Saturday, August 24, 2013

လွှတ်တော်ကိုယ်စားလှယ် လုပ်ပိုင်ခွင့်အလွဲသုံး ပြည်သူများကို ကြိမ်းမောင်း ပြောဆို

ရန်ကုန်၊ သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ်သည် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ ရပ်ကွက်တွင်း လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်၍ ကြိမ်းမောင်း ပြောဆို နေမှုများ အပေါ် ကာယကံရှင်များက သြဂုတ်လ၂၂ ရက်တွင် ဗဟန်း ရဲစခန်းသို့ တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူရန် ပြောကြား၍ အမှုဖွင့်ရန် ငြင်းဆန်ခဲ့သည်။

အမှုဖွင့်ခြင်းနှင့် စပ်လျဉ်း၍ ကာယကံရှင် ဦးမင်းကျော်သူသည် သြဂုတ်လ ၂၁ရက် ည(၉)နာရီ အချိန်တွင် ဇနီးဖြစ်သူ မိဘများ နေထိုင်ရာ ကျိုက္ကဆံ ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာရာ ဥဿဖယား လမ်းထိပ်သို့ အရောက် လူအများ ကားတစ်စီးအနား၌ ၀ိုင်းအုံနေသဖြင့် (ရယက) အဖွဲ့ ရာအိမ်မှူး ဖြစ်သူကို မေးကြည့်ရာ ခိုးထားသည့် ကားရပ် ထားသဖြင့် (ရ၀တ) အဖွဲ့သို့ တိုင်ကြား ထားကြောင်း ပြော၍ ဦးမင်းကျော်သူက မိမိကား ဖြစ်ကြောင်း ပြောဆိုရာ တိုင်းလွှတ်တော် ကိုယ်စားလှယ်က ဤနေရာသည် အစိုးရ အဖွဲ့အစည်း ကားရပ်သည့် နေရာ ဖြစ်ကြောင်း ကားမဖယ်ပေးပါက မီးရှို့ပစ်မည် ….ဟု ပြောခဲ့ကြောင်း၊ ၄င်း၏ ဇနီး ဖြစ်သူကိုလည်း လူကြားထဲတွင် လက်ညှိုးထိုးကာ ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ အစိုးရ အဖွဲ့ဟု ပြောဆိုသဖြင့် (ရယက) အဖွဲ့ဝင်များကို မေးကြည်ရာမှ ဒီမိုကရက်တစ် (မြန်မာ) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် ဖြစ်သူဟု သိရှိခဲ့ရကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၄င်းပိုင်ကားကို မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်း၊ ၄င်းတို့ နှစ်ဦးကို လူပုံ အလယ်တွင် ကြိမ်းမောင်း ပြောဆိုမှုများ၊ ခြိမ်းခြောက်မှုများကို ဗဟန်းမြို့နယ် ရဲစခန်းတွင် သြဂုတ်လ ၂၂ရက်က အမှုသွားရောက် ဖွင့်ခဲ့သော်လည်း အမှုလက်မခံ ခဲ့ကြောင်းကို ကားပိုင်ရှင် ဦးမင်းကျော်သူက ပြောသည်။

    ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အတူနေ ပြည်သူများကို ထပ်မံခြိမ်းခြောက် ကြိမ်းမောင်း ပြောဆိုခြင်းဖြစ်လာပြန်ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ အနေဖြင့် မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်များကို ထိန်းကျောင်းပြောဆို ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း . . .

““ကျွန်တော် ကားဖယ်ပေးဖို့ ကားသော့ သွားယူနေတဲ့ အချိန် ကျွန်တော့်ဇနီး မျက်နှာကို လက်ညှိုးထိုးပြီး ဒီနေရာက  အစိုးရကား ရပ်မယ့်ကား၊ အစိုးရပေး ထားတဲ့ နေရာမြေဆိုတာ မသိဘူးလား။ လူပါးမ၀နဲ့။ နင်တို့ ကားကို အခု ချက်ချင်း ဖယ်ပေးရင် ဖယ်ပေး။ မဖယ်ပေးရင် မီးရှို့ ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက် ပြောခဲ့တာ။ ကျွန်တော်တို့လိုပဲ တခြားသူတွေကိုလည်း ရပ်ကွက်ထဲ ကြိမ်းမောင်း တာတွေ လုပ်တာပဲ””ဟူ၍ ၄င်းက ထပ်မံ ပြောကြားခဲ့သည်။

ဗဟန်းရဲစခန်းသို့ သြဂုတ်လ ၂၂ရက်က အမှု သွားဖွင့်ရာတွင် တာဝန်ကျ တာဝန်မှူး ဒုရဲအုပ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်သာ ဦးစွာ တွေ့ဆုံ၍ ဖြေရှင်းရန်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက် လက်မှတ် ယူခဲ့ရန် မှာကြား၍ လောလောဆယ် အမှုမဖွင့် ပေးခဲ့ကြောင်းကို ကာယကံရှင်များက ပြောသည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုကာ ကြိမ်းမောင်း ပြောဆိုမှုများနှင့် စပ်လျဉ်း၍ ဒီမိုကရက်တစ် (မြန်မာ) ပါတီဥက္ကဋ္ဌ ဦးသုဝေကို မေးမြန်းရာ ““ကျွန်တော်တို့ ဒီကိစ္စ တွေကိုတော့ မသိဘူး။ သူက စကား သိပ်ပြောတဲ့လူ မဟုတ်ဘူး။ ဘယ်လိုပြောမလဲ သူက သူ့ဘာသာ သီးခြားသတ်သတ် နေတဲ့သူ ဆိုတော့လေ။ မေးမှ ပြောတာ။ အရင် ဘုရားတွေ သွားတယ်။ တရားထိုင်တယ်။ ဒီလိုလူပါ”” ဟူ၍ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်သည် ဇူလိုင်လ အတွင်း၌ပင် အခြားသော ပြည်သူများ၊ ကင်းသမားနှင့် ၀န်ထမ်းအချို့ကိုလည်း အနိုင်အထက် စကားလုံးများဖြင့်  ကြိမ်းမောင်း ပြောဆိုခဲ့ရာ တာဝန်ရှိ သူများက ၄င်းကို ဖျောင်းဖျ ပြောဆိုခဲ့ရကြောင်း ရပ်ကွက်နေ ပြည်သူများက မြန်မာသံတော်ဆင့်သို့ သတင်း ပေးပို့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများကို ခြိမ်းခြောက် ကြိမ်းမောင်း ပြောဆိုခြင်း သည် ယခုအကြိမ်မှ မဟုတ်ဘဲ ယခင်လပိုင်း ကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့ရာ တာမွေမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဇနီးမောင်နှံတို့က မြို့နယ် ကြံ့ခိုင်ရေး ရုံးဝန်းကျင်တွင် ဆိုက်ကားနင်းနေသော ဦးလှိုင်ဌေးဦးကို တစ်စီးလျှင် ငွေ ၃၀၀ ကျပ်ပေးသွင်းရန် ပျက်ကွက်မှုဖြင့် ကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း သတင်းဖော်ပြ ခံခဲ့ရသည်။ ယခု အကြိမ်တွင်လည်း ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က မော်တော်ကား ရပ်ရန် အကြောင်းပြချက်ဖြင့် တစ်ရပ်ကွက်တည်း အတူနေ ပြည်သူများကို ထပ်မံခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခြင်း ဖြစ်လာပြန်ရာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တာဝန်ရှိ အကြီးအကဲ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ အနေဖြင့် မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်များကို ထိန်းကျောင်း ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ သည် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ မြို့တော် ဖြစ်သည်နှင့်အညီ  ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ပြောဆို ဆက်ဆံမှု ယဉ်ကျေးမှု ရှိရန် လိုအပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တွင် အခြေချ နေထိုင်လျက် ရှိသည့် နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောဆိုကြသည်။

တာမွေအောင်ကို

by မြန်မာသံတော်ဆင့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...