Friday, September 27, 2013

လျှပ်တပြက် ရန်ကုန်


(က)
ရန်ကုန်လို့ ပြောလိုက်တာနဲ့ အားလုံးက နှာခေါင်းရှုံ့သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ မိုးတွင်းကာလ အခက်အခဲတွေကြောင့်ပါ။ ကျန်တာတွေကို ကျွန်တော်သေသေချာချာ မသိသလို၊ ပြောလည်းမပြောချင်ပါဘူး။ ကိုယ်တွေ့ကြုံရတဲ့ အခက်အခဲ တစ်ခုကတော့ ချိန်းဆိုထားတဲ့ နေရာတွေကို အချိန်မီ ရောက်ဖို့အတွက် ၂ နာရီလောက် ကြိုတင်ပြီး ထွက်နေရတာပါပဲ။ အချိန် ၂ နာရီဆိုတာ အမှန်တကယ် အလုပ်လုပ်မယ်ဆိုရင် ဘယ်လောက်အဖိုးတန်သလဲဆိုတာ အားလုံးအသိပါ။ အခုတော့ အဲဒီအချိန်တွေကို လမ်းတွေပေါ်မှာ၊ တက္ကစီတွေပေါ်မှာ၊ ဘတ်(စ်)ကားတွေပေါ်မှာ၊ ဖယ်ရီတွေပေါ်မှာ အလဟဿ ဖြုန်းတီးပစ်လိုက်ကြရတယ်။ ရန်ကုန်မှာ နေထိုင်လုပ်ကိုင် ရှင်သန်ရပ်တည် နေကြသူတွေဟာ နေ့စဉ်နဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကြားမှာ အချိန်တွေ၊ စိတ်ရှည်မှုတွေ၊ သည်းခံမှုတွေ၊ နားလည်မှုတွေကို စတေးပစ်နေကြရတာ အင်မတန်မှကို နှမြောဖို့ကောင်းလှပါတယ်။

(ခ)
ဘတ်(စ်)ကားစီးဖို့ ဘယ်လိုမှကို သတ္တိမွေးလို့ မရတဲ့အတွက် တက္ကစီငှားစီးပြီး MICT ထဲကို သွားခဲ့ပါတယ်။ အဲဒီနေရာကို မရောက်ခင် ဖြတ်သန်းခဲ့ရတဲ့ လမ်းကွေ့တစ်နေရာကို ကျွန်တော်ဖြင့် အခုစာရိုက်နေရင်းနဲ့ ပြန်မြင်ယောင်နေမိတယ်။ အိမ်စီး၊ တက္ကစီ၊ ဖယ်ရီ စသဖြင့် ကားအမျိုးမျိုး အထွေထွေဟာ လှေငယ်လေးတွေအလား ရေပြင်ကျယ်ကြီးထဲမှာ ကူးခတ်ခုတ်မောင်းနေကြတာ၊ ရုံးသွားတာ ဖြစ်ပုံရတဲ့ အမျိုးသား၊ အမျိုးသမီးအချို့ဟာ ထီးလေးတွေဆောင်း၊ ထမင်းချိုင့်လေးတွေမပြီး သူတို့ပေါင်လယ်လောက်ရှိတဲ့ ရေပြင်ကျယ်ကြီးကို တစ်စက်ကလေးမျှ ဂရုမစိုက်ဘဲ ဖြတ်သွားနေကြတာကို မြင်ခဲ့ရတာ ကျွန်တော်ဖြင့် အံ့သြလွန်းလို့ တွေ့တဲ့လူတိုင်း၊ ကြုံတဲ့လူတိုင်းကို ပြန်ပြောဖြစ်ပါတယ်။ ခက်တာက ရန်ကုန်မှာ ဘယ်သူကမျှ ကျွန်တော်ပြောတာကို အထူးအဆန်း မဖြစ်ကြဘူး။ သူတို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ဒီလိုအရာတွေဟာ ဘာမျှမဆန်းတော့တဲ့ သာမန်ကိစ္စရပ်လေးတွေ ဖြစ်ကုန်ကြတယ်။ မြို့ရောက်တဲ့ တောသားကျွန်တော်က အဲဒီရေထဲကနေ ကားဖြတ်တော့ လန့်ဖြန့်ပြီး ခြေထောက်ကလေးကို ကြွလိုက်မိတယ်။ တက္ကစီမောင်းတဲ့လူက အကင်းပါးတယ်။ ရေမ၀င်ပါဘူးဆရာ တဲ့။ ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်လိုက်တော့ ရေတွေက ကားတစ်ဝက်လောက်မှာ ဘောင်ဘင်ခတ်လို့။

(ဂ)
ကျွန်တော်သာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆိုရင် ကျန်တာတွေကို လုပ်တာမလုပ်တာ အပထား။ အရင်ဦးဆုံး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနဲ့ မိုးနည်းနည်းရွာတာနဲ့ ရန်ကုန်မြို့ကြီး ရေထဲမျောတဲ့ ကိစ္စရပ်ကို ဖြေရှင်းမိမှာ အမှန်ပဲ။ ဘာမှ ထွေထွေထူးထူး စည်းရုံးစရာမလိုပါဘူး။ ရန်ကုန်မြို့ကြီးကို မိုးရွာရင် ရေလုံးဝမမြုပ်အောင်၊ ဘယ်မီးပွိုင့်ကိုမျှ ယာဉ်ကြောပိတ်ဆို့မှု ၃မိနစ်ထက်ပိုပြီး မကြာစေရအောင် ဆောင်ရွက်မှာပါပဲ။ အော်... လက်တွေ့မဟုတ်ဘူးနော်၊ ကျွန်တော် စိတ်ကူးမိတာလေးတွေ ပြောတာပါ။ လက်တွေ့လုပ်နေသူတွေက ဒါတွေမသိဘဲ နေမှာမဟုတ်ပါဘူး။ မသိချင်ယောင် ဆောင်တာလည်း မဖြစ်နိုင်ပါဘူး။ အကြောင်းတစ်ခုခု ရှိလို့ဖြစ်မယ်ထင်ပါတယ်။

(ဃ)
ရန်ကုန်မှာ အခုအချိန်အထိ ကျွန်တော်နဲ့ သဟဇာတ မဖြစ်တာက ဈေးဝယ်ရတာပါပဲ။ အရောင်းစာရေးမတွေကို ဆိုင်ရှင်တွေ၊ မန်နေဂျာတွေက ဘယ်လိုများ လေ့ကျင့်ပေးထားလဲ မသိပါဘူး။ ဆိုင်ခန်းထဲကို ၀င်လိုက်တာနဲ့ သူတို့မျက်စိထဲမှာ ဈေးဝယ်လို့ မြင်ပုံမရဘူး။ အလစ်သမားတွေပဲ ၀င်လာသလိုလို၊ အကြမ်းဖက်သမားတွေပဲ ရောက်လာသလိုလို မျက်နှာပေးတွေနဲ့ ဟိုဟာမေးလည်း မဖြေချင်၊ ဒီဟာမေးလည်း နှာခေါင်းရှုံ့နဲ့ ကိုယ့်ဘာသာကိုယ်တောင် သံသယဖြစ်မိတဲ့ အထိပါပဲ။ ဆိုင်ရှင် သို့မဟုတ် မန်နေဂျာများ ရှိလို့ကတော့ ၀င်လာတဲ့ဈေးသည်ကို ထန်းလျက်ခဲလို ၀ိုင်းလျှက်ကြတာပါပဲ။ တစ်ခုခုကို ကိုင်လိုက်တိုင်း ဈေးနှုန်းအရင်စပြောတာဟာ ရန်ကုန်စတိုလ်ပဲ ထင်ပါရဲ့ဗျာ။ အဲဒီလို ပြောလိုက်တော့လည်း ကိုယ်မ၀ယ်နိုင်တဲ့ ဈေးနှုန်းဆိုရင် ကိုင်ကြည့်မနေနဲ့လို့ သွယ်ဝိုက်ပြီး သတိပေးပြီးသား ဖြစ်တာပေါ့။ မယ်မင်းကြီးမများ ကျန်းမာချမ်းသာကြပါစေ။

(င)
မြင်တွေ့ရသမျှ လူအားလုံးဟာ စိတ်ပျက်အားငယ်မှုကို မြိုသိပ်ပြီး ဘ၀ရည်မှန်းချက်တွေအတွက် သူတို့ရဲ့ စိတ်ခံစားချက်တွေကို လမ်းခင်းထားကြပုံ ရပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ... အားလုံးဟာ ရန်ကုန်မြေကို မက်မောတွယ်တာ နေကြတုန်းပါပဲ။ ရန်ကုန်ဟာ အားလုံးအတွက် စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို တစ်ပွေ့တစ်ဝိုက်ကြီးနဲ့ အမြဲရင်ဖွင့်ထားဆဲ ဖြစ်နေပုံရပါတယ်။

ရန်ကုန် ကျန်းမာပါစေ...
ရန်ကုန် သန့်ရှင်းပါစေ....
ရန်ကုန် ဘေးကင်းပါစေ....
ရန်ကုန် ရန်ကင်းပါစေ....
ရန်ကုန် မေတ္တာလွှမ်းခြုံနိုင်ပါစေ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၅၄ မိနစ်တွင်ပြီး၏

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...