Wednesday, October 23, 2013

ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်လိုကြောင်း ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 Created on Wednesday, 23 October 2013

အောက်တိုဘာ ၂၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွေ့ရသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်ဟု Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်သာမက ယခင်အစိုးရနဲ့ ဆက်စပ်ခဲ့ဖူး သူတွေရဲ့ အထူးအခွင့်အရေးတွေကို ဆက်လက်ထိန်းသိမ်း ပေးထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် အောက်တိုဘာ ၂၂ ရက်က ဥရောပလွှတ်တော် ကော်မတီနှစ်ရပ်နှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။

"တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ မရမီ ကျွန်မတို့ အဝေးကြီး သွားရပါဦးမယ်။ ပြီးတော့ ကျွန်မတို့ အနေနဲ့ ဒီလိုဒီမိုကရေစီ လုံးဝမကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း စတင်ပြင်ဆင် ရပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။



အောက်တိုဘာ ၂၂ ရက်က ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် Sakharov လူ့အခွင့်အရေးဆုကို အီးယူပါလီမန်ဥက္ကဋ္ဌ Martin Schulz မှ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်နေစဉ် (Photo:AFP)

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် မြန်မာနိုင်ငံအတွက် အခက်အခဲဆုံး လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်းနှင့် စစ်တပ်၏ သဘောတူညီချက် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက ရည်ရွယ်ချက် တစ်ခုမှာ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ထိန်းသိမ်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်မတို့နိုင်ငံ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာမှာ သွေဖည်မသွားစေဖို့အတွက် အခြေခံကျပြီး ခိုင်မာတဲ့ မူဘောင်တစ်ခု ဖြစ်လာဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းဟာ ကျွန်မတို့ရဲ့ အကြီးမားဆုံး လိုအပ်ချက်ပါပဲ။ တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှု ရှိနိုင်မှာ မဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...