Sunday, August 25, 2013

လောင်းကစား စိတ်ဓာတ်ကြောင့် မြေဈေးမြင့်တက်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား၊ မြို့နယ်အလိုက် မြေပေါက်ဈေးနှုန်းများ သတ်မှတ်ပြီး မြေဈေးမြင့်တက်မှုကို အခွန်ဖြင့်ထိန်းမည်


ဒလမြို့ရှိ မြေကွက်များကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထားဝေ)

မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား စိတ်ဓာတ်ကြောင့်၊ လောင်းကစားသဘော လုပ်ကိုင်မှုများကြောင့် မြင့်တက်ခြင်းဖြစ်ပြီး မြို့နယ်အလိုက် မြေပေါက်ဈေးနှုန်းများ သတ်မှတ်ပြီး အခွန်ဖြင့် ထိန်းချုပ်သွားရန် စီစဉ်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

နေပြည်တော် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ သြဂုတ် ၂၃ ရက်က ကျင်းပသည့် တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက "တကယ်တော့ မြေဈေးမြင့်တက်မှုတွေက ဒလဘက်မှာဆိုရင် လောင်းကစားသဘောမျိုး လုပ်ကြတဲ့ အနေအထား ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဖွံ့ဖြိုးစဖြစ်တဲ့ အတွက်ကြောင့် လောင်းကစားလုပ်ချင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒီလောင်းကစား စိတ်ဓာတ်ကလည်းပဲ တော်ရုံတားလို့ မရပါဘူး။ လောင်းကစားစိတ်ဓာတ် ထွက်ပေါက်ပေးလို့ရမယ့် အနေအထားကို ကျွန်တော်တို့ ဖန်တီးနေပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာ Stock Exchange စဆောက်ဖို့ ဖြစ်ပါတယ်။ Stock Exchange ကလည်း လုပ်လို့ကောင်းတဲ့နေရာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ဆက်လက်၍ မြေဈေးအားထိန်းမည့်အပေါ် ဒုတိယ၀န်ကြီးက "အဓိကကတော့ မြေဈေးကို ထိန်းဖို့အတွက်ကို တံဆိပ်ခေါင်းခွန်တို့ဘာတို့ မှန်မှန်ကန်ကန်ရဖို့ အဓိက ဖြစ်ပါတယ်။ တံဆိပ်ခေါင်းကပ်တဲ့ အခါမှာ တစ်ရာတန်တဲ့ မြေကွက်ကို ငါးဆယ်နဲ့ လျှော့ကပ်ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်နေတဲ့ အစီအစဉ်ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေကို မြေဈေးတွေကို ပေါက်ဈေးကိုမှ စိစစ်ပြီးတော့မှ တစ်ပေပတ်လည်ကို ဘယ်လောက်ကျမလဲ ဆိုတာကို သတ်မှတ်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းကတော့ ကျွန်တော်တို့ ရပြီးဖြစ်ပါတယ်။ သတ်မှတ်ပြီးတော့ ကျွန်တော်တို့က တံဆိပ်ခေါင်းခွန် ကောက်ခံမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်သည့် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "တားတော့လည်းတားတယ်။ အရမ်းတော့လည်း တားလို့မရဘူး။ သူရဦးသောင်းလွင် ဦးဆောင်တဲ့ Tax Monitoring Board ဖွဲ့ထားတယ်။ အဲဒီနောက် အခွန်တွေ ယခင်ထက် ပိုရလာတယ်။ နောက်တစ်ချက်က မြေနဲ့ပတ်သက်တဲ့ အခွန်တွေကို ပြုပြင်သင့်တာလည်း ပြုပြင်ရမယ်။ ကောက်တာလည်း ကောက်ရမယ်။ နောက်အရောင်းအ၀ယ်။ ဒီမြေကြီးကို ဟိုလူကိုရောင်းတယ်။ ဒီအိမ်ကို ဟိုလူကိုရောင်းတယ်။ ဒီအရောင်းအ၀ယ်တွေပေါ်မှာ Tax တွေလိုက်ပြီး Tax ကသာလျှင် သူ့ကိုထိန်းနိုင်မယ်" ဟု ပြောကြားသည်။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...