Sunday, October 13, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တစ်ပတ်အတွင်း ပြည်သူများထံမှ အကြံပြုစာ ၁၂ စောင် လက်ခံရရှိထားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ပြောကြား

 Created on Sunday, 13 October 2013


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲကို NLD က ပြုလုပ်နေသည်ကို တွေ့ရစဉ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တစ်ပတ်အတွင်း ပြည်သူများထံမှ အကြံပြုစာ ၁၂ စောင် လက်ခံရရှိထားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။

ပြည်ထာင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် အောက်တိုဘာ ၃ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပတ်သက်၍ အများပြည်သူလူထု၏ သဘောထားကို ကျယ်ပြန့်စွာ သိရှိနိုင်ရန် အလို့ငှာ မိမိတို့ ကော်မတီသည် ဥပဒေပြု မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များထံမှ ၎င်းတို့၏ လေ့လာသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် တောင်းခံပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် ၂၀ လွှတ်တော်ရုံး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရုံးသို့ အောက်တိုဘာ ၁၁ ရက်အထိ ရောက်ရှိလာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြံပြုစာ အရေအတွက် ၁၂ စောင် လက်ခံရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ပမာဏသည် တစ်ပတ်အတွင်း ရရှိသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။

"ကော်မတီကို ရောက်ရှိလာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက်တွေမှာ ပါတီတွေဆီကလည်း ပါသလို၊ အသင်းအဖွဲ့တွေ၊ အများပြည်သူ လူထုက ပေးပို့တာတွေလည်း ပါပါတယ်။ တချို့ပို့တဲ့ အကြံပြုချက်တွေမှာ နောက်ထပ်နောက်ဆက်တွဲ ပြင်ချင်တဲ့ အချက်တွေ ထပ်ပို့ပါမယ်ဆိုတဲ့ မှတ်ချက်တွေလည်း ပါပါတယ်။ လက်ရှိအချိန်မှာ စာတိုက်ကနေ ပို့ရတာဖြစ်တဲ့အတွက် သိပ်အများကြီးတော့ ရောက်မလာသေးပါဘူး။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်အထိ ပေးပို့လို့ ရပါတယ်" ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီများ၊ ပြည်သူများထံမှ ရောက်ရှိလာသည့် တင်ပြချက်များကို စုစည်းကာ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားကာ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာတစ်ရပ် တင်သွင်းရမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အသစ်ပြန်လည် ရေးဆွဲရန် ပါတီများအကြား သဘောထား ကွဲလွဲလျက် ရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစုသည် ဖက်ဒရယ်စနစ် ပိုမိုပီပြင်စေမည့် ပြည်နယ်များရှိ အာဏာခွဲဝေမှုနှင့် သယံဇာတ ခွဲဝေမှုကို ဦးစားပေး ပြင်ဆင်ရန် လိုသည်ဟု သုံးသပ်ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...