Saturday, December 7, 2013

လွယ်ကူမှတ်မိ၊ ဟက်ရန်ခက်သည့် Password မျိုးပေးကြည့်

 

ပြီးခဲ့တဲ့ နှစ်လအတောအတွင်းမှာ အင်တာနက်ပေါ်တင်ထားတဲ့ နာမည်ကြီး ၀ဘ်ဆိုဒ်တွေအတွက် သုံးတဲ့ password တွေ တပြုံကြီး အဟက်ခံထားရကြောင်း လုံခြုံရေးသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဟက်ခံရတဲ့အတွက် ဟက်ကာတွေအနေနဲ့ ၀င်ရောက်အသုံးပြု၊ နှောင့်ယှက်လို့ ရပါတယ်။

ထင်သာမြင်သာရှိတဲ့ အချက်တွေထဲက တစ်ခုကတော့ Facebook, Twitter စတဲ့ အသုံးပြုသူတွေ တော်တော်များများဟာ ခန့်မှန်းရလွယ်တဲ့ passwordကို အသုံးပြုတာပါပဲ။ လူကြိုက်အများဆုံး password ကတော့ “123456” ဒါမှမဟုတ် ဒီထက်ပိုကောင်းရင် “123456789” ဒါမှမဟုတ် အသုံးများတာ တစ်ခုခုပေါ့။

ရှောင်သုံးသင့်တဲ့ password အခု၂၀ ကတော့ ………….

· 123456

· 123456789

· password

· admin

· 12345678

· qwerty

· 1234567

· 111111

· photoshop

· 123123

· 1234567890

· 000000

· abc123

· 1234

· adobe1

· macromedia

· azerty

· iloveyou

· aaaaaa

· 654321ဒီအကြံပေးချက်ကတော့ ကွန်ပျူတာလုံခြုံရေး ကျွမ်းကျင်ပညာရှင် Neal O’ Farrell ပြောထားတာပါ။ ဟက်ကာတွေ ခန့်မှန်းရခက်စေဖို့နဲ့ မှတ်မိရလည်းလွယ်စေဖို့ အကြံကောင်းတစ်ရပ်ပေးထားပါသေးတယ်။ passwordတွေကို မသုံးပဲနဲ့။ passphrase တွေကိုသုံးပါတဲ့။ သူက ဒီနည်းနဲ့ရှင်းပြပါတယ်။ passphrase ဆိုတာ မှတ်မိရလွယ်ကူတဲ့ ၀ါကျတိုတစ်ကြောင်းပါ။ သင့်အကြောင်း၊ သင့်ဘ၀အကြောင်း ကိုဖော်ညွှန်းတဲ့ဟာမျိုးပေါ့။ ဟက်ကာတစ်ယောက်အနေနဲ့လည်း ခန့်မှန်းရ၊ သိရ ခက်ပါလိမ့်မယ်တဲ့။

နိုတြီဒိန်းမ် တက္ကသိုလ်ကနေ ၂၀၀၂ခုနှစ်၊ ဇွန်လ၊ ၁ရက်နေ့မှာ ဘွဲ့ရခဲ့တဲ့ သူတစ်ယောက်လို့ ဆိုကြပါစို့။ “I graduated from Notre Dame University on June 1st 2002.” နံပါတ်တွေအပါအ၀င် ဒီစကားစုမှာပါတဲ့ စာလုံးတိုင်းရဲ့ အစစာလုံးတွေကို ဆွဲထုတ်သုံးပါ။

ဒါဆိုရင် “IgfNDUoJ1st2002” ဆိုတဲ့ password ကိုရလာပါလိမ့်မယ်။ စာလုံးအကြီး၊ အသေး၊ နံပါတ်တွေ အစုံပါဝင်တဲ့ သိပ်သည်းကျစ်လစ်တဲ့ အက္ခရာ၁၅လုံးပါ password တစ်ခုပါ။ “I” ကို သင်္ကေတ “!” နဲ့ ပြောင်းလိုက်ပါ။ ဒါဆိုရင်တော့ ဖြည်ဖို့အတော့်ကို ခက်တဲ့ password တစ်ခုကို လုပ်နိုင်သွားပါပြီ။

Ref:sfgate

ရိုးမသွားတဲ့ ဖက်ရှင်တွေထဲမှာ Overall Dungaree ဖက်ရှင်လည်းပါ

 



လူငယ်ဆန်ပြီး ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်တစ်ခုကိုပြောပါဆိုရင် Overall Dungaree ဖက်ရှင်ကိုပဲ ညွှန်းရမှာပါပဲ။ ကလေးဘ၀ကတည်းက ဆယ်ကျော်သက်၊ သတ်လတ်ပိုင်းအထိ ခုန်မင်စွာဝတ်ဆင်နိုင်တဲ့ ဒီဖက်ရှင်ဟာ နိုင်ငံတကာမှာရော ဒီနိုင်ငံမှာပါ တစ်ကျော့ပြီးတစ်ကျော့ လည်ပတ်စီးဆင်းနေတဲ့ ဖက်ရှင်တစ်ခုပါ။ ချုပ်လုပ်တဲ့ ဒီဇိုင်း၊ ရွေးချယ်တဲ့ ပိတ်စအသားတွေ အနည်းအကျဉ်းလောက်သာ ပြောင်းလဲသွားတာမို့ ပျိုမေတွေကတော့ ခုထိ အသည်းစွဲဖြစ်နေတုန်းဆိုတာ သေချာပါတယ်နော်။

၁။ မြင်နေကျ Overall Dungaree ဒီဇိုင်းဆိုပေမယ့် အောက်ခံတီရှပ်အမိုက်စားလေးတွေကြောင့် ပိုမိုအထာကျစေမယ့် ဖက်ရှင်တစ်ခုပါ။



၂။ ခုနောက်ပိုင်း မိန်းကလေးတွေ အ၀တ်များတဲ့ Overall ဒီဇိုင်းလေးပါ။ စကတ်အကားလေးဆိုတော့ ၀တ်တဲ့သူကို ချစ်စဖွယ်ဖြစ်စေမှာ အသေအချာပါပဲ။



၃။ဒါကတော့ ရှိုးပွဲနဲ့ ပါတီပွဲအတွက် သင့်တော်တဲ့ စတိုင်လ်မျိုးပေါ့။



၎။မြင်ရခဲ့တဲ့ Overall ဒီဇိုင်းပါ။ အကွက်တွေ၊ အစင်းတွေ နှစ်ခြိုက်သူတွေ ကျိန်းသေ သဘောကျသွားမယ့် စတိုင်လ်ပါပဲ။



၅။ဂျင်းအစား လည်သာကို ပြောင်းချုပ်ထားတာမို့ ပွဲတက်အထိ ၀တ်ဖို့တောင် အဆင်ပြေပါတယ်။ အရေးကြီးတာက ဖိနပ်ကို underground boot မဟုတ်ရင်တောင် အဲ့ဒီလိုအထာကျကျ ဖိနပ်မျိုးကို ရွေးချယ်ဖို့ပါပဲ။

တားမြစ်ဆေးကျသွားလို့ (၂)နှစ်အပိတ်ခံလိုက်ရတဲ့ စကော့တလန်လက်ဝှေ့သမားကင်နီအန်ဒါဆင်

 
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလအတွင်း ရော်ဘင်ရိဒ်ကို (၅)ချီမြောက်မှာ အလဲထိုးခဲ့ပြီး ဗြိတိန်စူပါမစ် ဒယ်ဝိတ်ချန်ပီယံဆုကို ရယူခဲ့တဲ့ စကော့တလန်လက်ဝှေ့ကျော် ကင်နီအန်ဒါဆင်ဟာ အဲဒီပွဲအပြီးမှာ တားမြစ် ဆေးဝါးသုံးစွဲခြင်းရှိမရှိ ဆေးစစ်ခံထားခဲ့တဲ့ အဖြေဟာ သုံးစွဲထားပါတယ်လို့ သက်ရောက်တဲ့ Positive ထွက် ခဲ့လို့ အခုဆိုရင် (၂)နှစ်တိတိ လက်ဝှေ့ထိုးသတ်ခြင်းပိတ်ပင်ခံလိုက်ရကာ ထိုးသတ်ခွင့်လိုင်စင်လည်း အသိမ်း ခံလိုက်ရပါပြီ။ ကင်နီအန်ဒါဆင်အနေနဲ့ တားမြစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ Amphetamine သုံးစွဲခဲ့ကြောင်း ဆေး စစ်မှုအရ သိရှိလိုက်ရချိန်မှာ ပြန်လည်ဖြေရှင်းလာတာကတော့ သူသောက်မယ့် ကော်ဖီထဲကို ဆေးခတ်ခံခဲ့ရ တာပါတဲ့။ သူ့မန်နေဂျာဖြစ်သူ စတိဗ်ဝုဒ်က ကင်နီဟာ ဒီအမှုကိုခုခံနေခဲ့ရင်း အခုဆိုရင် အရေးနိမ့်သွားခဲ့ပါပြီ။ သူကတော့ ကော်ဖီထဲကို တစ်ယောက်ယောက် Amphetamine ဆေးခတ်ခဲ့တာတဲ့။ ဒါကလက်ခံနိုင်စရာ ဖြစ်ပေမယ့်လည်း တားမြစ်ဆေးအဖွဲ့ဘက်ကတော့ ဒါဟာ သူ့ကိုယ်မှာဖြစ်တဲ့အတွက် သူပဲတာဝန်ယူရမှာဖြစ် ပါတယ်လို့ နောက်ဆုံး အမိန့်ချမှတ်ခဲ့ပါတယ်။ ကင်နီဘက်က ဒီလိုဆင်ခြေပေးနေခဲ့ပေမယ့်လည်း ရော်ဘင်ရိဒ် ကို အနိုင်ယူပြီး တစ်ပတ်အကြာမှာပဲ ဗြိတိန်စူပါမစ် ဒယ်ဝိတ်ချန်ပီယံဆုကို လူမှုရေးပြသနာများကြောင့် စွန့် လွတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဟာ တားမြစ်ဆေးအဖြေPositive ထွက်လာမယ်မှန်းကြိုသိခဲ့လို့များ လားလို့ . . . . .။

အကွာဝေးဆုံး ပတ်လမ်းကြောင်းနဲ့ ပတ်နေတဲ့ ဂြိုဟ်တစ်လုံးတွေ့ရှိ

 


အကွာဝေးဆုံး ပတ်လမ်းကြောင်းနဲ့ ပတ်နေတဲ့ ဂြိုဟ်တစ်လုံးကို နက္ခတ္တဗေဒ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ့ဂြိုဟ်ဟာ ဂျူပီတာထက် (၁၁)ဆ သိပ်သည်းပြီး၊ သူ့ကို လက်ခံထားရာ ကြယ်ကို ကမ္ဘာ-နေ အကြား ပျှမ်းမျှအကွာအဝေးထက် အဆပေါင်း(၆၅၀) အကွာကနေ ပတ်နေပါတယ်။

ဂြိုလ်ဖွဲ့စည်းမှု သီအိုရီကို ကောင်းကောင်းကြီး ချိုးဖောက်နေတဲ့အတွက် ဒီဂြိုဟ်ကြီး ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒပညာရှင်တွေအတွက် ပဟေဋ္ဌိဖြစ်နေပါတယ်။ အရီဇိုးနား တက္ကသိုလ်ဘွဲ့ရကျောင်းသူတစ်ယောက် ဦးဆောင်တဲ့ နိုင်ငံတကာ နက္ခတ္တဗေဒပညာရှင်များအဖွဲ့ဟာ နေနဲ့တူတဲ့ ကြယ်တစ်လုံးကို ပတ်နေတဲ့ HD 106906 ဂြိုဟ်ကို တွေ့ရှိခဲ့တာပါ။

“ဒီ ဂြိုဟ်ဖွဲ့စည်းပုံစနစ်က သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်မတို့ ခုကြုံတွေ့နေရတာတွေကို ရှင်းပြနိုင်တဲ့ နေအဖွဲ့အစည်း၊ ဂြိုဟ်အဖွဲ့အစည်းရယ်လို့ ပြစရာမရှိဘူးလေ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ Vanessa Bailey ကပြောခဲ့ပါတယ်။

Ref:indiaexpress

ဘစ်ကနီ ၀တ်သော်လည်း မလှနိုင်

 

ပုံမှန်ဆိုရင်တော့ ဘီကီနီဆိုတာ အမျိုးသမီးတွေအတွက် ကမ်းခြေလိုနေရာမျိုးမှာ သူမတို့ရဲ့ ကောက်ကြောင်းအလှ ဖော်ပြရာမှာ အသုံးပြုတဲ့ ကြားခံပစ္စည်းပေါ့။ မျှော်လင့်မထားစွာဘဲ တချို့သော နာမည်ကျော်တွေဟာ ဒီစာရင်းထဲမှာမပါဝင်ရှာပါဘူး။

အမြဲတမ်းလိုလို two pieces နဲ့လှနေတတ်တဲ့ Kate Uptons, Miranda Kerrs နဲ့ Jessica Albas တို့ကိုပဲ အာရုံစိုက်နေတတ်တဲ့ ကျွန်ုပ်တို့ဟာ တစ်ခါတစ်ရံတော့လည်း တခြားသူတွေကို ပြောင်းပြီး အာရုံစိုက်ကြည့်ရအောင်။ သူတို့တွေက တကယ်တမ်းတော့ two-pieces အစား one-piece ကိုသာ ရွေးချယ်ခဲ့သင့်ပါတယ်။

သြော်စတေးလျမော်ဒယ် Sharni Vinson ကို two-piece နဲ့တွေ့ရလေ့ရှိပြီး တွေ့တိုင်းလည်း ညစာအတွက် ခြောက်လစာလောက် ကျေးဇူးတင်သင့်လောက်ပါတယ်။ ကဲဒီတော့ အပုတ်ချတယ်လည်း မထင်ပါနဲ့။ တစ်ချက်လောက် ရှိုးလိုက်ရအောင်။

Sharni Vinson- သူမကို ကြည့်ရတာ မိန်းမအစစ်ဟုတ်ရဲ့လားလို့တောင် မေးချင်စရာပါပဲ။



Tara Reid- သူမအနေနဲ့ ဘိုတော့ ပလတ်စတစ်ဆာဂျရီ လုပ်ထားတာကို one-pieceနဲ့ ဖုံးထားသင့်ပါတယ်။



Lisa Rinna- နေရောင်ခြည်က သူမရဲ့ ဗိုက်သားအားလုံးကို လောင်ကျွမ်းပစ်လိုက်လို့ တဖြည်းဖြည်းအရည်ပျော်ပြီး အောက်ကို တွဲကျလာနေသလိုပါပဲ။



Kelly Bensimon- ကောက်ကြောင်းမရှိတဲ့ အစာအိမ်ခပ်ကြီးကြီးနဲ့ ၀မ်းဗိုက်ကို ပိုင်ဆိုင်ထားသလိုပါပဲ။



Ref:starpulse

ယခုနှစ်တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မနောပွဲ ကျင်းပနိုင်မည်မဟုတ်

 Saturday, 07 December 2013


နှစ်စဉ်မနောပွဲကျင်းပလေ့ရှိသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းအား တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် နှစ်စဉ် ဇန်န၀ါရီ ၁၀ ရက် ကချင်ပြည်နယ်နေ့နှင့်အတူကျင်းပသော မနောပွဲမှာ ယခုနှစ်၌လည်း ကျင်းပနိုင်မည်မဟုတ်ကြောင်း ကချင်လူမျိုးများ ရိုးရာစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလဂျိုင်ဟောင်းခေါင်က The Daily Eleven သို့ ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။

''မနောပွဲတော့ ဒီနှစ်မှာ မဖြစ်နိုင်တော့ပါဘူး။ မနောပွဲတစ်ခုကျင်းပရင် ကျပ်သိန်းပေါင်း ငါးထောင်ဝန်းကျင်ကုန်တယ်။ ကျင်းပမယ်ဆိုရင် ရှစ်လပိုင်းကစပြီး ရန်ပုံငွေ၊ အခင်းအကျင်းတွေ စလုပ်ပြီး ရုံးထိုင်နေရပြီ။အခုမှ ကျင်းပမယ်ဆိုရင်လည်း ဘယ်လိုမှ မစည်ကားနိုင်တော့ဘူး။ အစိုးရအဖွဲ့လည်း အသစ်ပြောင်းသွားတော့ သူတို့သဘောဆန္ဒလည်း အရေးကြီးပါတယ်။ လူထုရဲ့ဆန္ဒလည်း အရေးကြီးပါတယ်'' ဟု ဆိုပါသည်။

ကချင်ပြည်နယ် မနောကွင်းတွင် ကျင်းပသည့် မနောပွဲမှာ ၂၀၁၁ ခုနှစ် (၆၃) ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ကာ မငြိမ်သက်မှုဖြစ်ပေါ်လာပြီးနောက် မနောပွဲကျင်းပမှုကို ရပ်နားခဲ့သည်မှာ ယခုအပါအ၀င် သုံးနှစ်ရှိခဲ့ပြီ ဖြစ်သည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကမူ မနောပွဲကျင်းပနိုင်ရေးမှာ ငြိမ်းချမ်းရေးရရှိမှုပေါ် မူတည်နေကြောင်း ပြောကြားသည်။

စီတာပူရပ်ကွက်မှ ဦးလရိန်က ''မနောပွဲ မလုပ်ဖြစ်တာက သာမန်ကြည့်ရင် ဘာမှမဖြစ်သလိုပဲ။ ဒါပေမဲ့ ကချင်မျိုးနွယ်စုတွေ ဆုံစည်းဖို့ဆိုတာ ဒီပွဲတစ်မျိုးတည်းရှိတာ ခရစ်ယာန် ဘာသာရေးပွဲတွေဟာလည်း ဂိုဏ်းကွဲတွေရှိတော့ ဒီပွဲလောက် တိုင်းရင်းသားတွေမစုံဘူး။ ဒီပွဲမျိုး နှစ်အကြာကြီး မကျင်းပဘဲထားရင် ကချင်မျိုးနွယ်စုတွေရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ လျော့နည်းနိုင်တယ်လို့ မြင်တယ်။

ဒီပွဲမှာ ဗမာအပါဝင် တိုင်းရင်းပေါင်းစုံနဲ့ နိုင်ငံတကာကလူတွေ လာကြတော့ မြန်မာနိုင်ငံ တိုင်းရင်းသားတွေကြားမှာလည်း တစ်ဦးကိုတစ်ဦး ရင်းနှီးချစ်ခင်မှုတွေ တိုးလာနိုင်တယ်လို့ ယူဆတယ်။ စဉ်းစားကြည့်ရင် တိုင်းပြည်ရဲ့ လွတ်လပ်မှုတစ်ခု ရှုံးတာပါ'' ဟု ဆိုသည်။
နှစ်စဉ်ကျင်းပခဲ့သော မနောပွဲသို့ ကချင်ပြည်နယ်ရှိ ကချင်မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော၊ လဝေါ်(မရူ)၊ လာချိတ်၊ ဇိုင်ဝါး (အဇီး)၊ ရ၀မ်၊ လီဆူစသည့် ကချင်မျိုးနွယ်စု ခြောက်မျိုး စုပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်တစ်သိန်းကျော် တက်ရောက်လေ့ရှိကြောင်း သိရသည်။

EMG

ကမ္ဘာပေါ်ရှိ အဖိနှိပ်ခံ ပြည်သူများအတွက် စံပြခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်ပြီ

 Saturday, 07 December 2013


တောင်အာဖရိက၏ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး စံပြခေါင်းဆောင်နှင့် ၂၀ ရာစု နိုင်ငံရေးလောက၏ အထင်ရှားဆုံး ခေါင်းဆောင် တစ်ဦးဖြစ်သူ နယ်လ်ဆင်မင်ဒဲလားသည် အသက် ၉၅ နှစ်အရွယ်၌ ဒီဇင်ဘာ ၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အဆုတ်ထဲ ပိုးဝင်ခြင်း ထပ်ကျော့ ဖြစ်ပွားခြင်းမှနေ၍ ဖြစ်ပေါ်သော နောက်ဆက်တွဲ ပြဿနာများကြောင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးက ချစ်ခင်လေးစားသော နိုဗယ်ဆုရ ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားသည် လူမျိုးရေးခွဲခြားမှုနှင့် ပတ်သက်၍ ရက်စက်ကြမ်းကြုတ်သော သမိုင်းကြောင်းရှိသည့် တောင်အာဖရိကနိုင်ငံမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး သင်္ကေတ တစ်ရပ်လည်း ဖြစ်သည်။



တောင်အာဖရိက၏ လူမျိုးရေးခွဲခြားသော အစိုးရကို ဖြုတ်ချရန် ကြံစည်ခဲ့မှုအတွက် မင်ဒဲလားသည် နှစ်ပေါင်း ၃၀ နီးပါးကြာ ထောင်ထဲတွင် နေခဲ့ရပြီး ၁၉၉၀ ပြည့်နှစ်တွင်မှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ မင်ဒဲလားသည် တောင်အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်းခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော် မင်ဒဲလားသည် ပထမ သမ္မတသက်တမ်း တစ်ခုတည်းသာ တာဝန်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ရာထူးမှ ဆင်းပေးခဲ့သည်။ ယင်းနောက် နိုင်ငံရေး လောကမှ အနားယူခဲ့ပြီး လူအများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။



၁၉၉၀ ဖေဖော်ဝါရီ ၁၁ ရက်က အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည့် မင်ဒဲလား (အလယ်)

မင်ဒဲလားသည် အဆုတ်ပိုးဝင်မှုကို နာတာရှည် ရောဂါအဖြစ် ခံစားခဲ့ရပြီးနောက် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ နေအိမ်တွင် သူ၏မိသားစုများ ၀န်းရံလျက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ မင်ဒဲလား သေဆုံးကြောင်း သတင်းကို တောင်အာဖရိကနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးသို့ စိတ်ခံစားမှု ပြင်းပြစွာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် ကြေညာခဲ့သူမှာ တောင်အာဖရိကသမ္မတ ဂျက်ကော့ ဇူးမားဖြစ်သည်။ ရော်ဘင်ကျွန်းတွင် အကျဉ်းသားအဖြစ် နေထိုင်ရခဲ့ဖူးသူ ဇူးမားက ''ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး နယ်လ်ဆင် ရိုလီဟလာဟလာ မင်ဒဲလားတစ်ယောက် ကျွန်တော်တို့ကို ခွဲခွာသွားခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ သူရဲ့အကြီးမြတ်ဆုံး သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး ကျွန်တော်တို့ ပြည်သူတွေ အတွက်တော့ ဖခင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါပဲ'' ဟု ကြေညာခဲ့သည်။

မင်ဒဲလားသည် စက်တင်ဘာလက ဆေးရုံမှ ဆင်းလာခဲ့သော်လည်း နေအိမ်တွင် အထူးကြပ်မတ် စောင့်ရှောက် ကုသမှုများကို ခံယူနေခဲ့ရသည်။ မင်ဒဲလားသည် အကျဉ်းထောင်အတွင်း နေထိုင်စဉ် တီဘီရောဂါ ရခဲ့ပြီးနောက် အဆုတ်ရောဂါ ပြဿနာနှင့် ကာလကြာရှည်စွာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။



၁၉၉၄ ခုနှစ်က တောင်အာဖရိက သမ္မတဟောင်း ဒီကလာ့ခ်နှင့်အတူ တွေ့ရသည့် မင်ဒဲလား

ရေဒီယိုနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် မင်ဒဲလား ကွယ်လွန်ကြောင်း သတင်းကို ကြားသိခဲ့ရပြီးနောက် တောင်အာဖရိက နိုင်ငံသားများသည် သူ၏နေအိမ် အနီးဝန်းကျင်ရှိ လမ်းများပေါ်သို့ တဖွဲဖွဲ ရောက်ရှိလာကြပြီး လက်ချင်းချိတ်လျက် လမ်းလျှောက်ကာ မင်ဒဲလား၏ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုသည့် သီချင်းများကို သီဆိုနေခဲ့ကြသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၆ ရက်တွင် တောင်အာဖရိက သူရဲကောင်း နယ်လ်ဆင်မင်ဒဲလား၏ အသုဘကို နိုင်ငံတော် ဈာပနအဖြစ် ကျင်းပရန် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။ နယ်လ်ဆင်မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား အပါအ၀င် နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့် အော်ပရာဝင်းဖရေး၊ ဘီကလင်တန်နှင့် ဟီလာရီကလင်တန် တို့ကဲ့သို့ မင်ဒဲလားနှင့် ရင်းနှီးသူများ တက်ရောက် ကြလိမ့်မည်ဟု မျှော်လင့်ထားသည်။



၁၉၉၄ ခုနှစ် ဧပြီလက တောင်အာဖရိက၏ ပထမဆုံး လူမျိုးစုံ ရွေးကောက်ပွဲတွင် မဲပေးနေသည့် မင်ဒဲလား

အစိုးရသတင်း ရင်းမြစ်များအရ မင်ဒဲလားကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် နေ့ဖြစ်သော 'အမျိုးသား ပြန်လည်သင့်မြတ်ရေးနေ့' (ဒီဇင်ဘာ ၁၆ ရက်) တွင် သင်္ဂြိုဟ်ရန် အများက တောင်းဆို ထားသည်ဟု သတင်းထွက်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၄ ရက်တွင် သင်္ဂြိုဟ်လိမ့်မည် ဖြစ်ကြောင်း သိရသည်။ သို့သော် မင်ဒဲလား၏ ဈာပန အခမ်းအနားနှင့် ပတ်သက်သော အသေးစိတ် အစီအစဉ်များကို ဒီဇင်ဘာ ၆ ရက်နေ့ အနှောင်းပိုင်းတွင် ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ၁၉၉၄ ခုနှစ် တွင် မင်ဒဲလား သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ်က တောင်အာဖရိကသို့ ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ခဲ့ပြီး နောက်ပိုင်း ယခုဈာပန အခမ်းအနားသည် တောင်အာဖရိကသို့ ကမ္ဘာ့ခေါင်းဆောင် အများဆုံး လာရောက်မှု ဖြစ်လိမ့်မည် ဖြစ်သည်။

Ref:AFP

သူတို့၏ ပြောစကားများ

ကျွန်တော်တို့ သူ့ကို ဂါရ၀ပြုနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကျွန်တော်တို့ လုပ်ဆောင်သမျှ အရာတိုင်းမှာ လူသားအချင်းချင်း တစ်ပြေးညီ ဆက်ဆံခြင်းနဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးအတွက် အလုပ်လုပ်ခြင်းအပေါ် လေးစားပြီး သူလုပ်ခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ပါပဲ။

ဒလိုင်းလားမား (တိဗက်ဘာသာရေးခေါင်းဆောင်)

ဘယ်သူမဆို မျှော်လင့်ထားတာထက် ပိုပြီး သူ (နယ်လ်ဆင်မင်ဒဲလား) ရယူ အောင်မြင်နိုင်ခဲ့တယ်။

ဘာရက်အိုဘားမား (အမေရိကန်သမ္မတ)

နယ်လ်ဆင်မင်ဒဲလားဟာ တရားမျှတမှုနဲ့ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ လူသား စိတ်ကူးဥာဏ်တို့နဲ့ ပတ်သက်ရင် မဟာလူသား တစ်ဦးပါပဲ။

ဘန်ကီမွန် (ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်)

သူရဲ့ စံနမူနာက ဆက်လက် ရှင်သန်နေမှာဖြစ်ပြီး တောင်အာဖရိက နိုင်ငံသားတွေ အနေနဲ့ သူရဲ့အမြင်တွေဖြစ်တဲ့ လူမျိုးရေး ခွဲခြားမှုမရှိရေး၊ တရားမျှတရေး၊ လူ့ဂုဏ်သိက္ခာနဲ့ တန်းတူညီမျှရေးအပေါ် ဆက်ပြီး လေးစားလိုက်နာ သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

အက်ဖ် ဒဗလျူ ဒီကလာ့ခ် (တောင်အာဖရိက သမ္မတဟောင်း)

လူတစ်ယောက်ရဲ့ အရေပြားအရောင်ကိုကြည့်ပြီး သူမွေးဖွားလာခဲ့တဲ့ အခြေအနေ ၀န်းကျင်တွေကိုကြည့်ပြီး ဆိုးရွားတဲ့ နှိမ်ချမှုမျိုး ဘယ်သူမှ မလုပ်သင့်ဘူး ဆိုတာကို သူက ကျွန်မတို့ အားလုံးကို နားလည်အောင် ညွှန်ပြပေးခဲ့တယ်။ ကျွန်မတို့အားလုံးကို နားလည်အောင် သူညွှန်ပြပေးခဲ့ တာကတော့ ကျွန်မတို့ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်နိုင်တယ် ဆိုတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်

အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမှန်တကယ် မြှင့်တင်ရန် ကိုယ်တိုင်တိုက်ပွဲဝင် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် Women's Forum Myanmar 2013 တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Saturday, 07 December 2013


ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၆ ရက်က စတင်ကျင်းပသည့် Women's Forum Myanmar 2013 တွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ်

အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမှန်တကယ် မြှင့်တင်ရန် ကိုယ်တိုင်တိုက်ပွဲ ၀င်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် Women's Forum Myanmar 2013 တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားတွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မင်ဒဲလား ကွယ်လွန်သွားခြင်းနှင့် စပ်လျဉ်း၍ ''သူမွေးဖွား ကြီးပြင်းလာရတဲ့ အကျိုးပေးအတွက်၊ သူ့အသား အရောင်အတွက် ဘယ်သူမှ ပြစ်ဒဏ်ကျခံဖို့ မသင့်ဘူးဆိုတာ ကျွန်မတို့အားလုံးကို သူနားလည်စေခဲ့တယ်။ ကျွန်မတို့ အားလုံးကို နားလည်အောင် သူညွှန်ပြ ပေးခဲ့တာကတော့ ကျွန်မတို့ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်နိုင်တယ် ဆိုတာပါပဲ။ ဒီအကြောင်းကြောင့် သူ့ကိုကျွန်မက လူသားဆန်မှု အဆင့်အတန်းကို မြှင့်တင်ပေးသူ မဟာလူသား တစ်ဦးအနေနဲ့ ဂုဏ်ပြုလိုပါတယ်'' ဟု ထည့်သွင်း ပြောကြားသည်။

အမျိုးသမီးများ အနေဖြင့် ပွင့်လင်းသော လူ့အဖွဲ့အစည်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာရန်အတွက် CEDAW အဖွဲ့ဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ အဖွဲ့အစည်း တစ်ခုအတွင်းသို့ ၀င်ရောက်ခြင်းသည် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးမည် မဟုတ်ကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမှန်တကယ် မြှင့်တင်ရန်အတွက် ကိုယ်တိုင်တိုက်ပွဲ ၀င်ရမည်ဖြစ်ပြီး မည်သည့်အတွက် တိုက်ပွဲဝင်ရသည်ကို သိရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အမျိုးသမီး ဖိုရမ်ကို ပြင်သစ်သံရုံးမှ ဦးစီး၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတရုံးစီးပွားရေး အကြံပေး ဒေါက်တာ အောင်ထွန်းသက်၊ ပြင်သစ်ယဉ်ကျေးမှုနှင့် ဆက်ဆံရေးဝန်ကြီး အော်ရယ်လီဖီလီပေတီ အပါအ၀င် Speaker ၉၀ က ''လျင်မြန်စွာ ပွင့်လင်းလာသည့် လူမှုအသိုင်းအ၀ိုင်းမှ အမျိုးသမီးများ'' ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ အဆိုပါ ဖိုရမ်ကို ရန်ကုန်မြို့ Chatrium Hotel တွင် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းလာသော လူ့အဖွဲ့အစည်းမှ အမျိုးသမီးများ အကြောင်း ဆွေးနွေးရာတွင် အဆိုပါ လူ့အဖွဲ့အစည်း ပွင့်လင်းလာခြင်း အကြောင်းရင်း၊ ပွင့်လင်းလာသည့် အရာများ၊ ပွင့်လင်းမှုနှင့်အတူ အမျိုးသမီးများအပေါ် ကျရောက်လာမည့် အန္တရာယ်များ၊ အဆိုပါ အန္တရာယ်များကို ရှောင်ရှားရမည့် နည်းလမ်းများ၊ ပွင့်လင်းလာသည့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးများ၊ ကောင်းမွန်သည့် အကျိုးဆက်များကို ဆက်လက် ထိန်းသိမ်းရမည့် နည်းများနှင့် ပွင့်လင်းလာသည့် လူ့အဖွဲ့အစည်း၏ အနာဂတ်တွင် နောက်မျိုးဆက်များ အနေဖြင့် အမျိုးသား အမျိုးသမီး တန်းတူညီမျှမှု၏ အရေးပါပုံကို နားလည်သဘော ပေါက်စေရန် စသည့်အချက်များကို ဆွေးနွေးရန် လိုကြောင်း ထည့်သွင်း ပြောကြားသည်။

''ကျွန်မတို့အားလုံး မွေးဖွားလာတဲ့ အချိန်မှာ တူညီတဲ့ အခွင့်အရေးတွေ ဂုဏ်သိက္ခာတွေ ရှိပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အခြေခံအချက် တစ်ချက်မှာ ရေးသားထားပါတယ်။ ဒီအချက်ကို ကျွန်မတို့ရဲ့ မိခင်တွေဟာ သားသမီးတွေသိအောင် သင်ကြားပေးရပါမယ်။ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်တဲ့ အချိန်မှာ ကျွန်မတို့ အားလုံးဟာ အတူတကွ ညီမျှတဲ့ဝန်ကို ၀ိုင်းဝန်းလုပ်ဆောင် နေကြတယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

EMG

ပဋိပက္ခများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပိုမိုဖြစ်စေဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ်

Saturday, 07 December 2013


ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ မီဒီယာများနှင့် ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံစဉ်

ပဋိပက္ခ ဖြစ်စဉ်များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများကို ပိုမိုဖြစ်စေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ပဋိပက္ခများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခများကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ရခြင်း မဟုတ်သော်လည်း အဆိုပါ ပဋိပက္ခများကမူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပိုမိုဖြစ်ပေါ် စေသည်ဟု ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ဒီနှစ်ခုက သီးသန့်စီပါ။ တစ်ခုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ တစ်ခုက ပဋိပက္ခ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဘာကြောင့် လုပ်ကြသလဲ ဆိုတာ ကျွန်မ အမြဲတမ်း စဉ်းစားမိပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုလား၊ လူမှုရေးပြဿနာ တစ်ခုလား။ ပဋိပက္ခတွေကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပဋိပက္ခမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုဖြစ်တယ်။ ငြိမ်းချမ်းတဲ့ နေရာတွေမှာတောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို လေးလေးနက်နက်နဲ့ ဖြေရှင်းဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိသည့် နိုင်ငံများတွင် ဖြစ်ပေါ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာမူ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဟု ထင်ကြောင်း၊ ပဋိပက္ခ ကာလများတွင် ရရာလက်နက်ကို အသုံးပြု တတ်ကြကြောင်း၊ ပဋိပက္ခမှာ အနိုင်ရရန် တွေ့ရာနည်းလမ်းများကို အသုံးပြုတတ်ကြကြောင်း၊ ယင်းနေရာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပေါ်ခြင်းမှာမူ လူမှုရေး ပြဿနာ ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်း တစ်ခုတွင် လိင်ပိုင်းအကြမ်းဖက်မှု ဖြစ်ဖူးသည် ဆိုပါက ပဋိပက္ခ အခြေအနေ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပေါ်လာနိုင်ခြေ ပိုများကြောင်းလည်း ၎င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ပဋိပက္ခ အခြေအနေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပေါ်လာရင် တော်တော်ကို ဆိုးရွားနိုင်ပါတယ်။ ပဋိပက္ခ ကာလတွေမှာ တရားဥပဒေ စိုးမိုးမှုကင်းမဲ့လေ့ ရှိနေတတ်ပါတယ်။ ပဋိပက္ခတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ ဇာစ်မြစ်ကို သိဖို့လိုပါတယ်'' ဟုလည်း ပြောကြားသည်။

စစ်တပ်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်း ရှိနေသည်ဟူသော ပြောကြားချက်များနှင့် ပတ်သက်၍ ထပ်မံမေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအချက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းအချက်ကို စစ်တပ်မှ ကိုင်တွယ်ရန်လိုကြောင်း၊ စစ်တပ်သည် သီးသန့်နိုင်ငံရေး အဖွဲ့အစည်း တစ်ခုလည်း ဖြစ်နေပြီး ပဋိပက္ခကာလများတွင် စစ်တပ် မဟုတ်သည့် လက်နက်ကိုင် တပ်ဖွဲ့များလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိနေကြောင်း ပြောကြားသွားသည်။

လက်ရှိအစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ဇွန်နှင့် အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းနှင့် အောက်တိုဘာလဆန်း စသည်တို့တွင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ ပုဒ်မ ၁၄၄ များ ထုတ်ပြန်ထားဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လ နှောင်းပိုင်းတွင်လည်း မိတ္ထီလာမြို့မှ စတင်ကာ နေပြည်တော် နယ်မြေနှင့် ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များတွင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ် မေလနှောင်းပိုင်း တွင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

EMG

ဆူးလေစေတီတော်ကို ဗဟိုပြု၍ ရန်ကုန်မြို့လယ်အား မြို့ပြယဉ်ကျေးမှု အမွေအနှစ် ဇုန်အဖြစ် သတ်မှတ်ပေးရန် မြို့ပြစီမံကိန်း ပညာရှင်များ အကြံပြု

Saturday, 07 December 2013


ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီတော်ကို နိုဝင်ဘာ လဆန်းပိုင်းက တွေ့ရစဉ်

ဆူးလေစေတီတော်ကို ဗဟိုပြု၍ ရန်ကုန်မြို့လယ်အား မြို့ပြယဉ်ကျေးမှု အမွေအနှစ် ဇုန်အဖြစ် သတ်မှတ်ခြင်းပေးရန် မြို့ပြစီမံကိန်း ပညာရှင်များက အကြံပြုထားကြောင်း သိရသည်။

ဆူးလေစေတီတော်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၀၀ တွင် ရှိပြီး ဆူးလေစေတီတော် ပတ်ဝန်းကျင်တွင် စေတီတော်ထက်မြင့်သော အထပ်မြင့် အဆောက်အအုံများ မရှိသင့်သော်လည်း ယခင်က ခွင့်ပြုခဲ့သည့် Central Point တာဝါကဲ့သို့ အထပ်မြင့်တာဝါကြီးများ တည်ရှိနေကြောင်း သိရသည်။

''ဆူးလေစေတီတော်မှာ အရင်က ခွင့်ပြုခဲ့တဲ့ Central Point အထပ်မြင့် တာဝါကြီးကတော့ ရှိပါစေတော့ နောက်ထပ်ဆူးလေ စေတီတော် ပတ်ဝန်းကျင်မှာ အထပ်မြင့် အဆောက်အအုံကြီးတွေ ထပ်ဆောက်ခွင့်တွေ မပေးဘဲ ထိန်းသိမ်းချင်တယ်။ ဒါကြောင့် ဆူးလေစေတီတော်ကို ဗဟိုပြုပြီး ရန်ကုန်မြို့ပြ အမွေအနှစ်ဇုန် သတ်မှတ်ခြင်း လုပ်ပေးဖို့ အဆိုပြု ထားပါတယ်'' ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ မြို့ပြစီမံကိန်း ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

ရန်ကုန်မြို့လယ်သည် ဆူးလေစေတီတော်နှင့်အတူ ထင်ရှားသော ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံ ၂၀၀ နီးပါး ရှိနေသည့်အတွက် များစွာအရေးပါပြီး ကမ္ဘာမှ အာရုံစိုက်နေသည့် နေရာလည်း ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေး သမိုင်း၌လည်း အရေးပါခဲ့သော နေရာဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ ဒါရိုက်တာဒေါ်မို့မို့လွင်က ပြောကြားသည်။

''ရန်ကုန်မြို့လယ်ဟာ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတာကြောင့် အခြားနိုင်ငံတွေနဲ့ မတူဘူး။ ဘန်ကောက်နဲ့ မတူဘူး။ စင်ကာပူနဲ့ မတူဘူး။ ဒါပေမဲ့ ရန်ကုန်မြို့လယ်မှာ ကားတွေတစ်နေ့လုံး ကျပ်လာတယ်။ ပြီးတော့ ၀န်ဆောင်မှုတွေ စနစ်ကျနမှု မရှိဘူး။ ပြည်သူတွေ အပန်းဖြေနိုင်မယ့် နေရာမျိုးတွေ နည်းနေသေးတယ်။ မဟာဗန္ဓုလပန်းခြံမျိုး အခုမှ အဆင့်မြှင့်လိုက်လို့ အပန်းဖြေနေရာမျိုး ရှိလာတာ။ အဲဒါကြောင့် ထိန်းသိမ်းပေးဖို့ လိုပါတယ်''ဟု ဒေါ်မို့မို့လွင်က သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှုများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ စိမ်းလန်းမြေဧရိယာ စသည်တို့ကို ထိန်းသိမ်းနိုင်ရန်အတွက် မြို့ပြအသုံးချဇုန် ၁၁ ခု သတ်မှတ်ရန် စီစဉ်နေပြီး ဆိတ်ငြိမ်ရပ်ကွက် (သို့မဟုတ်) လူနေသိပ်သည်းမှု နည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုများသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှုမျိုးစုံ ရောနှောပါဝင်နိုင်သည့် ဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ် ၀န်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ အဖွဲ့အစည်းများနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူး ဖွံ့ဖြိုးရေးဇုန်တို့ ဖြစ်သည်။

EMG

သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်နေခြင်းကို ကန့်ကွက်သည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ အာဏာရှင်စနစ်အတိုင်း ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း ရှေ့နေများကွန်ရက် ပြောကြား

 Saturday, 07 December 2013


ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ခင်ငြိမ်းသစ်)

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အကွက်နေ ပြည်သူများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပြီး သမ္မတက ဒီမိုကရေစီအစိုးရအဖြစ် လုပ်ကိုင်ဆောင်ရွက် ပါမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် အာဏာရှင်များ၏ အမူအကျင့်အတိုင်းသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရှေ့နေများ ကွန်ရက်ကိုယ်စား ဦးအေးမင်းက ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီက မြန်မာဂျာနယ်လစ် ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ရှေ့နေများ ကွန်ရက်ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ''ကျွန်တော်တို့ သမ္မတအပါအ၀င် သက်ဆိုင်ရာ ဌာနတွေကို သိမ်ဖြူအားကစားကွင်းမှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ခြင်းမပြုဖို့ လေးကြိမ် စာပို့ခဲ့တယ်။ နောက် ဦးရွှေမန်းဆီကို တစ်ကြိမ်စာပို့ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြယ်ပွင့်မပြ မေးခွန်းမေးတဲ့ အခါမှာ မြို့တော်ဝန်က ဘောလုံးကွင်းတွေ အများအပြား ရှိနေတာကြောင့် သိမ်ဖြူကစားကွင်းကို အသုံးပြုဖို့ မလိုဘူးဆိုပြီး ပြန်ဖြေခဲ့ပြီးတော့ အဲဒီမှာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မယ်ဆိုပြီး ပြန်ဖြေပါတယ်'' ဟု ပြောကြားခဲ့ပြီးနောက် ဦးအေးမင်းက ဆက်လက်ပြီး ''သိမ်ဖြူကွင်းကို ဆောက်လုပ်မယ့် ကုမ္ပဏီက Asia-Myanmar စီးပွားဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလိုYခေါ်ပြီး ဦးဆောင်တာက ဦးငြိမ်းအောင် (ဒိုင်းနမစ် ဆောက်လုပ်ရေး) ပိုင်ရှင်လို့ ကြားထားပါတယ်။ ဒီကွင်းကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူက ပေးလိုက်တယ် ဆိုတာတွေကိုတော့ ပြည်သူတွေကို အသိမပေးပါဘူး။ နောက် ကျွန်တော်ကြားတာက ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင်က မင်းတို့မဆောက် သေးဘူးလား။ ဟိုမှာ ဆန္ဒပြကြတော့မယ်လို့ ပြောတဲ့အကြောင်းလည်း ကြားရတယ်။ ဒီကိစ္စတွေမှာ ၀န်ကြီးတွေကိုယ်တိုင် ပါဝင်ပတ်သက် နေပါတယ်'' ဟု ဦးအေးမင်းက ပြောကြားသည်။

ထို့ပြင် သိမ်ဖြူကွင်းတွင် အထပ်မြင့် အဆောက်အအုံ မဆောက်လုပ်ရန်အတွက် ကန့်ကွက်ဆန္ဒပြသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးလှဌေးကလည်း သိမ်ဖြူအားကစားကွင်း ဆိုသည်မှာ သမိုင်းဝင် ကစားကွင်း တစ်ခုဖြစ်ပြီး ယခင်အစိုးရများ လက်ထက်က လွတ်လပ်ရေးနေ့ကို သိမ်ဖြူအားကစားကွင်းတွင် နိုင်ငံတော်အဆင့် ကျင်းပလေ့ရှိပြီး ၈၈ နောက်ပိုင်း န၀တ အစိုးရ လက်ထက်တွင် ယာဉ်မောင်းသင်တန်း ပြုလုပ်ရန်အတွက် အသုံးပြုခဲ့ပြီး ယခုအခါတွင် အထပ်မြင့်တိုက် ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်နေ ပြည်သူများ အနေနှင့် မည်သို့မျှ သဘောကျနှစ်ခြိုက်ခြင်း မရှိကြောင်း ပြောကြားသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ပါက မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူများ အနေနှင့် ရွှေတိဂုံ စေတီတော်အား လှမ်းဖူး၍ မရနိုင်တော့သောကြောင့် ဘာသာရေးအရ လက်မခံ နိုင်ပါကြောင်းနှင့် အစိုးရနှင့် နီးစပ်သည့် ခရိုနီစီးပွားရေး သမားများ ၎င်းတို့၏ အကျိုးအမြတ်အတွက် မည်သည့် အကျိုးကိုမျှ မကြည့်ဘဲ ဆောင်ရွက်နေခြင်းအား အပြင်းအထန် ဆန့်ကျင်ပါကြောင်း ပြောကြားလိုက်သည်။ ထို့ပြင် မြန်မာပြည်တွင် အကြီးမားဆုံး ဖြစ်ပေါ်နေသည့် ပြဿနာမှာ မြေသိမ်းသည့် ကိစ္စများဖြစ်ပြီး ထိုမြေသိမ်းမှုများကို အစိုးရအနေနှင့် မထိန်းသိမ်းနိုင်ပါက ပြည်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားလာမှာဖြစ်ကြောင်း ပြောကြားလိုက်သည်။

ထို့နောက် ထိုစီးပွားရေး လုပ်ငန်းရှင်များသည် အစိုးရထံမှာ မတန်တဆ ဈေးနှုန်းများဖြင့် လုပ်ကိုင်နေသော်လည်း ၎င်းတို့လက်ထက်တွင် သိန်းပေါင်းသောင်းနှင့်ချီပြီး အကျိုးအမြတ် ရရှိနေခြင်းကြောင့် တိုင်းပြည်၏ ၀င်ငွေမှာ ဆုံးရှုံးခဲ့ရပြီး ပြည်သူများမှာလည်း ဆင်းရဲမွဲတေမှုများ ဖြစ်နေသော်လည်း အစိုးရနှင့် နီးစပ်သူများမှာ ပို၍ချမ်းသာလာမှု များကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုများ ရှိနေပြီး အစိုးရအနေနှင့် ပြေလည်အောင် ဖြေရှင်းပေးရန်လည်း တောင်းဆိုလိုက်သည်။

ထို့ပြင် ၂၀၀၈ အခြေခံ ဥပဒေ၏ မှားယွင်းချက်များကြောင့် ၀န်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများမှာ ပြည်သူတို့က ရွေးချယ်ထားသူများ မဟုတ်သဖြင့် ပြည်သူလူထု၏ ဘ၀ကိုလည်း နားလည်စာနာမှု မရှိကြောင်း ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားချက်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရက မဖြေရှင်း နိုင်သဖြင့် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲမှစ၍ လူစုပြီး တောင်းဆိုချက်များ ကိုင်ဆောင်ကာ စံပြ ဖဆပလ ရပ်ကွက်မှ စတင်ချီတက်မည်ဖြစ်ပြီး မြို့တော်ခန်းမရှေ့အထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်မှာဖြစ်ပြီး ပူးပေါင်းလိုသူ မည်သူမဆို လာရောက် ပူးပေါင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

EMG

ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက်မည့် ပြည်တွင်းပြည်ပ မီဒီယာများ တည်းခိုနိုင်ရန် ဟိုတယ်ခြောက်လုံး အခန်းပေါင်း ၂၆၀ ခန်းထားရှိ

Saturday, 07 December 2013


မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက်မည့် ပြည်တွင်းပြည်ပမှ မီဒီယာများ တည်းခိုနိုင်ရန် ဟိုတယ်ခြောက်လုံး အခန်းပေါင်း ၂၆၀ ခန်း စီစဉ်ထားရှိကြောင်း ဒီဇင်ဘာ ၆ ရက် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သတင်းရယူရန် လာရောက်ကြသော ပြည်တွင်း၊ ပြည်ပ မီဒီယာ သမားများအတွက် ဟိုတယ်အခန်းများကို နေပြည်တော်ရှိ ဟိုတယ်များ ဖြစ်ကြသော မြင့်မိုရ်နန်းမိုတယ်၊ Hotel Apple၊ Famous Parami Hotel၊ နေပြည်တော်ဟိန်းဟိုတယ်၊ ဟိုတယ်ရွှေဂုံတိုင်နှင့် ပုလဲသီရိ ဟိုတယ်တို့တွင် စီစဉ်ထားရှိကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ''မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကို လာရောက် သတင်းရယူကြမယ့် ပြည်တွင်းပြည်ပ မီဒီယာသမား အများအတွက် ဟိုတယ်ခြောက်လုံး သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ ဟိုတယ် ခြောက်လုံးမှာ တည်းခိုကြမယ့် သတင်းသမားများ အတွက် အားကစား ၀န်ကြီးဌာနက ထုတ်ပေးထားတဲ့ ဆီးဂိမ်းစ်ဝင်ခွင့် ကတ်ပြားပြပြီး တည်းခိုနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဟိုတယ်ခြောက်လုံး၌ မီဒီယာသမားများ တည်းခိုနိုင်သော အခန်း ၂၆၀ ထားရှိပြီး မြင့်မိုရ်နန်း မိုတယ်အခန်း ၈၀၊ Hotel Apple အခန်း ၄၅၊ Famous Parami Hotel အခန်း ၄၅၊ နေပြည်တော် ဟိန်းဟိုတယ် အခန်း ၃၀၊ ဟိုတယ်ရွှေဂုံတိုင် အခန်း ၃၀ နှင့် ပုလဲသီရိဟိုတယ် အခန်း ၃၀ စီစဉ်ထားရှိကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှာ ဟိုတယ်အခန်းခကို တစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာနှုန်းဖြင့် တည်းခိုသူထံမှ တိုက်ရိုက်ရယူရန်နှင့် ဟိုတယ်အခန်း တစ်ခန်းလျှင် ဧည့်သည်နှစ်ဦးနှုန်း ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဟု သိရသည်။ စည်ပင်ဧည့်ရိပ်သာတွင်လည်း အခန်းလွတ်ပေါ် မူတည်၍ မီဒီယာသမားများအား ဦးစားပေး ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက် ထားကြောင်း သိရသည်။

EMG

ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော်ပါဝင်မည့် ရေပေါ်ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား MIC ခွင့်ပြု

 Saturday, 07 December 2013


ရေပေါ်ဟိုတယ် ပြုလုပ်မည့် သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည့် ရေပေါ်ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်အား ဒီဇင်ဘာ ၄ ရက်တွင် နေပြည်တော် ရုံးအမှတ် ၃၄ တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၃၁/၂၀၁၃ ကြိမ်မြောက်အ စည်းအဝေးတွင် လုပ်ကိုင်ခွင့်ချထားပေးခဲ့ ခြင်းဖြစ်ပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည်ဖြစ်သည်။

လှလှပပ ကုမ္ပဏီသည် အဆိုပါ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ဖင်လန်နိုင်ငံမှ တန်ချိန်နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘောအား ၀ယ်ယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ဆိပ်ကမ်းဒေသရှိ အမှတ် ၆ အထက်နှင့်ဆောက် ဆိပ်ခံဗောတံတားများတွင် လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအကောင် အထည်ဖော်ရန် ၀ယ်ယူခဲ့သည့် သင်္ဘောမှာ အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈ ဒသမ ၄ မီတာ၊ ရေစူး ၂ မီတာရှိပြီး မြန်မာနိုင်ငံသို့ သြဂုတ် ၁၈ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ ပြုပြင်မွမ်းမံမှု လုပ်ငန်းများကို ပြုလုပ်နေပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် စတင်ဖွင့်လှစ် ၀န်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၃၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပါ လုပ်ငန်းအပြင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင်၊ ဒဂုံဂေါက်ကွင်းရှိ မြေ ၂၀၈ တွင် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း၍ နိုင်ငံတကာ အဆင့်မီဂေါက်ကွင်း Club House & Resort နှင့် ဘန်ဂလို လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Royal Sky ကုမ္ပဏီကိုလည်းကောင်း ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ကွန်ကရစ်တိုင်နှင့် ကွန်ကရစ် ဘလောက်တုံး ထုတ်လုပ်ခြင်း လုပ်ငန်းကို Forever Padauk Trading ကုမ္ပဏီကိုလည်းကောင်း လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

EMG

ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှု အပါအ၀င် ကဏ္ဍခြောက်ခုတွင် နိုင်ငံသား လုပ်ငန်းရှင်များ ကျပ် ၂၀၈ ဘီလျံကျော် ထပ်မံမြှုပ်နှံခဲ့ပြီး စုစုပေါင်း ကျပ် ၃၅၃၇ ဘီလျံကျော် ရှိလာ


Saturday, 07 December 2013


ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

တစ်လအတွင်း ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှု အပါအ၀င် ကဏ္ဍခြောက်ခုတွင် နိုင်ငံသား လုပ်ငန်းရှင်များက ကျပ် ၂၀၈ ဘီလျံကျော် ထပ်မံမြှုပ်နှံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ကျပ် ၃၅၃၇ ဘီလျံကျော် ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

တစ်လအတွင်းဟု ဆိုရာ၌ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှ စက်တင်ဘာလအတွင်း ထပ်မံမြှုပ်နှံ ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လတွင် မြှုပ်နှံမှု ပမာဏ စုစုပေါင်း ကျပ် ၃၃၂၉ ဘီလျံရှိရာမှ စက်တင်ဘာ လကုန်တွင် ကျပ် ၃၅၃၇ သို့ တိုးတက်မြှုပ်နှံ လာကြခြင်းဖြစ်သည်။

ကဏ္ဍအားဖြင့် ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ ဆောင်ရေး၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် ထပ်မံမြှုပ်နှံမှု ပြုလုပ်ထားခြင်း ဖြစ်သည်။

ပမာဏအားဖြင့် ဆိုပါက ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၈၆၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၄၂၅၁ သန်းကျော်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၆၆၀၄၈ သန်းကျော်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ကျပ် ၉၇၃၇ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျပ် ၁၈၃၇၀၈ သန်းကျော်နှင့် အခြားဝန်ဆောင်မှု ကဏ္ဍတွင် ကျပ် ၈၇၀ သန်းကျော် အသီးသီး ထပ်မံဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အနေဖြင့်လည်း အစည်းအဝေးများ ပြုလုပ်၍ လုပ်ကိုင်ခွင့်များ ချထားပေးခဲ့ရာတွင် သြဂုတ်လမှ စက်တင်ဘာလ တစ်လအတွင်း ကော်မရှင် အစည်းအဝေးခြောက်ခု ပြုလုပ်ကာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်း ၁၅ ခုကို လုပ်ကိုင်ခွင့်များ ပြန်လည် ချထားပေးခဲ့သည်။

MIC မှ တစ်လအတွင်း လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်း ၁၅ ခု အနက် အချို့လုပ်ငန်းများ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်း ၅၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို Myanmar Central Power ကုမ္ပဏီအား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး မြေတိုင်းရပ်ကွက် အမှတ် ၆၃၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်း နယ်မြေ ၂ ရှိ မြေဧက ရှစ်ဧကကျော် ပေါ်တွင် BOT စနစ်ဖြင့် မြေငှားရမ်း၍ နိုင်ငံတကာ အဆင့်မီဟိုတယ် အပါအ၀င် အခြားအဆောက်အအုံများ တည်ဆောက်ခြင်း လုပ်ငန်းကို Shwe Taung Development ကုမ္ပဏီအား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၃၇- F၊ မြေကွက် အမှတ် ၃ ဧကကျော်ပေါ်တွင် နိုင်ငံတကာ အဆင့်မီ Novotel ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်အား Max (Myanmar) ဟိုတယ် ကုမ္ပဏီအား လည်းကောင်း ခွင့်ပြုပေးခဲ့သည်။

EMG

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းထားသည်မှာ မကြာသေးသဖြင့် ပြင်ဆင်ရန် မလိုဟု မျက်စိမှိတ်နေပါက အမှားတစ်ရပ် ကျူးလွန်သလို ဖြစ်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

Saturday, 07 December 2013


ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံစဉ်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြဋ္ဌာန်းထားသည်မှာ မကြာသေးသဖြင့် ပြင်ဆင်ရန်မလိုဟု မျက်စိမှိတ်နေပါက အမှားတစ်ရပ် ကျူးလွန်သလို ဖြစ်မည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဒီဇင်ဘာ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လုပ်သင့်တာ မလုပ်ရင်လည်း အမှားဖြစ်တတ်တယ်။ တို့ဖွဲ့စည်းပုံ အခြေခံဥပဒေက ကောင်းတယ်။ ပြင်စရာမလိုဘူး။ ပြီးတဲ့အခါမှာ ပြဋ္ဌာန်းထားတာလည်း မကြာသေးဘူး။ ဒီလိုမျက်စိမှိတ်ပြီး လုပ်မယ်ဆိုလို့ရှိရင် အမှားတစ်ရပ် ကျူးလွန်မယ်။ ဘာဖြစ်လာနိုင်လဲ။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ခုမဟုတ် တစ်ခု အနှောင့်အယှက် ဖြစ်လာနိုင်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စ အတွက်လည်း ပြဿနာ ဖြစ်လာနိုင်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျွန်တော်တို့က နောက်ကြောင်းမပြန်ဘဲ ရှေ့သွားနေပေမယ့်လို့ တခြားလုပ်ရပ်တွေကြောင့် နောက်ကြောင်းပြန်တဲ့ သဘောမျိုး ဖြစ်သွားမှာ မလိုလားဘူး။ အဲဒီအတိုင်းပဲ ဒီမိုကရေစီနိုင်ငံ ဒါကြောင့်မို့လို့ ပြုပြင်ပြောင်းလဲရမယ်။ သို့မဟုတ်ရင် အသစ်ရေးဆွဲ ပေးရမယ်။ အဲဒီလို ဆန္ဒတွေစောပြီး လုပ်လိုက်လို့ ရှိရင်လည်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေနိုင်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ဖြစ်မယ်။ ခုနငြိမ်းချမ်းရေး အပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုသွားပြီး ထိခိုက်မယ်ဆိုတော့ ဒီနှစ်ခုကြားမှာ ဆင်ခြင်ဉာဏ် အမြော်အမြင်နဲ့ သတိတရားနဲ့ ဆောင်ရွက်ဖို့ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းမယ်၊ ပြင်မယ်ဆိုတာ ကောင်းဖို့အတွက် ပြောပြီးပြင်ပြီး မကောင်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ထူထောင်ထားတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အနှောင့်အယှက် ဖြစ်သွားမယ်။ အဲဒါကို လွှတ်တော်က လုပ်နေပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဦးတည်ချက် သုံးခုအပေါ် အခြေခံပြင်ဆင်မည် ဖြစ်ကြောင်း၊ ဦးတည်ချက်(၁)မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး ပိုမိုကောင်းမွန်စေရန်၊ (၂)တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ပိုမိုကောင်းမွန်စေရန်၊ (၃)မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်မားစေရန် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုချက် များကိုလည်း မိမိနှင့် မိမိပြည်ခိုင်ဖြိုးပါတီမှ ဆက်လက် ဆောင်ရွက်ကာ နိုင်ငံအကျိုးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

Related Posts Plugin for WordPress, Blogger...