Friday, September 27, 2013

သွေးဖိအား ပိုမိုတိကျအောင် တိုင်းတာနိုင်သောပစ္စည်းသစ် သြစတြေးလျသုတေသီတို့တီထွင်




Friday, September 27, 2013

သြစတြေးလျ သုတေသီအချို့တို့သည် သွေးတိုးရောဂါရှင်များအတွက် လက်ရှိတိုင်းတာသည့် ကိရိယာများထက်ပို၍ မှန်ကန်တိကျပြီး အတွင်းပိုင်းသွေးဖိအားကို တိုင်းတာနိုင်သော ပစ္စည်းသစ်တစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က အင်တာနက်သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

တပ်စ်မေးနီးယား ပြည်နယ်မှ မန်ဇီးသုတေသနကျောင်းမှ ဆရာဝန်များက လက်ရှိ အများဆုံးအသုံးပြု လျက်ရှိသည့် လက်မောင်း အထက်ပိုင်းမှ တိုင်းတာသည့်နည်းအစား ဘောပင်ကဲ့သို့ သွေးဖိအားတိုင်းပစ္စည်း သစ်ကိုအသုံးပြုကာ လူနာ ၃ဝဝ ခန့်အား စမ်းသပ်ပြခဲ့သည်။

အဆိုပါ ပစ္စည်းသစ်သည် လူနာ၏ လက်ကောက်ဝတ်နေရာမှတစ်ဆင့် ကိုယ်တွင်းပိုင်းသွေးဖိအားကို ယခင် အသုံးပြုသည့်ပစ္စည်းများထက် ပိုမိုတိကျစွာတိုင်းတာနိုင်သည်။ လက်ကောက်ဝတ်နေရာရှိ သွေးခုန်နှုန်းသည် နှလုံးအပြင်ဘက်ရှိ သွေးခုန်နှုန်းတိုင်းတာရာတွင် လက်မောင်းတွင် တိုင်းတာခြင်းထက်ပို၍ တိကျသော အဖြေထွက်စေနိုင်သည်ဟု ဆိုသည်။

''လူနှစ်ဦးကိုတိုင်းတာရင် ကိုယ်ခန္ဓာရဲ့လက်မောင်းအထက်ပိုင်း သွေးဖိအားချင်းက တူနိုင်သော်လည်း အတွင်းပိုင်းဗဟိုနေရာသွေးဖိအားက မတူနိုင်ပါဘူး''ဟု တီထွင်မှုတွင်ပါဝင်သူ ပါမောက္ခဂျိမ်းရှားမင်းက ပြောကြားထားသည်။

''ဒီလို ကိုယ်တွင်းပိုင်းသွေးဖိအားကို တိတိကျကျသိရင် ဆေးဝါးကုသမှုပေးတဲ့အခါ ပြန်ပြီးချိန်ညှိလို့ရပါမယ်''ဟု ဖြည့်စွက် ပြောကြားထားသည်။

အဆိုပါ ပစ္စည်းသစ်သည် ကုသမှုကို ပိုမိုထိရောက်မှုပေးနိုင်ပြီး မလိုအပ်သော ဆေးဝါးပိုမိုသုံးစွဲခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ၄င်းလေ့လာမှု ပြုနေစဉ် အတွင်းသွေးတိုးရောဂါရှင် ၁၆ ရာခိုင်နှုန်းခန့်ကို ဆေးဝါးများ သုံးစွဲမှုမှ ရပ်ပစ်ပေးနိုင်ခဲ့သည်ဟု သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...