Friday, September 27, 2013

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် အစိုးရနှင့် ကေအိုင်အိုတို့ အောက်တိုဘာ လဆန်းတွင် တွေ့ဆုံ၍ အချက်လေးချက်အား အကြိုညှိနှိုင်းမည်





အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံကာ အချက်လေးချက်အား အကြိုညှိနှိုင်းကာ အောက်တိုဘာ ၇ ရက်၊ ၈ရက်နှင့် ၉ ရက် တို့တွင် မြစ်ကြီးနားမြို့၌ပင် နှစ်ဖက်ခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုအဆင့် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ အလုပ်အဖွဲ့နှင့် ကေအိုင်အို အလုပ်အဖွဲ့တို့သည် အောက်တိုဘာ ပထမပတ် အကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပြည်ထောင်စုအအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြုလုပ်မီ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းမှု ပြုလုပ်သွားမည်ဟု သိရသည်။

''အခုလောလောဆယ်က အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်မှာ ချိန်းထားတယ်။ တွေသဘာဝအရ တကယ့်ဆွေးနွေးပွဲကြီးမှာ နှစ်ဖက်ခေါင်းဆောင်တွေ မဆွေးနွေးခင် Technical Team တွေက ဘယ်ဟာတွေက ပြဿနာတွေလဲ၊ ဘာတွေက ပူးပေါင်း ဆောင်ရွက်လို့ ရသလဲ စသဖြင့် နည်းပညာပိုင်း ဆိုင်ရာကို ကြိုညှိတဲ့ပွဲပေါ့။ နောက်ဆွေးနွေးပွဲ ကြီးကတော့ ၇၊ ၈၊ ၉ မှာ လုပ်ဖြစ်မယ် ထင်တယ်။ အဲဒီပွဲမှာ ကေအိုင်အိုက ခေါင်းဆောင်တွေပါမယ်။ မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေပါမယ်'' ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက် ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ''အဓိက ဆွေးနွေးမှာက တပ်ပိုင်းဆိုင်ရာ နေရာချထားမှုကိစ္စ၊ လေ့လာစောင့်ကြည့် တဲ့အဖွဲ့တွေ ထားရှိရေး၊ ဒုက္ခသည်များ နေရာချထားရေး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ အဲဒီခေါင်းစဉ် လေးခုကို အဓိကထား ဆွေးနွေးမှာပါ'' ဟု စက်တင်ဘာ ၂၆ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ကေအိုင်အို အဖွဲ့အနေဖြင့် အစိုးရမှ အောက်တိုဘာ လကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် ပါဝင်ရေးမှာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် သုံးခုစလုံးမှ နိုင်ငံရေး၊ စစ်ရေး အာမခံချက်များ ပေးမှသာ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

''နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးပွဲမှာ KIO ပါဝင်ဖို့ ဆိုတာက အဓိကတော ယုံကြည်မှုပါပဲ။ စစ်ရေး အာမခံချက် နိုင်ငံရေး အာမခံချက် ရမှရမှာပါ။ ဒီလိုအာမခံချက် ဆိုတာကလည်း ကျွန်တော်တို့ ဆီမှာ အစိုးရ တစ်ခုတည်းက ဆုံးဖြတ်လို့ မရပါဘူး။ အာဏာပိုင်တွေထဲက အစိုးရရယ် လွှတ်တော်ရယ် စစ်တပ်ရယ် သုံးခုစလုံးရဲ့ အာမခံချက် လိုချင်တဲ့ သဘောရှိပါတယ်'' ဟု ဦးဆန်းအောင်က ပြောကြားသည်။


From : ..eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...