Sunday, October 13, 2013

ဆီးရီးယား ဓာတုလက်နက်များ ဖျက်ဆီးရေး အစီအစဉ်ကို လုံခြုံရေးကောင်စီ အတည်ပြု

 Created on Saturday, 13 October 2013

ဆီးရီးယား အနောက်မြောက်ပိုင်း ဒီယာအက်ဇာမြို့ကပ်လျက် ဂျူဘိုင်လာမြို့တွင် ကိုယ်တိုင်လုပ် စွယ်စုံသုံးဒုံးပစ်လောင်ချာကို လူတစ်ဦးက အောက်တိုဘာ ၁၁ ရက်က ဆေးမှုတ်နေစဉ် (Photo:AFP)

၂၀၁၃ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဓာတုလက်နက်များ ဖျက်သိမ်းရေးအဖွဲ့ (OPCW)နှင့် ပထမဆုံးအကြိမ် ပူးတွဲလုပ်ဆောင်မည့် ဆီးရီးယား ဓာတုလက်နက်များ ဖျက်ဆီးရေး အစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အောက်တိုဘာ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။

ဆီးရီးယားတွင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွား နေချိန်၌ ဆီးရီးယားရှိ ဓာတုလက်နက်များကို ဖျက်ဆီးပစ်မည့် လုပ်ငန်းများကို OPCW နှင့် ကုလသမဂ္ဂမှ ကျွမ်းကျင်ပညာရှင် ၆၀ ပါသော အဖွဲ့က ထောက်ပံ့ကူညီ ပေးမည်ဖြစ်သည်။ ဆီးရီးယားရှိ ဓာတုလက်နက်များကို လုံးဝဖျက်ဆီးပစ်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ အစီအစဉ်အား ထောက်ခံကြောင်းစာကို အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော လုံခြုံရေးကောင်စီက အောက်တိုဘာ ၁၁ ရက်တွင် ဘန်ထံပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တွင် လုပ်ကိုင်နေသော ဘန်၏လက်ထောက် တစ်ဦးဖြစ်သည့် နယ်သာလန် နိုင်ငံသား Sigrid Kaag က ယင်းအဖွဲ့ကို ဦးဆောင်မည် ဖြစ်သည်။

ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီး နှစ် ၁၀၀ နီးပါး အကြာနှင့် ဆီးရီးယားတွင် ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီး ရက် ၅၀ အကြာတွင် OPCW သည် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခံခဲ့ရပြီး နောက်တစ်နေ့တွင် လုံခြုံရေးကောင်စီက ဘန်၏အစီအစဉ်ကို ထောက်ခံခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယား၏ ဓာတုလက်နက် အားလုံးကို ၂၀၁၄ ခုနှစ် နှစ်လယ်မတိုင်မီ ဖျက်ဆီးပစ်ရန်အတွက် ကျွမ်းကျင်ပညာရှင် ၁၀၀ အထိ လိုအပ်နိုင်ကြောင်း မူကြမ်းတစ်ခုကို လုံခြုံရေးကောင်စီထံ ပေးပို့ခဲ့သည်ဟု ဘန်ကပြောကြားခဲ့သည်။ လူတစ်သိန်းကျော် သေဆုံးခဲ့ပြီးဖြစ်သော ဆီးရီးယားတွင် ဓာတုလက်နက်များ ဖျက်ဆီးရန် လုပ်ဆောင်နေသူများမှာ ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကြောင့် မမျှော်မှန်းထားနိုင်သော အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်းလည်း ဘန်ကသတိပေးထားသည်။ ယင်းဓာတုလက်နက်များ ဖျက်ဆီးရေး အဖွဲ့သည် ဒမတ်စကတ်နှင့် ဆိုက်ပရပ်စ်တို့တွင် အခြေစိုက်မည်ဖြစ်ပြီး လက်နက်များ ဖျက်ဆီးမည့် နေရာသို့ သွားရောက်ရန် မလိုပါက ယင်းစခန်းများတွင်သာ နေထိုင်မည် ဖြစ်သည်။

ဆီးရီးယား အစိုးရ ပေးပို့ခဲ့သော ဓာတုလက်နက်များဆိုင်ရာ အချက်အလက်များ ခိုင်မာမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးသည့် လုပ်ငန်းစဉ်များမှာ တိုးတက်မှု ရှိခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...