Wednesday, October 23, 2013

သမ္မတအာဆတ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် လုပ်ဆောင်ပါက ဆီးရီးယား ပြည်တွင်းစစ် သက်တမ်းရှည်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား


Created on Wednesday, 23 October 2013



ဆီးရီးယားသမ္မတ အာဆတ်ကို လက်ဘနွန်ရုပ်သံ al-Mayadeen မှ ဒမတ်စကတ်တွင် အောက်တိုဘာ ၂၁ ရက်က အင်တာဗျူး ပြုလုပ်နေမှုကို ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနမှ ထုတ်ပြန်ပေးခဲ့စဉ် (Photo:AFP)

ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ်အနေဖြင့် ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် ပါဝင်ယှဉ်ပြိုင်ရန် လုပ်ဆောင်ပါက ပြည်တွင်းစစ် သက်တမ်းရှည်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

"ရွေးကောက်ပွဲမှာ နောက်တစ်ကြိမ် ယှဉ်ပြိုင်ပြီး နိုင်ငံတွင်းက ပြဿနာတွေကို ဖြေရှင်းမယ်လို့ သမ္မတအာဆတ် အနေနဲ့ စဉ်းစားနေမယ် ဆိုရင်တော့ လက်ရှိပြည်တွင်းစစ်က သက်တမ်းရှည်နေ ဦးမှာပါ" ဟု ပါရီမြို့၌ အာရပ်အဖွဲ့ချုပ် အရာရှိများနှင့် တွေ့ဆုံအပြီးတွင် ကယ်ရီက ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် မိမိအနေဖြင့် ၀င်ရောက်မယှဉ်ပြိုင်စရာ အကြောင်းမရှိဟု သမ္မတအာဆတ်က လက်ဘနွန်ရုပ်သံသို့ ပြောကြားသောကြောင့် ကယ်ရီက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယား အတိုက်အခံများ အနေဖြင့်လည်း အာဆတ်ဆက်လက် အာဏာရရှိမည်ကို မည်သည့်အခါမျှ လက်ခံလိမ့်မည် မဟုတ်ကြောင်း ကယ်ရီက ပြောကြားခဲ့သည်။

"သမ္မတ ဘာရှားအယ်လ် အာဆတ်အနေနဲ့ အစိုးရသစ်မှာ အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်တာကိုတောင် သဘောတူတဲ့သူ အတိုက်အခံထဲမှာ တစ်ယောက်မှ မရှိလောက်ပါဘူး။ အာဆတ်က သူ့နိုင်ငံမှာ ပြည်သူတွေကို ဗုံးကြဲခဲ့တယ်။ အဆိပ်ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီလိုလူမျိုးက ရွေးကောက်ပွဲ ထပ်ဝင်ပြီး နိုင်ငံကို အုပ်ချုပ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ကယ်ရီက ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်က လန်ဒန်မြို့၌ အနောက်အင်အားကြီး နိုင်ငံများနှင့် အာရပ်အင်အားကြီး နိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ ဂျွန်ကယ်ရီက ဆီးရီးယား အစိုးရအား ဆန့်ကျင်သူများ အနက်မှ အလယ်အလတ် သဘောထားရှိသူများကို အမေရိကန် အစိုးရက ဆက်လက်ထောက်ခံ သွားမည်ဟု ပြောကြားခဲ့သည်။

"သဘောထား အလယ်အလတ်ရှိတဲ့ အတိုက်အခံတွေကို ဆက်လက်ထောက်ခံ နေဆဲပါ။ သူတို့အနေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုမယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ယုံကြည်ထားပါတယ်" ဟု ကယ်ရီက ပြောကြားသည်။

လာမည့်လအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် အတိုက်အခံအဖွဲ့က ပါဝင်ရန် အနောက်အင်အားကြီး နိုင်ငံများနှင့် အာရပ်အင်အားကြီး နိုင်ငံများက တိုက်တွန်းထားသော်လည်း အတိုက်အခံ အောက်ခြေအဖွဲ့များက အဆိုပါ ဆွေးနွေးပွဲများကို ကန့်ကွက်ထားသည်။

ဂျီနီဗာ ဆွေးနွေးပွဲတွင် အီရန်အစိုးရ ပါဝင်နိုင်ခြင်း ရှိ၊ မရှိအား မေးမြန်းရာတွင် ဂျွန်ကယ်ရီက အီရန်သည် ဆွေးနွေးပွဲတွင် ပါဝင်လိုပါက ယမန်နှစ် အတွင်းက ဂျီနီဗာတွင် ပြုလုပ်ခဲ့သည့် ပထမအကျော့ ဆွေးနွေးပွဲတွင် သဘောတူထားသည့်အတိုင်း ဆီးရီးယားတွင် ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို သဘောတူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


EMG
Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...