Wednesday, October 23, 2013

အီးယူကုန်သွယ်မှု အထူးအခွင့်အရေး GSP ပြန်လည်ရရှိပြီးနောက် သုံးလနီးပါး ကာလအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၅၆ သန်းကျော်ဖိုး အခွန်ကင်းလွတ်ခွင့် ရရှိခဲ့

Wednesday, 23 October 2013


မြန်မာ့အသေးစား စက်မှုလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်

အီးယူကုန်သွယ်မှု အထူးအခွင့်အရေး (GSP) အရ ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့သည့် ကုန်စည်များအတွက် GSP Form(A) များ ထုတ်ပေးခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၆ သန်းကျော်ဖိုးရှိကြောင်း သိရသည်။

အီးယူကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို မြန်မာနိုင်ငံမှ ဇူလိုင် ၁၉ ရက်တွင် ပြန်လည်ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ တင်ပို့သည့် ကုန်ပစ္စည်းများအတွက် GSP ရရှိရန် နောက်ကြောင်းပြန် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် အီးယူနိုင်ငံများသို့ တင်ပို့ရာတွင် အီးယူနိုင်ငံများမှပေးသည့် အကောက်ခွန်ဆိုင်ရာ ယေဘုယျ အခွင့်အရေး ပေးသောစနစ် (GSP) ရရှိရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပေးသည့် ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်ရှိရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခင်က အီးယူမှပေးသည့် (GSP) အခွင့်အရေးကို ရရှိခဲ့ဖူးပြီး အဓမ္မ အလုပ်ခိုင်းစေမှုများ ရှိသည်ဆိုသည့် အချက်ဖြင့် ၁၉၉၇ ခုနှစ်တွင် (GSP) ကို ယာယီရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇွန် ၁၂ ရက်တွင်မူ မြန်မာနိုင်ငံကို (GSP) အခွင့်အရေး ပြန်လည်ပေးအပ်ခဲ့သည်။ အီးယူမှ မြန်မာနိုင်ငံသို့ (GSP) အခွင့်အရေး ပြန်လည်ပေးအပ်ရန်အတွက် ၂၀၁၂ ခုနှစ် ဇွန်လကတည်းက ဆုံးဖြတ်ခဲ့သော်လည်း ယခုနှစ်တွင်မှ (GSP) အခွင့်အရေးပေးရန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(GSP) အခွင့်အရေး ရရှိရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် တင်ပြနိုင်ရန် လိုအပ်ပြီး အီးယူသို့ တင်ပို့မှုများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ (GSP Form A) များ လျှောက်ထားထုတ်ယူ ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အီးယူ၏ (GSP) အခွင့်အရေး ပြန်လည်ရရှိခဲ့သည့် ဇူလိုင် ၁၉ ရက် နောက်ပိုင်းမှ အောက်တိုဘာ ၁၇ ရက်အထိ သုံးလနီးပါး ကာလအတွင်း (GSP Form A) ထုတ်ပေးခဲ့ရသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၆ သန်းကျော်ရှိပြီး လျှောက်ထားသည့် ကုန်ပစ္စည်းများမှာ လက်ခစား စနစ်ဖြင့် လုပ်ကိုင်သည့် ပစ္စည်း၊ ရေထွက်ကုန်များ၊ လယ်ယာထွက်ကုန်များ၊ သစ်တောထွက်ကုန်များဖြစ်ကြောင်း သိရသည်။ (GSP Form A) ထုတ်ပေးရာတွင် ယူကေ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဘူလ်ဂေးရီးယား၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ ဂရိ၊ ဒိန်းမတ်၊ ရိုမေးနီးယား၊ သြစတြီးယား၊ ဆွီဒင်၊ အိုင်ယာလန် စသည့်နိုင်ငံများသို့ တင်ပို့သည့် မြန်မာ့ပို့ကုန်များအတွက် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများတွင် GSP အခွင့်အရေး တစ်မျိုးမျိုးကို ရရှိနေသော နိုင်ငံ ၁၂၈ နိုင်ငံအထိရှိပြီး မြန်မာနိုင်ငံ အပါအ၀င် ၇၇ နိုင်ငံမှာ ဖွံ့ဖြိုးမှုနှုန်း နည်းပါးသည့် နိုင်ငံများဖြစ်သည်။ GSP အခွင့်အရေးပေးသည့် နိုင်ငံများမှာ ဥရောပသမဂ္ဂ၊ အမေရိကန်၊ သြစတြေးလျ၊ ဘီလာရုစ်၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ရုရှား၊ ဆွစ်ဇာလန်၊ တူရကီတို့ဖြစ်ပြီး အဆိုပါ ဥရောပသမဂ္ဂ အဖွဲ့နှင့် အခြား ၁၀ နိုင်ငံက ရေးဆွဲထုတ်ပြန်ထားသည့် GSP အစီအစဉ် ၁၁ ခုရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...