Sunday, August 25, 2013

တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ချင်းပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ကြောင့် လူနေအိမ်၊ အအောက်အဦများ ပျက်စီး


Sunday, August 25, 2013

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာတွင၂၂-၈-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ပင်လယ်ဒီရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်းသို့ ရေ ၃၀ စင်တီမီတာ ခန့် မြင့်တက်ခဲ့သဖြင့် အိမ်ခြေ ၄ လုံး၊ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၁၇ ဦးတို့အား ရေလွတ်သည့် ဆွေမျိုးများထံ ရွှေ့ပြောင်းပေးခဲ့သည်။ ၁၂၃၀ ချိန် သစ်သားတံတား(အဟောင်း) အရှည်ပေ ၄၂၀ သည် ဒီရေလှိုင်းပုတ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ရာ တန်ဘိုး ၄၂ သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ပြီး ၂၃-၈-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၄ စုသည် ၄င်းတို့နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိနေထိုင် လျက်ရှိကြောင်း ရဲဇာနည်မှ သိရသည်။

၂၃-၈-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် (၈၈၈)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး စိုးရိမ်ရေအမှတ်(၉၁၀) စင်တီမီတာအောက် (၂၂)စင်တီမီတာခန့်ထိ မြင့်တက်ခဲ့သဖြင့် ပဲခူးမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သော ကျောက်ကြီးစု၊ ရွာသစ်၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ဇိုင်းမြောက်နှင့် ဥဿာမြို့သစ် ရပ်ကွက်(၇)ခုတို့တွင် ရေ ၁ ပေခွဲမှ ၅ ပေခန့်ထိ ၀င်ရောက်လျက်ရှိရာ ကလျာဏီရပ်ကွက်မှ အိမ်ထောင်စု ၄၉ စု၊ လူဦးရေ ၂၁၃ ဦး တို့အား ကလျာဏီရပ်ကွက်၊ ကလျာဏီသိမ်ဘုန်းကြီးကျောင်း သို့ ခေတ္တယာယီပြောင်းရွှေ့ထားသည်။

၁၅၃၀ အချိန် ကျွန်းသာယာရပ်ကွက်ရှိ ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိလျက်ရှိသော ရေဘေးဒုက္ခသည် အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၂၆၆ ဦးတို့အား ပရဟိတဥူးကိတ်္တိကျောင်းတိုက် ဆရာတော် ဥူးကိတိ္တမှ ဆန် ၁၅ အိတ်၊ ယမ်ယမ်ခေါက်ဆွဲ ၉၀၀ ထုပ်၊ ပုဇွန်ငါးပိ ၁၅၀၀ ဗူးတို့အား လှူဒါန်းခဲ့ပြီး ကျန်ရှိခေါက်ဆွဲထုပ်နှင့် ပုဇွန်ငါးပိဗူး များအား ရွှေနံ့သာကျောင်းထိုင် ဆရာတော် ဥူးကောသံလထံ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အလားတူ ထိုနေ့ ၁၆၀၀ ချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လိုင်ဇိုးရွာနှင့် ဇာလိုင်ရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ လိုင်ဇိုးရွာတွင်နေအိမ် ၁လုံး၊ ဇာလိုင်ရွာတွင် နေအိမ် ၃လုံး၊ စုစုပေါင်း ၄လုံးပြိုကျပျက်စီးခဲ့သဖြင့် တန်ဘိုးငွေကျပ်(၅၁)သိန်း ဆုံးရှုံးခဲ့သည်။

၂၀၃၀ အချိန် မြေပြိုမှုဖြစ်ပွားသည့်နေရာသို့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှင့် ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ရောက်ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ပူးပေါင်းကာကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ၂၄-၈-၂၀၁၃ ရက်နေ့ ၁၁၀၀ မှ ၁၃၀၀ ချိန်ထိ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေတက်မှုကြောင့် (၁၂)ရပ်ကွက်အတွင်းရှိ လမ်းကြားများအတွင်း ရေအမြင့် ၄ ပေခန့် ရောက်ရှိခဲ့ရာ အိမ်ခြေ ၁၃၇ လုံးခန့်ရေနစ်မြုပ်နေသဖြင့် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ(၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များမှ ရေနစ်မြုပ်နေသည့် အိမ်ထောင်စုများအား မဇ္ဇျိမသုခလမ်းရှိ ရွှေပြည်သာ ရွာမကျောင်းတိုက်သို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

အလားတူ ၁၃၀၀ မှ ၁၅၀၀ ချိန်ထိ (၁၄)ရပ်ကွက်နှင့် (၁၆)ရပ်ကွက်များအတွင်းရှိ မြေအနိမ့်ပိုင်းများတွင် ရေအမြင့် ၃ ပေခန့်နစ်မြုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့ရုံး မှ တပ်ဖွဲ့ဝင်များက ရေနစ်မြုပ်သည့်အိမ်ထောင်စု ၁၃၉ စု၊ လူဦးရေ ၆၀၈ ဦးတို့အား ရေလွတ်ရာ တေဇာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့လည်းကောင်း၊ (၁၄)ရပ်ကွက်ရှိ အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၆၆ ဦးတို့အား ပန်းခြံ(၁၃)ရှိ ဓမ္မာရုံနှင့် ပန်းခြံ(၁၄)ရှိ ဓမ္မာရုံတို့တွင် အသီးသီးပြောင်းရွှေ့ ပေးခဲ့သည်။

၁၆၃၀ အချိန် မိုးထပ်မံရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်း ရေအမြင့် ၃ ပေခန့် မြင့်တက် လာသဖြင့် အိမ်ခြေ ၉၉ အိမ်၊ အိမ်ထောင်စု ၉၉ စု၊ လူဦးရေ ၄၃၄ ဦးတို့အား လှော်ကား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အမှတ်(၁၄) ရပ်ကွက်အတွင်းရှိ အမှတ်(၃၃)ခြေခံပညာမူလတန်းကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ရွှေ့ပြောင်းပေးခဲ့ကြောင့်နှင့် စုစုပေါင်း အိမ်ခြေ ၂၆၄ အိမ်၊ အိမ်ထောင်စု ၂၆၄ စု၊ လူဦးရေ ၁၁၄၁ ဦးတို့အား နေရာချထားပေးခဲ့ကြောင်း ရဲဇာနည်မှသိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...