Sunday, August 25, 2013

အသွင်ပြောင်း မိုးပျံကား လူအများရှေ့တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း


Sunday, 25 August 2013

(၂၀၁၅)ခုနှစ်တွင် စတင်ရောင်းချမည့် အသွင်ပြောင်း မိုးပျံကားကို လူအများရှေ့တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုမှ အောင်မြင်
ချောမောခဲ့ကြောင်း သိရှိရသည်။ ဒေါ်လာ(၃၀၀၀၀)ဝန်းကျင်ဖြင့် ရောင်းချရန် ရည်ရွယ်ထားသည့် မော်တော်ကားကို အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် EAA AirVenture ပြပွဲတွင် မိနစ်(၂၀)ကြာ ပျံသန်းမှု ပြုလုပ်ပြခဲ့ခြင်း
ဖြစ်သည်။ (၂၀၁၅)ခုနှစ်တွင် ဈေးကွက်ထဲ ရောက်ရှိလာမည့် Terrafugia
မော်တော်ကားသည် လေယာဉ်ငယ် အနေဖြင့်ရော၊ မော်တော်ကား
ငယ်လေး အနေဖြင့်ပါ နှစ်မျိုး အသုံးဝင်မည်ဟု ဆိုသည်။

အဆိုပါ မော်တော်ကားကို မက်ဆာချူးဆက် အခြေစိုက် Chas ကုမ္ပဏီက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဝစ္စကွန်ဆင်တွင် ဇူလိုင်လအတွင်းက ပထမဆုံးအကြိမ် ပျံသန်းပြခဲ့ခြင်း ဖြစ်သည်။

လေကြောင်းပျံသန်းမှု နည်းပညာဆိုင်ရာ စိတ်ပါဝင်စားသူများသည် Terrafugia၏ ပျံသန်းသရုပ်ပြမှုကို နှစ်သက် အထင်ကြီးခဲ့ကြောင်းလည်း သိရသည်။ ယခုအခါ အဆိုပါ မိုးပျံကား ဝေဟင်ထဲတွင် ပျံသန်းနေသည်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ကုမ္ပဏီက ထုတ်ဖော် ပြသခဲ့သည်။ Terrafugia မော်တော်ကားငယ်လေးသည် လမ်းပေါ်တွင် လှည့်ပတ် မောင်းနှင်နေရင်းမှ လေယာဉ်ငယ်အသွင်
ပြောင်းလဲကာ ဝေဟင်ထဲတွင် ပျံသန်းပြသွားခဲ့သည်။

အဆိုပါ မော်တော်ကားကို ဖန်တီးထုတ်လုပ်ရန် (၇)နှစ်ကြာ အချိန်ယူခဲ့
ရသည်။ ယမန်နှစ်က ကုမ္ပဏီ၏ သီးသန့် အစီအစဉ်ဖြင့် စမ်းသပ် ပျံသန်းမှု ပြုလုပ်ရာတွင် (၈)မိနစ်ကြာ ပျံသန်းခဲ့ပြီး ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ (၂)ယောက်စီး ကားငယ်လေးသည် လူအများရှေ့မှောက်တွင် မိနစ်(၂၀) သရုပ်ပြ ပျံသန်းသွားခြင်း ဖြစ်သည်။ ယင်းမော်တော်ကားလေးသည် ယာဉ်မောင်း (သို့မဟုတ်) လေယာဉ်
မှူးအပြင် အပိုဆောင်း လူတစ်ဦးကို တင်ဆောင်နိုင်ပြီး ပစ္စည်းအချို့ကို ထည့်သွင်းနိုင်သည့် နေရာလည်း ပါရှိသည်။ လေယာဉ်အတွက် လောင်စာ
အဖြစ် ခဲဓာတ်ဖယ်ရှား သန့်စင်ထားသည့် ဓာတ်ဆီကို အသုံးပြုရန် လိုအပ်သည်။

ကုမ္ပဏီက "Terrafugiaဟာ အိပ်မက်တွေကို တကယ်ဖြစ်လာအောင် ဖန်တီးပြတဲ့ အရာပါ။ လေကြောင်းပြပွဲ တစ်ခုက လူအများရှေ့မှောက် ထင်ထင်ရှားရှား အခြေအနေမျိုးမှာ ပုံစံပြောင်းလဲပြီး ပျံသန်းမှု လုပ်ပြနိုင်ခဲ့တာ သိပ်ကို ကျေနပ်စရာပါပဲ။ ဒီစမ်းသပ်မှုမှာ ကျွန်တော်တို့ရဲ့ လေယာဉ်မှူးချုပ်နဲ့ ပျံသန်းမှု စမ်းသပ်အရာရှိ ဖီးလ်မီတီရာက လေယာဉ်ကို မောင်းနှင်ခဲ့ပါတယ်"ဟု ကြေညာခဲ့သည်။ အမေရိကန် ပြည်ထောင်စု ပျံသန်းရေး စီမံရေးရာ အဖွဲ့က Terrafugiaကို အပေါ့စား အားကစား လေယာဉ်ငယ် တစ်ခုအဖြစ် လက်ခံစဉ်းစားပေးပြီး လမ်းပေါ်မောင်းနှင်သည့် ကားအဖြစ်လည်း အသိအမှတ် ပြုသွားဖွယ် ရှိနေသည်။

အဆိုပါ မိုးပျံကားကို ဝယ်ယူသူများသည် ယာဉ်မောင်းလိုင်စင်အပြင်
လေယာဉ်မှူး လိုင်စင်ပါ ရှိရမည်ဖြစ်ပြီး ပျံသန်းမှုဆိုင်ရာ စစ်ဆေးမှု တစ်ခုကိုလည်း အောင်မြင်ရမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ မိုးပျံကားနှင့် နာရီ(၂၀)ကြာ မောင်းနှင်မှု အတွေ့အကြုံ ပြီးမြောက်မှသာ ဝယ်ယူသူလက်ထဲ အပြည့်အဝ လွှဲအပ်ပေးရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။ Chasသည် Terrafugia၏ နောက်ဆက်တွဲ မော်ဒယ်လ်အဖြစ် TF-X အမည်ရှိ မိုးပျံကား တစ်ခုကို ဒီဇိုင်းရေးဆွဲ ဖန်တီးထားပြီး ယင်းသည် ပြေးလမ်းမလိုဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း TF-Xကို လက်တွေ့ မစမ်းသပ်ရသေးချေ။ Terrafugiaသည် တစ်ကြိမ်ဆီဖြည့်ပြီးလျှင် မိုင်(၅၀၀)မျှ ခရီးပေါက်နိုင်မည်ဟု ဆိုသည်။ Chasသည် TF-X မော်ဒယ်လ်သစ်များကို (၈)နှစ်မှ (၁၂)နှစ်အတွင်း ဈေးကွက်
တင် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...