Wednesday, February 26, 2014

ယူကရိန်းတွင် ၀န်ကြီးချုပ်သစ်နှင့် အစိုးရအဖွဲ့သစ် အမည်စာရင်းများ ထုတ်ပြန်ရန်စီစဉ်



ဖေဖော်ဝါရီ ၂၄ ရက်က ကိဗ်မြို့အနီးရှိ ယာနူကိုဗစ်၏ ဇိမ်ခံအိမ်တော်အနီး လူများလမ်းလျှောက်နေစဉ် (Photo:AFP)


စီးပွားရေးချည့်နဲ့နေသော ယူကရိန်းနိုင်ငံကို ကိုင်လှုပ်နေသည့် ပဋိပက္ခများအတွက် ဖြေရှင်းချက်ရှာဖွေရန် အနောက်တိုင်း ထိပ်တန်းသံတမန်များ ကိဗ်မြို့သို့ အလျင်အမြန် ရောက်ရှိလာချိန်တွင် ယူကရိန်းက ၀န်ကြီးချုပ်သစ်နှင့် အစိုးရအဖွဲ့သစ် အမည်စာရင်းကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ရန် စီစဉ်နေကြောင်း သိရသည်။

ကိဗ်မြို့တွင် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရသော ရုန်းရင်းဆန်ခတ်မှုများဖြစ်ပြီးနောက် ရုရှားအစိုးရလိုလားသူ သမ္မတ ဗစ်တာယာနူကိုဗစ်သည် ထွက်ပြေးသွားခဲ့ပြီး ယူကရိန်းနိုင်ငံသည်လည်း ရုရှားနှင့် လမ်းခွဲလိုက်သည့်အတွက် ဒေါ်လာ ၃၅ ဘီလျံတန်ဖိုးရှိ အကူအညီများကို အနောက်တိုင်းမှရရှိရန် မေတ္တာရပ်ခံလိုက်သည်။

ယာနူကိုဗစ်သည် ရုရှားနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံရေးကို ဦးစားပေးသည့်အနေဖြင့် ဥရောပသမဂ္ဂက ပေးအပ်မည့် အကူအညီပေးရေး သဘောတူညီချက်ကို နိုဝင်ဘာလတွင် ငြင်းဆိုလိုက်သောကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယာနူကိုဗစ်ကို လူသတ်မှုများအတွက် ဖမ်းဆီးရန် ၀ရမ်းထုတ်ထားသည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှ်တန်သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကိဗ်မြို့သို့ ရောက်ရှိလာပြီး ယူကရိန်းမြို့တော်သည် ပုံမှန်အနေအထားသို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာကာ မြို့လယ်ရှိဆိုင်များနှင့် စားတော်ဆက်များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ အက်ရှ်တန်သည် ယူကရိန်းကြားဖြတ်ခေါင်းဆောင် အိုလက်ဆန်ဒါတာချိုင်နော့ဗ်နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ တာချိုင်နော့ဗ်က နိုင်ငံခြားက ယခုနှစ်အတွင်း ပေးအပ်မည်ဟု ကတိပေးဖူးသည့် အကူအညီဒေါ်လာ ၁၃ ဘီလျံကို လက်ခံရုံမှလွဲ၍ ရွေးစရာလမ်း မရှိကြောင်းနှင့် အနောက်တိုင်းအနေဖြင့် ယင်းကဲ့သို့ အကူအညီပေးရန် ပျက်ကွက်နိုင်ကြောင်း သတိပေးခဲ့သူဖြစ်သည်။ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်တို့သည်လည်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ကိဗ်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...