Wednesday, October 23, 2013

တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်၍ တိဗက်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရုံးချုပ်၌ ဆန္ဒပြ

Wednesday, 23 October 2013


ဂျီနီဗာရှိ ကုလသမဂ္ဂရုံး အဆောက်အအုံတွင် တိဗက်တက်ကြွ လှုပ်ရှားသူများ ဆန္ဒပြ ချိတ်ဆွဲခဲ့သည့် ဧရာမ နဖူးစီးစာတန်း (Photo:AFP)

အောက်တိုဘာ ၂၂ ရက်က တိဗက် တက်ကြွလှုပ်ရှားသူများသည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရုံးချုပ် အဆောက်အအုံတွင် ငြမ်းစင်ပေါ်တက်လျက် ကမ္ဘာကြီး အနေဖြင့် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းပေးရေး တောင်းဆိုသည့် နဖူးစီးစာတန်းကိုဖြန့်ကာ တပ်ဆင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုံးချုပ်တွင် ထိုအချိန်က တရုတ်၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးရန် သံတမန်များ စတင်စုဝေးနေချိန် ဖြစ်သည်။

"လွတ်လပ်သော တိဗက်အတွက် ကျောင်းသားများအဖွဲ့" နှင့် "ဥရောပရှိ တိဗက်လူငယ် အစည်းအရုံး" တို့မှ ဆန္ဒပြသူ လေးဦးသည် ကုလသမဂ္ဂ အဆောက်အအုံပေါ်ရှိ ငြမ်းစင်ပေါ်သို့တက်ကာ ကြိုးများကို အသုံးပြုလျက် နဖူးစီးစာတန်းကို ဖြန့်ချခဲ့ခြင်း ဖြစ်သည်။ အဆောက်အအုံသည် ပြုပြင်နေဆဲ ဖြစ်သောကြောင့် ငြမ်းများဆင်ထားခြင်း ဖြစ်သည်။

သူတို့ ဖြန့်ချခဲ့သော စာတန်းတွင် "တရုတ်လူ့အခွင့်အရေး၊ တိဗက်အတွက် ကုလသမဂ္ဂ မားမားရပ်ပါ" ဟု ရေးသားထားသည်။ ယင်းနောက် သူတို့သည် "လွတ်လပ်သော တိဗက်" ဟု ဟစ်ကြွေးခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေး ၀န်ထမ်းများသည် ယင်းနဖူးစီးစာတန်းကို အလျင်အမြန် ဖြတ်ချခဲ့ပြီး ဆန္ဒပြသူများကို ဖမ်းဆီးခဲ့သည်။ ၎င်းအပြင် သူတို့၏ ဂျာနယ်လစ်အဖြစ် အသိအမှတ်ပြုလွှာကိုလည်း ရုပ်သိမ်းခဲ့ပြီး သူတို့အား ယင်းနေရာမှ ခေါ်ဆောင်သွားခဲ့သည်။

"ဆန္ဒပြမှုက တကယ်ကို ကြီးကျယ်ပါတယ်" ဟု လွတ်လပ်သော တိဗက်အတွက် ကျောင်းသားများအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး ပီးမားယိုကိုက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

"တိဗက်ရဲ့ ဒုက္ခကို သတိပြုမိလာအောင် ဆွဲဆောင်နိုင်ဖို့က အရေးကြီးပါတယ်။ တရုတ်ဟာ တိဗက်က သူတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းနဲ့ ပတ်သက်ပြီး ပြောင်ကျကျ အရှက်မရှိ လိမ်ညာလိမ့်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ" ဟု ပီးမားယိုကိုက ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တရုတ်တို့၏ တိဗက်အပေါ် ဖိနှိပ်မှုကို ဆန့်ကျင်သောအားဖြင့် တိဗက်လူမျိုး ၁၂၂ ဦး ထက်မနည်းသည် မိမိတို့ကိုယ်မိမိတို့ မီးရှို့ကာ ဆန္ဒပြခဲ့ကြကြောင်းလည်း ယိုကိုက ပြောပြခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ရှေ့မှောက်တွင် တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ သုံးသပ်ချက်ကို ကျယ်ပြန့်စွာ တင်ပြခြင်း မပြုလုပ်မီ ယခုကဲ့သို့ ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံသည် လေးနှစ်လျှင်တစ်ကြိမ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တစ်စုံတစ်ရာ တင်ပြရန် လိုအပ်ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...