Wednesday, October 23, 2013

တရားခံအမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် KNU တပ်မဟာ (၃) ပူးပေါင်းဆောင်ရွက်မည် ဟုဆို



အောက်တိုဘာ ၂၃ ရက် ၂၀၁၃

တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု သတ်မှတ်ခံ ရသော ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက်နေ စောထွန်းထွန်း ကို ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသို့ အမြန်ဆုံး ပေးပို့အပ်နှံသွားမည် ဖြစ်ကြောင်း KNU တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအယ်ကလူသိန်း က အောက်တိုဘာ လ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် The Voice သို့ပြောကြားသည်။

"တပ်မဟာ (၃) မှာလည်း သူ့ စာရင်းမရှိဘူး။ တပ်ဖွဲ့ဝင်လည်း မဟုတ်ဘူး၊ စောထွန်းထွန်းလို့ အမည်တပ်ထားပေမယ့် ကရင်တိုင်းရင်းသား တစ်ယောက်လည်း မဟုတ်ဘူး။ သူ့မိန်းမကတော့ ကရင်အမျိုး သမီးပါ" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ သံသယတရားခံသည် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မေတ္တာ ရပ်ကွက်တွင် နေထိုင်သူ ဟု ပြောဆိုနေသော်လည်း ၄င်း၏ နောက်ကြောင်း ရာဇဝင်ကို လိုက်လံစုံစမ်းကြည့်ရာတွင် ကျောက်ကြီးမြို့ နယ် အရှေ့ဘက်တောထဲ တွင် နေထိုင်သူတစ်ဦးသာ ဖြစ်ပြီး တောထဲတွင် ကြာကြာပုန်း၍ မဖြစ်နိုင်သဖြင့် ၄င်းဘယ်လောက်ပြေးပြေး လွတ်ရန် မရှိပါကြောင်း ကျောက်ကြီးမြို့နယ် အခြေစိုက် KNU တပ်မဟာ (၃) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နှင့် ရန်ကုန်မြို့တွင် အောက်တိုဘာလ ဒုတိယပတ်၌ ဗုံးပေါက်ကွဲမှု နှစ်ခုနှင့် ပတ်သက်ပြီး KNU စီးပွားရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုး၏ ခိုင်းစေချက်အရ စောမြင့်လွင်(ခ)မောထ ဆိုသူသည် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခွဲခဲ့ပြီး တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုမှ သံသယရှိနေသူ စောထွန်းထွန်း သည်လည်း ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက်ဆက်နွှယ် နေနိုင် သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲနှင့် နိုင်ငံတော် သမ္မတ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။

စောမြင့်လွင်ဆိုသူမှာ KNU တွင် ပြည်သူစစ်အဆင့်သာ လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး နေတိုး ဆိုသူမှာလည်း မြို့နယ် စီးပွားရေး တာဝန်ခံတစ်ဦး ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး KNU အနေနှင့် တာဝန်ရှိသဖြင့် ပြစ်မှုကျူးလွန်သူ များကို ဖော်ထုတ် အရေးယူရာတွင် အစိုးရနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါ တောင်ငူ၊ မန္တလေး၊ ရန်ကုန် နှင့် စစ်ကိုင်းမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များနှင့် ပတ်သက်ပြီး တရားခံ ရှစ်ဦးအထိ ဖမ်းဆီးရမိပြီး ဖြစ်သော်လည်း ဖြစ်စဉ်များကို ဦးဆောင်သည့် အဓိက တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရဲချုပ်ဇော်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်နှင့် ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ် ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇေယျာကို (တောင်ငူ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...