အောင်ခမ်း (ရိုးရာလေး)
အသုဘသွားတိုင်း မြန်မာ ဗုဒ္ဓဘာသာလူအများစု မလွန်ဆန်နိုင်သေးတဲ့ ရိုးလာဓလေ့တစ်ခုကို သွားတွေ့ ပါတယ်။ တစ်ခု မကပါဘူး အများကြီးပါ။ ဥပမာ - သပြေပန်းသို့မဟုတ် အခြားပန်းအမျိုးမျိုးအား အသုဘအလောင်း မှ ပြန်သယ်လာပြီး အသက်ဝိဥာဉ် ပြန်ပါလာတယ်လို့ ယုံကြည်ခြင်း၊ အသုဘပြန်ရင် ကင်ပွန်းရည်၊ တယော်ရည်နဲ့ ခြေဆေး၊ ခေါင်းဆေးရတာမျိုး တို့လိုဟာတွေ ဖြစ်ပါတယ်။ အဘိဓမ္မာကျမ်းကို ကိုးကားလို့ ဒီကစ္စလေးကို သေချာ ရှင်းလင်းပြလိုပါတယ်။
ပုံပြင် သို့မဟုတ် ဇာတ်လမ်း
ပုံပြင်ထဲမှာပေါ့။ မောင်ဘယ်သူ၊ မဘယ်သူက ကွယ်လွန်တော့ သူ့စည်းစိမ်နဲ့ မိသားစုကို သံယောဇဉ်မပျက်ရှာ ဘူး။ ဒါနဲ့ပဲ ဗြိတ္တာလို ဘုံဘဝရောက်ပြီး အိမ်မှာပဲ တစ်ဝဲလည်လည်နေပါတယ်။ ညဘက် အိပ်နေတဲ့ မိသားစုဆီကို လည်း အသံပေးလို့တစ်မျိုး၊ ခြောက်လှန့်လို့တစ်မျိုးနဲ့ တွယ်ကပ်နေရှာတယ်။ ဒီတော့ တစ်ပတ်ပြည့်ချိန်မှာ ဆွမ်းကပ်ပွဲ၊ အလှူပွဲငယ်လေး လုပ်လိုက်တော့ အိမ်မှာ နတ်ကောင်းနတ်မြတ်တွေ လာရောက် စောင့်ရှောင့်ကြပြီး ဘုံပျောက်နေတဲ့ ဗြိတ္တာနဲ့ နာနာဘဝများ အဝေးသို့ သွားရပါတယ်။ ဗြိတ္တာ ဘဝ ကနေ ကုသိုလ်ပြုလုပ်ပြီး စုတိချင်နေတဲ့ ကွယ်လွန်သူ ဘဘယ်သူ အတွက်ပါဆိုပြီး အမျှဝေကုသိုလ်စီးဖြန်းပေး လိုက်တော့ ဟိုကလည်း ဗြိတ္တာ ဘုံဘဝမှာတင် ကုသိုလ်ထူးတွေရသွားတယ်လို့ ဆိုပါတယ်။
နောက်တစ်မျိုးကျပြန်တော့ ကွယ်လွန်သူ မောင်ဘယ်သူ၊ မဘယ်သူ က ပြုထားတဲ့ ကုသိုလ်မလောက်မငှနဲ့မို့ နတ်ဖြစ်သော်လည်း အရောင် အဝါမတင့်ချေဘူးတဲ့။ ဒီလိုနဲ့ တစ်ပတ်ပြည့် ဆွမ်းကပ်အလှူပွဲမှာ တရား လည်း လာနာရော သံဝေဂတရားတွေရပြီး အရောင်အဝါတက်လာတဲ့ နတ်အဆင့်ကိုရောက်သွားရတယ်လို့ ဆိုပါလေရော။
လက်တွေ့ဘဝ ကျင့်သုံးမှု
ဒီတော့ အထက်ပါ ကဲ့သို့ များပြားလှတဲ့ ပုံပြင်များ၊ ဖြစ်ရပ်များကို အစွဲပြုပြီး အတုယူမှတ်သား လိုက်တာက သေပြီး ၇ ရက် အိမ်မှာကပ်မယ်။ အသုဘမှာ ပန်းတစ်ပွင့်နဲ့ သူ့လိပ်ပြာ (အသက်ချောင်း) ကို ခေါ်လာမယ်။ အိမ်မှာ ထားမယ်။ ပြီးတော့ ၇ ရက်ပြည့် ဆွမ်းကပ်အလှူပေးပြီးတဲ့အခါ အမျှဝေမယ်။ လွတ်ကင်းမယ်။ ဒီတော့ အသုဘချပြီး ၇ ရက်တိတိ အိမ်မှာ လည်တယ် ဆိုတဲ့ အယူအဆဟာ စွဲကိုစွဲရပါရော။ မြန်မာပြည်တစ်ဝန်းက ဗုဒ္ဓဘာသာနွယ်ဝင် အများစု ကျင့်သုံးလက်ခံနေတဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။
အမှန်တရား
ဇာတိ၊ ဇရာ၊ မရဏ ပြောပါများ၊ ကြားပါများလို့ ရိုးနေကြပါပြီ။ မွေးဖွား၊ အိုနာ၊ သေ သုံးမျိုးနဲ့ သံသရာစက်ဝန်းမှာ လည်ပတ်နေကြပြီး စုတိ (မရဏ) လို့ခေါ်တဲ့ သေဆုံးခြင်း နဲ့ ပဋိသန္ဓေ (ဇာတိ) တို့ဟာ စက္ကန့်မခြား ဖြစ်ပျက် ပါတယ်။ အရှင်းဆုံး နာလည်အောင် ရေးရမယ်ဆိုရင် ခုပဲသေ၊ ခုပဲ ပြန်ဖြစ် ပါတယ်။ ဘာဖြစ်လဲ ဆိုတာတော့ စာရေးသူတို့ သာမန်ဥာဏ်နဲ့မသိနိုင်ပါဘူး။ နိဗ္ဗာန်ပဲ သွားမလား၊ ၃၁ ဘုံမှာပဲ ပြန်ကျင်လည်မလားဆိုတာ ပြုလုပ်တဲ့ အကုသိုလ်၊ ကုသိုလ်အပေါ်မှာ မူတည်သွားပါတယ်။ ဒါက တစ်ကဏ္ဍပါ။ ခု ဆိုလိုချင်တာက ခုပဲသေပြီးရင် နောက်ဘဝ တစ်ခုခုကို စက္ကန့်မခြား ဖြစ် တယ်၊ ရောက်တယ်လို့ မြတ်စွာဘုရားရှင်မှ ဟောကြားထားပါတယ်။ သဘာဝအမှန်တရားပါ။ ရှိရင်းစွဲ အမှန်တရားကို မြတ်စွာဘုရားရှင်က လူတိုင်းသိအောင် ရှင်းလင်းဟောကြားထားတဲ့ တရား ဖြစ် ပါ တယ်။ သေပြီးတာနဲ့ နောက်ထပ် ဘဝတစ်ခုမှာ ချက်ချင်း ပဋိသန္ဓေ တည် ပါတယ်။ အမိဝမ်းတစ်ခု သို့မဟုတ် ဘွားကနဲပေါ်လာသော နတ်သကြား၊ ငရဲသား အစရှိသဖြင့် ၃၁ ဘုံတွင်း မွေးဖွားခြင်းပုံစံအမျိုးမျိုးနဲ့ပေါ်ပါတယ်။ ပုံပြင်တွေထဲကလို ဗြိတ္တာဖြစ်မယ်ဆိုရင်တော့ ဘွားကနဲတန်းပေါ်ပြီး ဖြစ် ပါတယ်။ ဒါတွေ ရှင်းနေရင် ပိုပြီးတော့ ခေါင်းရှုပ်သွားပါ လိ့မ်မယ်။ ဆိုလိုရင်း ကိုပြောပါမယ်။
အယူအဆမှန်ကျင့်သုံးရန်
ဒီတော့ ဘယ်သူသေသေ ပန်းယူလာတာမျိုးတို့အခြားသော မိရိုးဖလာ အယူအဆမျိုးတို့က မယူသင့်တော့ပါဘူး။ ဟိုက စက္ကန့်မခြား ပဲ နောက်ဘဝတစ်ခုကို ရောက်နေပြီ။ အသုဘ ရက်ပိုင်းအတွင်း လုပ်လိုက် တဲ့ မိရိုးဖလာ ရိုးရာအစွဲများက မနည်းလှဘူး။ တကယ် ချစ်လို့၊ လွမ်းဆွတ် လို့ သတိရလို့ အလှူအတန်းလုပ်ပေးတယ်ဆို တကယ် ကုသိုလ်စိတ်စစ်စစ်နဲ့ လုပ်ပေးပါ။ သူသာ လူထက်နိမ့်တဲ့ ဘုံဘဝတစ်ခုခုကို ရရင် ဟိတ်တရား ၆ ပါးမစုံတော့တဲ့အတွက် ဘယ်လောက်ပဲ အမျှပေးပေး ၇ ရက်အမျှဝေပွဲပြီးလို့ တရားလာနာနဲ့ သံဝေဂဥာဏ် မရနိုင်တော့ပါဘူး။ ကုသိုလ် ၊အကုသိုလ်ခွဲခြား လက်ခံပေးနိုင်မယ့် တိဟိတ်တရားတွေ မရှိတော့တဲ့အတွက် အမျှဝေပေးတာက သူ့အတွက် မီးပုံထဲမှာနေတုန်း ရေတစ်စက် လောင်းပေး လိုက်တဲ့ သဘောလေးပါပဲ။ ဒီလိုမဟုတ်ပဲ နတ်ဘဝ၊ သကြားဘဝ ၆ ထပ်က တစ်ထပ်ထပ်ဆိုရင်တော့ တစ်မျိုးဖြစ်သွားပါပြီ။ တရားပွဲ အမှီလာလို့ တရားစစ်စစ်နာရရင် သူ့အတွက် ဥာဏ်စင် တစ်ခုခုရလို့ အရိယာ ပုရဂ္ဂိုလ်ဖြစ်နိုင်ချေပါသေးတယ်။
အနှစ်ချုပ်
ဒီတော့ တိုက်တွန်းချင်တာက တစ်ပတ်ပြည့် ဆွမ်းကပ်လုပ်ပါ။ တစ်လပြည့် လုပ်ပါ၊ တစ်နှစ်ပြည့်လုပ်ပါ။ ကောင်းမှု ကုသိုလ်မှန်သမျှ ပြုလုပ်နိုင် တာက ပြုပါ။ ငါဒါလေးလုပ်ပေးလို့ သူဒီဘဝက ကျွတ်ချေမှာပေါ့ ဆိုတဲ့ အယူအဆ လေးတော့ ဖယ်စေချင်ပါတယ်။ အသုဘက ပြန်လာပြီး ပန်းယူလာတာမျိုးတို့ က မှန်ကန်သော အယူအဆ မဟုတ်ပါ။ ပန်းတွေမှာ ဗြိတ္တာတို့များ တွယ်ကပ်လေသလားဆိုရင် ကွယ်လွန်သူ ကိုယ့်မိဘ၊သား၊သမီး၊ မိတ်ဆွေကို သေပြီး ဗြိတ္တာဖြစ်တယ်လို့ မှတ်ယူခြင်း သဘော သက်ရောက်ပါတယ်။ ဒီတော့ ပန်းသယ်လာသူများက မိမိဆွေမျိုးများကို ဗြိတ္တာများလို မှတ်ယူခြင်းသဘောပင် သက်ရောက် ပါသေးတယ်။
တယော်ကင်ပွန်းနဲ့ ခြေဆေးခြင်း၊ ခေါင်းဆေးခြင်း၊ လက်ဆေးခြင်းတို့က ကျန်းမာရေးအရ ကြည့်ရင် ကောင်းပါတယ်။ တယော်ကင်ပွန်းမှာပါတဲ့ ဗီတာမင်ဓာတ်များက အရေအပြားကျန်းမာရေးအတွက် တကယ်ကောင်း ပါတယ်။ ချွေးပြန်နေတုန်းတော့ မဆေးပါနဲ့။ အပူအအေး ဓာတ်အပြောင်း အလဲမြန်ဆန်မှုကြာင့် ကျန်းမာရေး ရှော့ဖြစ်နိုင်ပါတယ်။ ရိုးရိုးရေနဲ့ဆေးဆေး၊ တယော်ရည်နဲ့ ဆေးဆေး သင်္ချိုန်းကနေ ဝိဥာဉ်လိပ်ပြာများ တွယ်ကပ် လာသည်ဟု မယူဆပါနဲ့။ မမှတ်ယူပါနဲ့။ ဝိဥာဉ်လိပ်ပြာဆိုတာ မရှိပါ။ လူမှာ ရုပ်နဲ့ နာမ် နှစ်ခုသာ ဖွဲ့စည်းပြီး တစ်ဘဝမှာ ရုပ်လည်းချုပ်၊ နာမ်လည်းချုပ် ပါတယ်။ ဘာမှ ပါမသွားပါဘူး။ နောက်ဘဝ တစ်ခု ရုပ်အသစ်၊ နာမ်အသစ်နဲ့ ရပါတယ်။ ယင်းရုပ်အသစ်၊ နာမ်အသစ်က ဘဝဟောင်းက ရုပ်၊နာမ် ဟောင်း တို့ ပြုသော ကုသိုလ်၊အကုသိုလ်များကို လိုဏ်ဂူတွင်းက အသံပဲ့တင်သံ ကို ပြန်ကြားရသကဲ့သို့ ပြန်လည် သက်ရောက်မှု ရှိပါတယ်။ ဒါကိုလည်း အခြားဆောင်းပါး တစ်ပုဒ်နဲ့ သီးသန့်ရှင်းလင်းပါ့မယ်။
လူသေလျှင် အသက်ဝိဥာဏ်လိပ်ပြာတို့ ၇ ရက်မနေ အကြောင်းတရားကို စာဖတ်သူတို့ သိရှိနားလည် သွားမယ်လို့ မျှော်လင့်ပါတယ်။ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
Friday, September 27, 2013
အသုဘချပြီး ၇ ရက် အိမ်မှာကပ်မကပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment