Saturday, August 24, 2013

ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံကြီးများတွင် သမိုင်းအချက် အလက်များ ကမ္ပည်း ရေးထိုးမည်



ရန်ကုန် သြဂုတ် ၂၃

နိုင်ငံတကာမှ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ လှည့်ပတ်ကြည့်ရှုလေ့ ရှိတတ်သော ရန်ကုန်မြို့ မြို့လယ်ပိုင်းရှိ ဆူးလေဘုရားအနီး တစ်ဝိုက်တွင် တည်ရှိသည့် ရှေးဟောင်း အဆောက်အအုံကြီးများတွင် ၎င်းတို့နှင့် သက်ဆိုင်သည့် သမိုင်းမှတ်တမ်း အချက်အလက် များအား ကမ္ပည်းရေးထိုးခြင်းတို့ကို လာမည့် စက်တင်ဘာလ ဆန်းပိုင်းလောက်မှ စတင် ဆောင်ရွက်သွားရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကမ္ပည်းရေးထိုးခြင်း အတွက် ကုန်ကျစရိတ်များကို ဖီးလစ်ကုမ္ပဏီမှ ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ သမိုင်းအထောက်အထား အချက်အလက်များကို ရန်ကုန်မြို့ ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်းရေးအဖွဲ့က စုစည်းပေးသွားမည် ဖြစ်သည်။ ကမ္ပည်း မှတ်တမ်းများ ရေးထိုးရာ တွင်လည်း နိုင်ငံခြားသား များပါ လေ့လာသိရှိ နားလည်စေရန် အင်္ဂလိ ပ်နှင့်မြန်မာ နှစ်ဘာသာဖြင့် ရေးထိုး သွားမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်နိုင်စေရန် အတွက် ယခုအခါ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများနှင့် ပတ်သက်သော သမိုင်း အချက်အလက်များကို သက်ဆိုင်ရာမှ လိုက်လံ စုစည်းလျက်ရှိပြီး ပထမဦးဆုံး စတင် ကမ္ပည်းရေးထိုးမည့် အဆောက်အအုံမှာ ရန်ကုန်မြို့တော် ခန်းမ အဆောက်အအုံကြီး ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ များကို မြို့လယ်ပိုင်းရှိ မြို့နယ်များဖြစ်ကြသော ကျောက်တံတား၊ ပန်းဘဲတန်းနှင့် ဗိုလ်တထောင် အစရှိသည့် မြို့နယ်များတွင် အများဆုံးတွေ့ရှိရပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန် ကြေညာထားချက် အရ ရန်ကုန်မြို့တွင် အခိုင်အမာ ဆက်လက်ရပ်တည်နိုင်သော ရှေးဟောင်း အမွေအနှစ် အ ဆောက်အအုံ စုစုပေါင်း ၁၈၉ လုံးခန့် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...