို ၁၀ နှစ်ကျော်ကြာအောင် ဆင်နွှဲခဲ့ပြီးနောက် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ရပ် ပြုလုပ်ရန် အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က လက်ရှိတပ်အင်အား ၅၂၀,၀၀၀ ကို ၄၄၀,၀၀၀ နှင့် ၄၅၀,၀၀၀ အကြားသို့ လျှော့ချသွားရန် အကြံပြုပြီး ခေတ်သစ်တစ်ခုအတွက် ပြန်လည်တည်ဆောက်ရန် အချိန်ကျပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးက ကာကွယ်ရေး အသုံးစရိတ်အတွက် အဆိုပြုချက် တင်သွင်းခြင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၄ ရက်က မိန့်ခွန်းပြောကြားခဲ့ရာတွင် အီရတ်နှင့် အာဖဂန်စစ်ပွဲများပြီးနောက် အမေရိကန် စစ်ခေါင်းဆောင်များသည် ကြီးမားပြီး ကာလကြာရှည်သော တည်ငြိမ်အေးချမ်းရေးဆိုင်ရာ စစ်ဆင်ရေးများကို ဆောင်ရွက်ရန် အစီအစဉ် မရှိတော့ကြောင်း ပြောကြားခဲ့သည်။

ကွန်ဂရက်က အတည်ပြုပြီးပါက ပင်တဂွန် စစ်ဌာနချုပ်သည် အမေရိကန်စစ်တပ် အနေဖြင့် ဒုတိယကမ္ဘာစစ်၌ ၀င်ပါခဲ့သောကြောင့် စစ်အင်အားတိုးချဲ့ရခြင်း မတိုင်ခင် ၁၉၄၀ ပြည့်နှစ်က ရှိခဲ့သည့် အနိမ့်ဆုံးစစ်အင်အားအတိုင်း ထားရှိလိမ့်မည်ဖြစ်သည်။

စစ်အင်အား ၁၃ ရာခိုင်နှုန်း လျှော့ချခြင်းကို ၂၀၁၇ ခုနှစ်အရောက်၌ ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ထိပ်တန်းစစ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဟေဂယ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ၁၃ နှစ်ကြာ စစ်တိုက်ခဲ့ရခြင်းမှနေ၍ အပြောင်းအလဲ ပြုလုပ်ရန်အတွက် ယခုအစီအစဉ်သည် ပထမဆုံး အပြည့်အ၀ ရောင်ပြန်ဟပ်ပြခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန်သည် စစ်သွေးကြွများအား နှိမ်နင်းရေး စစ်ဆင်ရေးများကို ကာလကြာရှည်စွာ ဆောင်ရွက်ခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်တွင် စစ်အင်အားအမြင့်ဆုံးအဖြစ် ၅၆၆,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီးနောက် နိုင်ငံတော်ဘဏ္ဍာရေးအရ ဖိအားများ ကြီးထွားလာမှုကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်တပ်များသည် ၂၀၁၁ ခုနှစ်တွင် အီရတ်မှ ဆုတ်ခွာခဲ့ပြီး ယခုနှစ် အကုန်တွင်လည်း အာဖဂန်မှတပ်များ ရုပ်သိမ်းရန် ကတိပေးထားသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...