Saturday, August 24, 2013

နှစ်ရက်ဆက် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ အနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပွား


8.1.1
မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါ ကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီးအတွင်း ရေလျှံနေသည်ကို သြဂုတ် ၂၃ ရက် နံနက် ၁၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းခြင်း၊ ချောင်းရေလျှံခြင်း များကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် ကားလမ်းများပေါ်တွင် သြဂုတ် ၂၂ ရက်နေ့မှစ၍ ၂၃ ရက် နေ့အထိ ရေကြီးမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ် ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ ချောင်းရေလျှံခြင်းနှင့် မြစ်ရေလျှံခြင်းများကြောင့် မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ် အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် အခြားမြို့နယ်များတွင် ရေကြီးရေလျှံ မှုများကြောင့် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ ချောင်းရေလျှံပြီး ရေကြီးမှုများ ဖြစ်ပွားသည့်အတွက် စာသင်ကျောင်း အချို့ မှာ ယာယီပိတ်ထားရကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်မြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းမှ တာဝန်ကျဆရာမ ဒေါ်ခင်ဝင်းမောင်က ''လောလောဆယ်မှာ ကျောင်းထဲကို ရေ၀င်နေလို့ ယာယီပိတ်ထားရတယ်။ အဲဒီလို ဖြစ်နေတာကို ပညာရေးမှူးရုံးကို အစီရင်ခံထားတယ်။ ရေကအရမ်းကြီးတဲ့ အတွက် ကျောင်းထဲမှာရှိတဲ့ ပန်းအိုးတွေလည်း ရေနောက် မျောပါသွားတယ်။ အိမ်သာတွေ ရေမြှုပ်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်လာတယ်။ ရေကျသွားရင်လည်း နုံးတွေနဲ့ အမှိုက်တွေ ကျန်ခဲ့တာကလည်း အခက်အခဲတစ်ခုပဲ။ အခုမနက် ကျောင်းလာတက်တဲ့ ကလေးတွေကိုလည်း ကျောင်းထဲမှာ ရေတွေကြီး နေတဲ့အတွက် စာသင်လို့ မရလို့ ပြန်လွတ်လိုက်ရတယ်'' ဟု ပြောကြားခဲ့သည်။ ထို့နောက် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရား လမ်းပေါ်ရှိ ဘုန်ကြီးကျောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
''ရေတွေက မနေ့ကတည်းက တက်နေတာ။ အခုမနက်ပိုင်းမှာလည်း မိုးကြီးတဲ့ အတွက်ကြောင့် ရေတွေပိုပြီး တက်လာတယ်။ ဆွမ်းစားဆောင် ထဲကိုလည်း ရေတွေဝင်တဲ့ အတွက်ကြောင့် ဆွမ်းစားရတာ အဆင်မပြေဘူး။ အခုရေတွေကို ရေဆုပ်စက်နဲ့ ထုတ်နေရတယ်'' ဟု ရွှေကျင်ကျောင်းသစ်မှ ဦးပဉ္ဇင်း နရိန္ဒမှ မိန့်တော်မှုသည်။
8.1.1
နှစ်ရက်ဆက် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပေါ်နေသည့် မြောက်ဥက္ကလာ အထွေထွေရောဂါ ကုသရေး ဆေးရုံးကြီး အတွင်းကို တွေ့ရစဉ်
ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး၊ မြို့နယ်အချို့ရှိ ရပ်ကွက်များရှိ လူနေအိမ်များတွင် နှစ်ရက်ဆက်တိုက် ရေကြီးနေမှုများကြောင့် အချို့နေအိမ်များတွင် ရေများ ၀င်ရောက်ခဲ့ပြီး နေထိုင်စားသောက်မှုများ ဒုက္ခရောက်နေသည့်အပြင် ရေစီးသန်မှုများကြောင့် ကလေးငယ်များ၏ လုံခြုံရေးအတွက် စိုးရိမ်နေမှုများ ရှိကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
''ရေကြီးတဲ့ အတွက်ကြောင့် အိမ်ထဲကို ရေတွေ အများကြီး ၀င်နေတယ်။ မီးဖိုချောင်တွေကို ရေမြှုပ်နေတဲ့ အတွက်ကြောင့် ထမင်းမချက်နိုင်ဘူး။ အပြင်က ၀ယ်စားနေရတယ်။ ရေမြုပ်နေတဲ့အပြင် မီးကလည်းပျက်တော့ နေရထိုင်ရတာ အဆင်မပြေဘူး။ ချော်လဲမှာတောင် ကြောက်ရတယ်။ အိမ်အပြင်ဘက်မှာ ရေစီးသန်တဲ့အတွက် ကလေးတွေကို အပြင် ပေးမထွက်ရဲဘူး'' ဟု မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မေတ္တာလမ်းတွင် နေထိုင်သူ ဒေါ်လှဝင်းက ပြောကြားသည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် ရေကြီးရေလျှံ ဖြစ်နေသည့် မြို့နယ်များ၏ လူနေရပ်ကွက်များတွင် လူနေအိမ်အချို့မှာ ရေကြီးနေပြီး နေထိုင်ရန် အခက်အခဲရှိသည့် အတွက် နီးစပ်ရာ ဆွေမျိုးများအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့နေထိုင် နေရကြောင်း ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
လှိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ် များအပြင် အခြားမြို့နယ်များတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးမှုများကြောင့် လူနေအိမ် ၇၀၀ ကျော်မှာ ရေနစ်နေပြီး ယင်းအိမ်များမှ မိသားစုဝင်များအား ယာယီ ကယ်ဆယ်ရေး အနေဖြင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ပြောင်းရွှေ့နေထိုင် နေရကြောင်း သိရှိရသည်။
မြောက်ဥက္ကလာပ မြို့နယ်တွင် သြဂုတ် ၂၂ ရက်နှင့် ၂၃ ရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငမိုးရိပ်ချောင်းနှင့် နီးစပ်နေသော ရပ်ကွက်များရှိ လမ်းများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများ အတွင်းသို့ ရေ အမြင့်ပေ ၁ ပေကျော်ခန့် ရေတက်ရောက် ရှိခဲ့ကြောင်း၊ ထို့အတူ ကုန်းမြင့်ရပ်ကွက်များ ဖြစ်သည့်ကျောက်ရေတွင်း ရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ပုရွတ်ဆိတ်ကုန်း ရပ်ကွက်တို့တွင်လည်း ရေတင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့အပြင်(ဆ)ရပ်ကွက်ရှိ မြောက်ဥက္ကလာပ အထွေအထွေ ရောဂါကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီး၌ လူနာဆောင်များ အတွင်းသို့ရေများ ၀င်ရောက်ခဲ့ကြောင်း၊ ရေများဆက်လက် မြှင့်တက်လာပါက လူနာများအား ပြောင်းရွှေ့စီစဉ် ထားကြောင်း သိရသည်။
8.1.1
မရမ်းကုန်းမြို့နယ် အတွင်းရှိ မူလတန်းကျောင်း စာသင်ခန်းအတွင်း ရေ၀င်နေသည်ကို တွေ့ရစဉ်
ထို့အတူ မြောက်ဥက္ကလာပ မြို့နယ်ရှိ စာသင်ကျောင်းများတွင် ရေများဝင်ရောက် မှုကြောင့် ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများ ရေအန္တရာယ် မဖြစ်စေရန် သြဂုတ် ၂၃ ရက်နေ့တွင် စာသင်ကျောင်းများ ပိတ်ထားကြောင်း သိရသည်။
မြောက်ဥက္ကလာပ ဆေးရုံကြီး၊ ရိုးရိုး (ကျား)အဆောင်တွင် တက်ရောက် ကုသနေသော လူနာတစ်ဦးက ''မနက်ရှစ်နာရီမှာ ရေတွေတက်လာပါပြီ။ ကြမ်းပြင်အပေါ်ကို ကျွန်တော်အထင် သုံးလက်မလောက်ရှိမယ်။ ရေကလုံးဝ ပြန်မကျဘူး။ ဆေးရုံ အဆောင်တွေရဲ့ အောက်ထပ်တွေ အကုန်လုံး ရေတွေနဲ့ ပြည့်နေတာ။ ရေလွတ်တဲ့ နေရာကို ပြောင်းရွှေ့ပေးတယ် ဆိုတာ လူတိုင်းမဟုတ်ဘူး ထင်တယ်။ ကျွန်တော်တို့ဆီကို ပြောင်းရွှေ့ပေးမယ်လို့ ဘယ်သူမှ လာပြောတာမရှိဘူး။ ဒီလိုပဲ နားလည်မှုနဲ့ ရေလွတ်တဲ့ နေရာတွေကို ပြောင်းနေကြတာ ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ''ကျွန်တော်တို့ အနေနဲ့ ရေတက်နေတဲ့ ရပ်ကွက် အသီးသီးမှာ သက်ဆိုင်ရာ ရဲကင်းမှူး၊ နယ်ထိန်း၊ လှည့်ကင်း တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွေက တာဝန်ရှိသူများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များနဲ့ ရပ်မိရပ်ဖများ ပူးပေါင်းပြီး ရေမြောင်းတွေ ရှင်းလင်းမယ်။ ရေစီးရေလာ ကောင်းအောင် လုပ်သွားမယ်။ ကုန်စည်ပစ္စည်းတွေကို ရေတွေနဲ့ လွတ်ကင်းရာကို သယ်ဆောင်တာတို့ကို ဆောင်ရွက်ပေးတယ်။ ရေကြီးမှုကြောင့် ရပ်ကွက်အသီးသီးမှာ ပျက်စီးဆုံးရှုံးမှုတွေ မရှိဘူး။ လူသေဆုံးမှုတွေလည်း မရှိပါဘူး'' ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ် ၂၂ ရက်နေ့ ပျမ်းမျှ မိုးရေချိန်မှာ (၃၅မမ) ၁ ဒသမ ၄ လက်မရှိကြောင်း Myanmar Climate Change Watch မှ သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...