Sunday, October 13, 2013

အိန္ဒိယတွင် အင်အားပြင်းထန်သည့် ဆိုင်ကလုန်း မုန်တိုင်းအတွက် အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်

 Created on Saturday, 13 October 2013


ဘီဂျူးပါတနက် လေဆိပ်သို့ မုန်တိုင်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများအတွက် အောက်တိုဘာ ၁၁ ရက်က အကူအညီများ သယ်ဆောင်လာသည့် လေယာဉ် (Photo:AFP)

အောက်တိုဘာ ၁၂ ရက်တွင် အိန္ဒိယ အရှေ့ဘက် ကမ်းရိုးတန်းသို့ အင်အားပြင်းထန်သည့်မုန်တိုင်း ၀င်ရောက်ဖွယ် ရှိသောကြောင့် သိန်းနှင့်ချီသော လူများကို အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ပြီး အမြင့်ဆုံးအဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဆိုင်ကလုန်း ဖိုင်လင်သည် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၅၀ အထိရှိပြီး ယင်းဒေသသို့ ၁၄ နှစ်အတွင်း ၀င်ရောက်ခဲ့သည့် မုန်တိုင်းများအနက် အင်အားအပြင်းဆုံး ဖြစ်လာဖွယ် ရှိသည်။ မုန်တိုင်းအရှိန်ကြောင့် ပင်လယ်ရေမျက်နှာပြင်သည် ၁၀ ပေအထိ မြင့်တက်လာဖွယ် ရှိသည်။

လေပြင်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများသည် အင်ဒရာပရာဒေ့ရှ် ပြည်နယ်နှင့်ကပ်လျက် သြရိသပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ပြီး ယင်းဒေသ၌ မြေပြိုမှုများကြောင့် ဖိုင်လင်မုန်တိုင်း မ၀င်မီကပင် သစ်ပင်များ ထက်ပိုင်းကျိုးကျ ခဲ့သည်။ ကမ်းရိုးတန်း ဒေသသို့ ၀င်ရောက်မည့် ဖိုင်လင်ဆိုင်ကလုန်း မုန်တိုင်းသည် ၁၉၉၉ ခုနှစ်က လူပေါင်း ၈၀၀၀ ကျော် သေဆုံးစေခဲ့သော မုန်တိုင်းကဲ့သို့ ပြင်းထန်ဖွယ် ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် အိန္ဒိယ မိုးလေ၀သနှင့် ဇလဗေဒ ဌာနသည် အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်အဖြစ် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရေတပ်နှင့် ပူးတွဲထားရှိသော တိုင်ဖွန်းဌာနက မုန်တိုင်းသည် တစ်နာရီလျှင် ၃၁၅ ကီလိုမီတာနှုန်းအထိ ပြင်းထန်ဖွယ် ရှိသည်ဟု ထုတ်ပြန်ခဲ့ပြီး လန်ဒန်အခြေစိုက် အပူပိုင်းမုန်တိုင်း အန္တရာယ်ဆိုင်ရာ ဌာနက ဖိုင်လင်သည် စူပါဆိုင်ကလုန်း အမျိုးအစားထဲ၌ အင်အားအပြင်းထန်ဆုံး ဖြစ်သည်ဟု ဆိုသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...