Sunday, October 13, 2013

ပျက်စီးယိုယွင်းမှု များပြားနေသည့် ရတနာပုံ ခေတ်ဦးလက်ရာ သင်္ဂဇာ သစ်သားကျောင်းတော်ကြီးကို အီတလီနိုင်ငံမှ ပြုပြင်ထိန်းသိမ်းရန် ကမ်းလှမ်း

 Created on Saturday, 13 October 2013


ပျက်စီးယိုယွင်းနေသော ရတနာပုံ ခေတ်ဦးလက်ရာ သင်္ဂဇာ ကျောင်းတော်ကြီးအား တွေ့ရစဉ်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက် အတွင်းရှိ ရတနာပုံ ခေတ်ဦးလက်ရာ တစ်ခုဖြစ်သည့် သင်္ဂဇာ သစ်သားကျောင်းတော်ကြီးအား အီတလီနိုင်ငံမှ ပြုပြင်ထိန်းသိမ်းရန် ကမ်းလှမ်းထားကြောင်း သိရသည်။

နှစ်သက်တမ်း ၁၅၀ ကျော် ရှိနေပြီဖြစ်သည့် အဆိုပါ သစ်သားကျောင်းတော်အား မင်းတုန်းမင်းတရားကြီးက မြန်မာသက္ကရာဇ် ၁၂၂၃ ခုနှစ်၊ ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင် အဂ္ဂဓမ္မာလင်္ကာရ က၀ိဓဇမဟာဓမ္မရာဇာ ဓိရာဇာဂုရု ဘွဲ့တံဆိပ်တော်ရ သုဓမ္မာသာ သနာပိုင် သင်္ဂဇာ ဆရာတော်ကြီးအား ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သင်္ဂဇာ သစ်သားကျောင်းတော်ကြီးကို အီတလီနိုင်ငံက ပြုပြင်ထိန်းသိမ်း ချင်တယ်ဆိုပြီး သီတဂူ ဆရာတော်ကြီးဆီကို လျှောက်ထားထားတယ်လို့ သိရတယ်။ ယဉ်ကျေးမှု ၀န်ကြီးဌာနကိုတော့ တရားဝင် ကမ်းလှမ်းလာမှုတော့ မရှိသေးပါဘူး။ တရားဝင် ကမ်းလှမ်းလာမယ် ဆိုရင်တော့ ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပြုပြင်ထိန်းသိမ်းခွင့် ရမှာပါ။ နောက်ပြီး သင်္ဂဇာ သစ်သားကျောင်းတော်က ပျက်စီးယိုယွင်းမှု များနေတာကြောင့် ပြုပြင်ထိန်းသိမ်းနိုင်မယ် ဆိုရင်လည်း ကြိုဆိုသွားရမှာပါ။ လက်ရှိအချိန်မှာ ရွှေကျောင်းကို အမေရိကန် နည်းပညာ အကူအညီနဲ့ ထိန်းသိမ်းနေပါတယ်။ နောက်ထပ်ထိန်းသိမ်းသွားဖို့အတွက် ရွေးချယ်ထားတာကတော့ သင်္ဂဇာ ကျောင်းတော်ကို ရွေးချယ်ထားပါတယ်" ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ပြုပြင်ထိန်းသိမ်းရန် ကမ်းလှမ်းလာသည့် သင်္ဂဇာ သစ်သားကျောင်းတော်ကြီးအား ရှေးဟောင်းသုတေသန ဌာနမှ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်တွင် ကျောင်းဦးပြာသာဒ်ဆောင်၊ ဓနုဆောင်၊ ဇေတ၀န်ဆောင်မကြီး၊ အရံဇေတ၀န်ဆောင်နှင့် အောက်ခြေသစ်သားတိုင်များအား ပြန်လည်တည့်မတ်ပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ မင်းဆရာတော် တစ်ပါးဖြစ်သည့် သင်္ဂဇာ ဆရာတော်ကြီး သီတင်းသုံးခဲ့သည့်ကျောင်းမှာ လက်ရှိအချိန်၌ ပျက်စီးယိုယွင်းမှု များစွာဖြစ်ပေါ်နေပြီး ပြန်လည်ထိန်းသိမ်း ပြုပြင်ရန် လိုအပ်လျက် ရှိနေသည်။

ယင်းသစ်သား ကျောင်းတော်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ဘေးဒဏ်မှ ကင်းလွတ်ခဲ့ပြီး မန္တလေးမြို့တွင်လည်း မင်းတုန်းမင်းတရားကြီး ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းများတွင် ယခုသင်္ဂဇာကျောင်း တစ်ကျောင်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...