Wednesday, October 23, 2013

အမေရိကန် စာသင်ကျောင်း တစ်ခုတွင် ကျောင်းသားတစ်ဦး သေနတ်ပစ်ခတ်မှုကြောင့် ဆရာတစ်ဦး သေဆုံး၊ ကျောင်းသားနှစ်ဦး ဒဏ်ရာရ



Wednesday, 23 October 2013 

နီဗားဒါးပြည်နယ် စပါ့ခ်မြို့ အလယ်တန်းကျောင်းတွင် အောက်တိုဘာ ၂၁ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျောင်းကားရပ်နားရန် နေရာတွင် စုဝေးနေသည့် ရဲများ (Photo:AFP)

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်ရှိ စာသင်ကျောင်း တစ်ကျောင်း၌ အောက်တိုဘာ ၂၁ ရက်တွင် ကျောင်းသားတစ်ဦးက ဆရာနှင့် အခြားကျောင်းသားများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆရာတစ်ဦး သေဆုံးပြီး အခြားကျောင်းသားနှစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုသည် ရီနိုမြို့ရှိ စပါ့ခ်အလယ်တန်းကျောင်း၏ ဘတ်စကက်ဘော ကစားကွင်းအနီး ကျောင်းသား ၂၀ မှ ၃၀ ခန့်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ကိုင် ကျောင်းသားက မိမိကိုယ်မိမိ ပစ်သတ်ခဲ့သည်။ ယင်းကျောင်းသားမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ ပစ်ခတ်ရသည့် အကြောင်းရင်းနှင့် သေနတ်ကို မည်သို့ရရှိကြောင်း အသေးစိတ်ကို အာဏာပိုင်များက မထုတ်ပြန်ခဲ့ပေ။

ဘတ်စကက်ဘော ကွင်းအနီး ဆရာနှင့် ကျောင်းသားများ ရှိနေစဉ် ကျောင်းဝတ်စုံ ၀တ်ဆင်ထားသော ကျောင်းသားတစ်ဦးက ဆရာတစ်ဦးကို ရင်ဘတ်သို့ ချိန်ရွယ်ခဲ့ကြောင်း၊ ဆရာက လက်နက်ချရန် ပြောသောအခါ ကျောင်းသားက ဆရာအား ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။ ယင်းနေရာမှ ကျောင်းသားများ ထွက်ပြေးစဉ် သေနတ်သံ လေးငါးချက် ထပ်မံကြားခဲ့ ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

သေဆုံးသူ ဆရာသည် ကျောင်းသားအများစု၏ ချစ်ခင်လေးစားမှုကို ရရှိထားသူဖြစ်ပြီး ကျောင်းသားများကို ကာကွယ်ရန် ကြိုးစားရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားရာကျောင်းသို့ မိုင် ၆၀ တစ်ဝိုက်မှ ရဲဝန်ထမ်းများ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၅၀ မှ ၂၀၀ အထိ ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းအလယ်တန်းကျောင်းနှင့် အနီးရှိ မူလတန်းကျောင်းများမှ ကျောင်းသားများကို အထက်တန်း ကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စာသင်ကြားမှုများ ရပ်ဆိုင်းထားခဲ့သည်။ ကျောင်းကို ယခုသီတင်းပတ်အတွင်း ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

နီဗားဒါးပြည်နယ်တွင် ယင်းနေ့နံနက် အစောပိုင်းကလည်း ညကလပ်တစ်ခုတွင် သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အစောင့်သုံးဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...