Wednesday, October 23, 2013

အထုတ်ပယ် ခံခဲ့ရသည့် ဖာမိုဆို (အထည်ချုပ်) ဆန္ဒပြ အလုပ်သမား ၆၀၀ ကျော် ခုံသမာဓိ ကောင်စီ၏ ညှိနှိုင်းမှုဖြင့် အောက်တိုဘာ ၂၂ ရက်တွင် လုပ်ငန်းခွင် ပြန်ဝင်



Wednesday, 23 October 2013


ဖာမိုဆို အထည်ချုပ်စက်ရုံ အလုပ်သမားများအား အောက်တိုဘာ ၁၄ ရက်က မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

အလုပ်သမားခေါင်းဆောင် သုံးဦးကို အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် အလုပ်ပြန်ခန့်ပေးရန် လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြ တောင်းဆိုနေသည့် ဖာမိုဆို (အထည်ချုပ်) အလုပ်သမား ၆၀၀ ကျော်မှာ ခုံသမာဓိကောင်စီ၏ ညှိနှိုင်းမှုဖြင့် အောက်တိုဘာ ၂၂ ရက်တွင် လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြောင်း ထုတ်ပယ်ခံခဲ့ရသည့် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲလင်းစိုးက ယင်းနေ့နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၎င်းက "မနေ့က ခုံသမာဓိကောင်စီရဲ့ ညှိနှိုင်းမှုကြောင့် တောင်းဆိုနေတဲ့ အလုပ်သမား ၆၀၀ ကျော် ဒီကနေ့မှာပဲ လုပ်ငန်းခွင် ပြန်ဝင်သွားပါပြီ။ ဒါပေမဲ့ လမကုန်ခင်မှာ ခုံသမာဓိကောင်စီက ထွက်လာမယ့် ဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာ သူတို့ဘာသာသူတို့ ဆုံးဖြတ်မှာပါ" ဟု အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို(အထည်ချုပ်) အလုပ်သမား ၆၀၀ ကျော်မှာ အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ လုပ်ငန်းခွင် မ၀င်ဘဲ သပိတ်မှောက်ခဲ့ ကြခြင်းဖြစ်ကာ အောက်တိုဘာ ၁၇ ရက်တွင် စက်ရုံသူဌေးမှ သပိတ်မှောက် အလုပ်သမား ၆၀၀ ကျော်အား စက်ရုံထဲသို့ ၀င်ခွင့်မပေးတော့ဘဲ အလုပ်မှ ထုတ်ပယ်ကြောင်း စာကပ်ခဲ့ပြီးနောက် ခုံသမာဓိ ကောင်စီ၏ ညှိနှိုင်းမှုကြောင့် အောက်တိုဘာ ၂၂ ရက်တွင် လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြောင်း သိရသည်။

အထုတ်ပယ်ခံ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ မဟေမာန်ချစ်က "မနေ့က မြို့နယ်ရုံးမှာ ခုံသမာဓိကောင်စီနဲ့ ကျန်တဲ့အလုပ်သမား ခေါင်းဆောင်လေးဦး တွေ့ဆုံပြီးတော့ ဥပဒေနဲ့အညီ လုပ်မယ်ဆိုပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ လမကုန်ခင်ထွက်မယ့် ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဥပဒေနဲ့အညီ စာတင်ပြီး သပိတ်မှောက်သွားလို့ ရတဲ့အတွက်ကြောင့် လုပ်ငန်းခွင် ပြန်ဝင်ကြတာပါ" ဟု အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ဆိုသည်။

စက်ရုံသူဌေးက တိုက်ရိုက်အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမားခေါင်းဆောင် သုံးဦးမှာ ကိုရဲလင်းစိုး (ဥက္ကဋ္ဌ)၊ မဟေမာန်ချစ် (အတွင်းရေးမှူး)နှင့် မအေးသီတာခိုင် (ဘဏ္ဍာရေးမှူး) တို့ဖြစ်ကြပြီး ၎င်းတို့ကို အောက်တိုဘာ ၁၂ ရက် စနေနေ့က ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖာမိုဆို(အထည်ချုပ်) စက်ရုံ မန်နေဂျာထံသို့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဖြေဆိုသူ အမျိုးသမီးတစ်ဦးက မန်နေဂျာ အစည်းအဝေး လုပ်နေသဖြင့် မအားကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...